Wednesday, June 9, 2010

သားကောင်း ရတနာ၊ ချွေးမကောင်း ရတနာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆင်ကြပ်ကျေးရွာမှ ဦးမောင်ဘသိန်းသည် သားထူးသားမြတ်ဖြစ်သည်။ သူသည် မိဘနှစ်ပါး၏ ကျေးဇူးကို အထူးပေးဆပ်သူဖြစ်သည်။ သူသည် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ မိဘတို့ကို အထူးပြုစုစောင့်ရှောက်ခဲ့သည်။

တဖက်ကလည်း မိသားစုတာဝန်ကို မလစ်ဟင်းစေရ၊ ဇနီး ဒေါ်စောမြတင်နှင့် သားသမီးတို့ကို ၀တ္တရားကျေပြွန်စွာဖြင့် ကောင်းစွာစောင့်ရှောက်ခဲ့သည်။
ဦးမောင်ဘသိန်းသည် ငယ်စဉ်ကပင် သာသနာ့ဘောင်သို့ ၀င်ရောက်၍ တရားအားထုတ်လိုသော ဆန္ဒ ရှိခဲ့သည်။ သို့ရာတွင် မိဘတာဝန်နှင့် မိသားစုတာဝန်တို့ကို မဆောင်ရွက်နိုင်ဘဲ ပျက်ကွက်သွားမည်စိုးသဖြင့် မိမိဆန္ဒကို မျိုသိပ်ထားခဲ့ရသည်။



အသက် ၅၀-ကျော်အရွယ်သို့ ရောက်သောအခါတွင်ကား ဇနီးဖြစ်သူ ဒေါ်စောမြတင်က ဦးမောင်ဘသိန်း၏ဖခင် (ယောက္ခမ) ဦးစိန်ဘော်၏ တာဝန်ကို၎င်း၊ မိသားစု၏ တာဝန်ကို၎င်း၊ မိမိဦးဆောင် တာဝန်ယူနိုင်သည်။ ဦးမောင်ဘသိန်း ဆန္ဒရှိသည့်အတိုင်း မွန်မြတ်သော သာသနာ့ဘောင်သို့ စိတ်ချမ်းသာစွာ ၀င်ရောက်ပါ-ဟူ၍ ပြောဆိုခဲ့သည်။ ပြောဆိုသည့် အတိုင်းလည်း မိန်းမထူး မိန်းမမြတ် ဖြစ်သည်နှင့် အညီ ဒေါ်စောမြတင်သည် ဦးမောင်ဘသိန်း၏ ဖခင် (ယောက္ခမ) ဦးစိန်ဘော်၏ တာဝန်ကို ထမ်းဆောင်၍ ကောင်းစွာ ပြုစုစောင့်ရှောက် ခဲ့သည်။ တဖက်ကလည်း မိသားစု၏တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။

သို့ဖြင့် ဦးမောင်ဘသိန်းသည် ဆရာတော် ဦးစန္ဒိမာကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းဘ၀သို့ ကူးပြောင်းသွားနိုင်သည်။ ကမ္မဋ္ဌာန်းတရားကို ကြိုးစားကျင့်ကြံ ပွားများအားထုတ်သွားနိုင်သည်။ သူ၏ ရဟန်းဘွဲ့မှာ ဦးက၀ိသာရ၀ံသ ဖြစ်သည်။

ဦးက၀ိသာရ၀ံသသည် စိတ်ထားမွန်မြတ်လှသော ခင်ပွန်း၏ မွန်မြတ်သော ဆန္ဒကို ဖြည့်ဆည်းပေးသော၊ ယောက္ခမကို မိဘရင်းနှင့်မခြား ပြုစုစောင့်ရှောက်နေသော မိန်းမထူး မိန်းမမြတ် ဒေါ်စောမြတင်ကို ကျေးဇူးတင်မဆုံး ရှိနေပေသည်။

မင်းမောင်လွင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: