Thursday, June 10, 2010

နာခဲ့ရသော တရားတပုဒ်

မိတ်ကောင်း ဆွေကောင်းတို့သည် တဦး၏ အကျိုးစီးပွားကို တဦးက ဆောင်ပေးတတ်ကြပါသည်။ ထိုကဲ့သို့သော မိတ်ကောင်းတဦးနဲ့ သိကျွမ်းခင်မင်ခဲ့ဖူးပါသည်။ မကွေးတိုင်း ကံမမြို့သား ကွယ်လွန်သူ ဦးစောလွင် (ညွှန်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာ ဦးစီးဌာန၊ အောက်မြန်မာပြည်) ဖြစ်ပါသည်။

တချိန်က သူသည် ကျွန်တော်နှင့်အတူနေထိုင်ခဲ့ဖူးပါသည်။ ကျွန်တော်၏ အိမ်တွင်ပင် အိမ်ထောင်ကျကာ သားတယောက် ထွန်းကားခဲ့ပါသည်။ သူတို့မိသားစုသည် ကျွန်တော့်ကို ဖခင်တဦးသဖွယ် ပြုစုကြပါသည်။ ဆရာတော်ကြီးများကို ပူဇော်၊ ဖူးမြော်၍ တရားဓမ္မများ နာကြား၊ ဆွေးနွေးခွင့်ရရှိစေရန်လည်း စီစဉ်ပေးခြင်းဖြင့် ကျွန်တာ့်ကို ကျေးဇူးပြုခဲ့ကြပါသည်။ ကျေးဇူးအထူးတင်မိပါသည်။

၁၂-၅-၉၁-ရက်နေ့က ဗဟန်းမြို့နယ် အမှတ် ၁၈၅-ဓမ္မစေတီလမ်းရှိ ကျောင်းတိုက်တွင် သီတင်းသုံး နေတော်မူသော အဂ္ဂမဟာပဏ္ဍိတ မိုးညှင်းဝိပဿနာတိုက်သစ် ဆရာတော်ဘုရားကြီးထံ ကျွန်တော့်ကို ဦးစောလွင်က ပို့ပေးခဲ့ပါသည်။
ဆရာတော်ကြီးက ကျွန်တော့်ကို ဦးတည်၍ ဟောကြားသော တရားတပုဒ်ကို နာကြားခွင့် ရရှိခဲ့ပါသည်။ စာရှုသူတို့အား ဓမ္မဒါနပြုသည့်အနေဖြင့် အောက်တွင် ဖော်ပြပေးပါမည်။

(ဆရာတော်ဘုရားကြီး ဟောကြားခဲ့စဉ်က ကျွန်တော် နာယူ ရေးချ မှတ်တမ်းတင်ခဲ့သည့် အတိုင်း တည်းဖြတ်ခြင်းမပြုပါဘဲ ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ဆရာတော်ကြီး ဟောကြားသည်မှာ-
ကောဇာသက္ကရာဇ် ၁၃၅၃-ခု ကဆုန်လပြည့်ကျော် ၁၅-ရက် ပါမောက္ခချုပ်ကြီးအား ဟောကြားသောတရား။

မမြင်အပ်တာ မမြင်အပ်ပေဖို့
မြင်အပ်တာ မမြင်တတ်ကြလို့
အသွင်တရပ်
ပညတ်တွေက အထွေထွေ။

တရားမကြိုက်သူတို့က
အမှားစရိုက်တွေနဲ့
ငါးနှိုက်ရာ
မြွေကိုစမ်းသည့်နှယ်
ဖမ်းတဲ့ပုံပေ။

အမှားအဆိပ် တက်ပြန်တော့
စိတ်ထဲမှာတဝေေ၀
မပြေနိုင် အမှားကြီး။

အမှန်တရားနဲ့
အမှန်ဘုရားကို အထင်မမှားလေနဲ့
သတ္တ၀ါတွေ ရင်ဝယ်သားလိုပါ့
ကယ်ဆယ်တာ မရေနိုင်အောင်များခဲ့ပေါ့
အပါယ်ကို အလွယ်နဲ့မသွားရအောင်
ထားသတိကြီး။

ဤကဗျာ၏ စကားပြေအဓိပ္ပါယ်ကား-
(တရား) နိဗ္ဗာန်ရောက်ရန် တရားအားထုတ်ရာ၌ ပညတ်သည် မကြည့်အပ်သော တရားတည်း။
ပရမတ်သည် ကြည့်အပ်သော တရားတည်း။
မကြည့်အပ်သော ပညတ်တွေသာ ကြည့်နေကြသည်။
ကြည့်အပ်သော ပရမတ်ကို မကြည့်ပေ။
လောကကြီး၌ ပရမတ်တွေ ပေါင်းစုနေသော ပညတ်တွေ များလှ၏။
ထိုပညတ်ပင် အဟုတ်ထင်ကြ၏။
ခင်မင်ကြ၍ နှစ်သက်ကြ၏။
အမှန်ကား ထိုခင်မင်သော ပညတ်သည် ပရမတ်တရားသာ အရင်းခံတည်း။

ဥပမာ-
လူတယောက် ငါး-လိုချင်၍ မြစ်ကမ်း ငါး-နှိုက်၏။ လက်နှင့်စမ်းမိ၏။ မြွေကြီးစမ်းမိ၏။ မမြင်ခင်က ငါး-ထင်၏။ နှစ်သက်၏။ လက်ထုတ်ကြည့်လိုက်မှ နှစ်သက်သော ငါး-မဟုတ်။ မြွေကြီးဖြစ်နေသည်ကို မြင်၏။ ထိုအခါမှ ကြောက်၏။ ကြည့်လေလေ ကြောက်လေလေ ဖြစ်၏။ လက်ထဲ ကြာကြာမကိုင်ချင်တော့။ လွတ်ရာလွှင့်ပစ်လိုလား၏။ လက်ကလွတ်သွားမှ စိတ်ချမ်းသာ လက်ချမ်းသာ ၀မ်းသာ၏။

ဤဥပမာအတိုင်း ငါး-လိုချင်သောသူနှင့် တရားအားထုတ်သောသူ တူ၏။
မမြင်ခင် ငါး-ထင်တာနဲ့ တရားမမြင်ခင် ငါ-ထင်တာ တူ၏။
လက်ထုတ်ကြည့်မှ ငါး-မဟုတ်၊ မြွေမှန်း သိသလို တရားအားထုတ်သောအခါမှ ငါ-မဟုတ်၊ ရုပ်နာမ်တွေမှန်း
မြင်၏။
ကြာကြာမြင်လေလေ ကြောက်လေလေ ဖြစ်၏။ လက်ထဲ ကြာကြာမထားချင်၊
လွှင့်ပစ်တာနဲ့ ရုပ်နာမ် မနှစ်သက်၍ မကြည့်ချင် စွန့်ပစ်၍ ရုပ်နာမ်ငြိမ်းသော နိဗ္ဗာန် မြင်တာနဲ့ တူ၏။

လက်တွေ့ကျင့်ရန်ကား-
ရုပ်နာမ်ခွဲခြမ်း၍ သိစွမ်းနိုင်သူကို ဘုရား ချီးမွမ်းတော်မူ၏။
ရုပ်နှင့်နာမ် ခွဲခြမ်း၍ သိစွမ်းနိုင်က အနိစ္စဉာဏ်လည်း ပေါက်၏။
ဒုက္ခဉာဏ်လည်း ပေါက်၏။
အနတ္တဉာဏ်လည်း ပေါက်၏။
နိဗ္ဗာန်လည်း ရောက်၏။
ခွဲခြမ်း၍ကြည့်ရန် အလုပ်ကား မျက်စိနှင့်အဆင်းမြင်လျှင် မြင်သိစိတ်သည် ငါမဟုတ်၊ လူမဟုတ်၊ အစုအခဲမဟုတ်၊ တခုတည်းဖြစ်သော သဘာဝတရားတည်း။

ထိုတရားသည် မြင်ပြီးပျက်၍ မမြဲသော အနိစ္စတည်း။
မြင်ပြီးပျက်စီး၍ ဘာမျှမကျန်၊ ဘာမျှမရှိ အချည်းနှီးတည်း။
ပျက်စီး၍ အချည်းနှီး ဖြစ်ပုံကို ဥပမာ-ဘုရားဟော၏။
ရဟန်းတို့ မိုးရွာသောအခါ ရေထဲ၌ ရေပွက်တွေပေါ၏။ ထိုရေပွက်တို့သည် ကြာကြာမခိုင်၊ ကြာကြာမခံ၊ မြန်မြန်ပျက်ကြ၏။ ပျောက်ကြ၏။ ဘာမျှမကျန်၊ ဘာမျှ မရှိ အချည်းနှီးထဲ ရောက်ကြ၏။
ထို့အတူ ရုပ်တရား နာမ်တရားတွေ ဤဥပမာအတိုင်း မြင်အောင် ကြည့်လေ။
ဤကား ဒါယကာကြီး အလုပ်လုပ်ရန် ပြခြင်းတည်း-ဟူ၍ ဖြစ်ပါသည်။ ၁၀-နာရီ၊ ၁၂-၅-၉၁-တွင် ပြီးဆုံးသည်။

ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်မှာ-
လူများသည် အပြင်ကြောင့်လည်း ပူ၏။ အတွင်းကြောင့်လည်း ပူ၏။
အတွင်းပူ၊ အပြင်ပူ၊ လူတိုင်း ပူ၏၊ အထက်မီး၊ အောက်မီးမုန့်နှင့် တူ၏-ဟု၍ ဖြစ်ပါသည်။

ကျွန်တော်တို့တတွေ လောကီအပူဒဏ် ခံစားနေကြရသည်ကိုမြင်၍ ကရုဏာသက်မိဟန်တူပါသည်။ ထို့ကြောင့် ဆရာတော်ကြီးက လွတ်ရာလွတ်ကြောင်း နည်းလမ်းပေးခြင်း ဖြစ်ပေသည်။ သည်နည်းမှာ မြတ်စွာဘုရား ပေးတော်မူသောနည်း ဖြစ်ပါသည်။ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ပွားများရသောနည်း ဖြစ်ပါသည်။ ၀ိပဿနာတရားကိုလည်း အခါအခွင့်သင့်ပါမှ ပွားများ၍ ရပေသည်။

ဝိပဿနရာတရားဆိုသည်မှာ သာသနာပတွင် မရှိ။ သာသနာတည်ရှိခိုက်တွင်သာ ပေါ်ထွန်းသည်။ ယခုခေတ်အခါသည် သာသနာတော် တည်ရှိဆဲခေတ်အခါဖြစ်သည်။ သူတော်ကောင်းတရားတို့ကို သင်ပြပေးနိုင်သည့် ဆရာကောင်း၊ သမားကောင်းတို့လည်း ရှိကြဆဲဖြစ်သည်။ သည်အခွင့်အရေးများကို လက်လွတ်မခံပါဘဲ အသုံးချတတ်ရန်သာ လိုပေသည်။ အသုံးချဖို့ သတိရနိုင်ကြစေရန် ရည်၍ ဤစာစုကို ပြုစုပြီး ဓမ္မဒါနပြုခြင်း ဖြစ်ပါသည်။ စာရှုသူတို့ ၀ိပဿနာတရားကို ပွားများနိုင်ကြပြီး မိမိတို့ လိုလားအပ်သည့် နိဗ္ဗာန်ချမ်းသာသို့ ချမ်းသာသော အကျင့်ဖြင့် ဆောလျဉ်စွာ ရောက်ရှိနိုင်ကြပါစေ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

တင်ဦးလှိုင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: