Wednesday, June 9, 2010

မကောင်းကြံသူ

တော်သလင်းလ၏ နေ့လယ်နေသည် ပူပြင်းလှသည်။ မောင်ကျော်သည် နေပူအောက်မှာပင် ယာခင်းထဲသို့ တောလမ်းအတိုင်း ထွက်ခဲ့၏။ ခင်တန်းများ၊ ယာခင်းအဟောင်းများကို ဖြတ်ကျော်ရင်း တနေရာတွင် သဘာဝအလျောက် ပေါက်နေသော မှိုကျင်းကြီးတခုကို မမျှော်လင့်ဘဲ တွေ့လေသည်။ မှိုကျင်းကြီးမှာ အိမ်ခန်း သုံးခန်းစာခန့် ကျယ်ဝန်း၏။ သို့သော် မောင်ကျော်ထက်ဦး၍ လူတယောက်က မှိုများကို နုတ်နေ၏။

ရွာဓလေ့အစဉ်အလာအရ ပထမဦးစွာတွေ့သူသာ မှိုကျင်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ မောင်ကျော်သည် မှိုကျင်းကြီးကိုကြည့်၍ မတရားနည်းလမ်းဖြင့် ရယူရန် ကြံစည်တော့သည်။ ပထမ မှိုနုတ်နေသူမှာ မောင်ကျော်ရောက်လာသည်ကို မသိဘဲ ချွေးသံရွှဲရွှဲဖြင့် ငုံ့ပြီး မှိုများကို နုတ်နေသည်။ မောင်ကျော်လည်း နောက်ကွယ်ကထိုင်၍ မှိုများကို အလျင်အမြန် နုတ်ယူသည်။

မောင်ကျော်နုတ်သောမှိုများမှာ ပထမလူ နုတ်သော မှိုအရေအတွက်ထက် သာလွန်သွား၏။ ထိုအခါ မောင်ကျော်က ဒီမှာ လူတယောက်လုံးရှိနေတာတောင် ခင်ဗျားက ဘာဖြစ်လို့ ကျုပ်မှိုကျင်းကို ၀င်နုတ်တာလဲ-ဟု ပြောသဖြင့် ပထမမှိုနုတ်သူမှာ ကြောင်တောင်တောင်ဖြစ်သွား၏။
ကျွန်တော်ရောက်တော့ ဘယ်သူမှ မရှိဘူးလားလို့။

ဘယ်ကလာ မရှိရမှာလဲ။ ကျုပ်က ခင်ဗျားအရင် ရောက်နေတာ။ နုတ်ထားတဲ့မှိုတွေကိုလည်း ပြန်ကြည့်ပါဦး။ ကျုပ်ကများတယ်။ ကဲ ကဲ နုတ်ပြီးသားမှိုတွေတော့ ခင်ဗျားယူသွား။ ကျန်တာထားခဲ့။
ပထမလူမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ နုတ်ပြီးသားမှိုများကို ပုဆိုးလုံကွင်းထဲသို့ ထည့်နေ၏။
မောင်ကျော်မှာ အကြံပိုင်လှသော မိမိအဖြစ်ကို ကျေနပ်ရင်း မှိုများကို အားပါးတရ နုတ်တော့၏။ ထိုစဉ် လက်ကို မီးစဖြင့်ထိလိုက်သလို ဖြစ်သွား၍ ခါလိုက်ရာ မြွေကိုက်ခံလိုက်ရကြောင်း သိရ၏။

ကိုက်သောမြွေမှာ အဆိပ်ပြင်းသော မြွေပွေးတကောင်ဖြစ်သည်။ ပထမလူမှာ စိတ်ထားကောင်းသူဖြစ်သည်။ သူသည် မောင်ကျော်ကို ကူညီတွဲကာ ရွာသို့ ပြန်ခဲ့၏။
မောင်ကျော်မှာ အချိန်မီကုသခွင့် ရရှိသည့်အတွက် အသက်မသေသော်လည်း ဆေးကုသစရိတ် များစွာကုန်ကျခဲ့လေသည်။ သူသည် မရိုးသားသော အကြံအစည်ကြောင့် မကောင်းကျိုးကို လက်ငင်းခံစားရလေသည်။

အင်ပင်သန်းဌေးအောင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: