Tuesday, June 8, 2010

ရွှေပြည်ဝန် ယောမင်းကြီး ဦးဖိုးလှိုင်၏ ဘ၀နှင့်ပညာ

အိမ်း၊ ယောဆိုတာ လူတတ်ကွဲ့။ သူဟာ ပထမတန်း ပညာရှိကြီးပဲ။ စကားဆန်း အင်မတန်ပြောတတ်တဲ့လူ။ သူပညာရှိမို့ သူပြောတဲ့စကား ငါမှတ်ထားတာပဲ...
စသည်ဖြင့် ရွှေပြည်ဝန် ယောမင်းကြီးဦးဖိုးလှိုင်၏ အတွေးအခေါ် အယူအဆများနှင့် ပတ်သက်၍ ကမ္ဘာကျော် သာသနာပြု လယ်တီဆရာတော်ဘုရားကြီးက ထိုသို့ မှတ်ချက်ချ၍ မိန့်ဆိုတော်မူခဲ့ဖူးသည်။

နောင်တချိန်တွင် လယ်တီဆရာတော်ဘုရားအဖြစ် ထင်ရှားကျော်ဇောလာမည့် ရဟန်းတော် အရှင်ဉာဏဓဇသည် ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ခေတ်ရှေ့ပြေး အတွေးအခေါ်များနှင့် ခေတ်မီသော စာရေးနည်း၊ ရေးဟန်များကို အားကျအတုယူလို၏။ ထို့ကြောင့် စာချ၊ စာဝါနားရက်များတွင် ယောအတွင်းဝန်ထံ ကြွရောက်၍ ပိဋကတ်တော်၌ ယူဆပုံ၊ ယူဆနည်း၊ မြန်မာစာ ရေးနည်းများကို နည်းခံခဲ့လေသည်။

ထိုအခါ ယောအတွင်းဝန်က ပိဋကတ်ဆိုင်ရာ အတွေးအခေါ် အယူအဆများကို ပြောကြားလျှောက်ထားရုံမက ဦးပဉ္ဖင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ရင် ကထာဝတ္ထုအဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ-
ဟူသော သြ၀ါဒစကားဖြင့် နည်းပေးညွှန်ကြား လျှောက်ထားခဲ့လေသည်။

ကထာဝတ္ထုပါဠိတော်မှာ အဘိဓမ္မာ ခုနစ်ကျမ်းအနက် ၅-ခုမြောက်ကျမ်း ဖြစ်သည်။ ဘီစီ ၃-ရာစုတွင် ထင်ရှားသော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က မိစ္ဆာဒိဋ္ဌိ ဂိုဏ်းကြီး ၆-ဂိုဏ်းတို့၏ အယူဝါဒကို ချေဖျက်နိုင်ရန် ဘုရားရှင်ဟောကြားထားခဲ့သော မာတိကာကို အကျယ်ချဲ့၍ ဟောကြားထားသောကျမ်းဖြစ်သည်။

ယောအတွင်းဝန်၏ သြ၀ါဒစကား လျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထုပါဠိတော်၊ အဋ္ဌကထာကို အထူးကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့လာထားသည်။ သို့အတွက် မင်းတုန်းမင်းတရားကြီး ပဉ္စမသင်္ဂါယနာတင်တော်မူရာတွင် ဗြဲတိုက်တော်ရာဇပလ္လင်ထက်၌ ကထာဝတ္ထု ပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

ယောအတွင်းဝန်၏ သြ၀ါဒအတိုင်း ကမ္ဘာကို ဗုဒ္ဓသာသနာ ဖြန့်ချိလိုသူတိုင်း ကထာဝတ္ထုပါဠိတော်နှင့် အဋ္ဌကထာမှာ မဖြစ်မနေ လေ့လာသင့်သောကျမ်းဖြစ်သည်။
မြန်မာနိုင်ငံတ၀န်းရှိ ရဟန်းရှင်လူများသာမက ကမ္ဘာ့ပညာရှင်အများစုကပါ ပညာရှိတဆူအဖြစ် သတ်မှတ်ခဲ့သော ယောမင်းကြီးဦးဖိုးလှိုင်သည် ဘကြီးတော်မင်းတရားလက်ထက် ၁၁၉၁-ခု၊ နှောင်းတန်ခူး လဆန်း ၁၀-ရက်၊ သောကြာနေ့တွင် ရေနံချောင်းမြို့စား၊ ယင်းတောဝန်ကြီး သတိုးမင်းလှကျော်ထင်နှင့် ၀န်ကတော် ဒေါ်ငြိမ်း (မွန်အမျိုးသမီး) တို့မှ ဖွားမြင်သည်။ ဖွားရာဒေသကား စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွာပုလဲရွာ (ယခင် မြင်းခြံမြို့ အထက် တလုပ်မြို့အနီး) ဖြစ်သည်။ နာမည်ကျော် သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဇာတိ မြောင်မြို့နယ်၊ ပေါက်ချောင်းကျေးရွာနှင့် နီး၏။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနဖူး၌ တည်ရှိလေသည်။ ငယ်မည် မောင်ဖိုးလှိုင်၊ ချစ်စနိုးဖြင့် မောင်လှိုင်-ဟု ခေါ်ဝေါ်ကြသည်။

မောင်ဖိုးလှိုင် ရှင်သာမဏေပြုရန် အရွယ်ရောက်သောအခါ တလုပ်မြို့ ကပို့ရွာဆရာောတ်၏ ထံပါး၌ ရှင်သာမဏေပြု၍ ပညာသင်ယူစေသည်။
တဖန် အသက် ၁၇-နှစ်အရွယ်တွင် မင်းတုန်းမင်းသား၏ ကူညီစောင့်ရှောက်မှုဖြင့် ပင်းဆရာတော်၊ ပြည်ဆရာတော်နှင့် ဗားကရာ သာသနာပိုင် ဆရာတော်တို့ထံတွင် ဆက်လက်၍ ပညာသင်ယူ၏။

မင်းတုန်းမင်းနန်းတက်သောအခါ မောင်ဖိုးလှိုင်းကို ဘုရင်နှင့် မိဖုရားခေါင်ကြီး စကြာဒေ၀ီတို့က မွေးစားသားအဖြစ် မင်းသားအဆောင်အယောင်နှင့် ယောမြို့စား ခန့်လေသည်။ မောင်ဖိုးလှိုင် အသက် ၂၄-နှစ်အရွယ်တွင် မကွေးမြို့စားဝန်ကြီး၏ သမီးငယ် ခင်ဖြူနှင့် လက်ထပ်ထိမ်းမြားလေသည်။

ဦးဖိုးလှိုင်သည် မင်းတုန်းမင်းနှင့် သီပေါမင်းခေတ်ကို ပြုပြင်လိုသော ပြုပြင်ရေးခေါင်းဆောင်ကြီး ဖြစ်လာ၏။ တိုင်းပြည်ကို ခေတ်မီစက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲရန်နှင့် သက်ဦးဆံပိုင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဘောင်အတွင်း ဘုရင်စနစ်သို့ ကူးပြောင်းရန် ကြိုးစားခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းသည် ဂျပန်ပြည် မေအိဂျိခေတ်၌ ထွန်းကားစပြုနေသော ပညာရေးစနစ်နှင့် တန်းတူယှဉ်နိုင်ခဲ့၏။ အာရှနိုင်ငံများ၌ မြန်မာတို့ တာထွက်များစွာစောခဲ့၏။ ခေတ်သစ်နိုင်ငံတော် ထူထောင်ရန် ပြောင်းလဲမှုအ၀၀တွင် ယောအတွင်းဝန်၏ ကြိုးပမ်းမှုများစွာပါဝင်ခဲ့ပေသည်။

ဦးဖိုးလှိုင်သည် သက်ဦးဆံပိုင် ဘုရင်စနစ်၏ မင်းမှုထမ်းဘ၀တွင် ၆-ကြိမ်မျှ ရာထူးကျခဲ့ဖူး၏။ သို့သော် မိမိရာထူးကျလိုက ကျပါစေ။ တိုင်းပြည်ကောင်းစားရေးအတွက်ဆိုပါက ရှင်ဘုရင်အား မှန်ရာကိုပင် လျှောက်တင်မြဲဖြစ်၏။ သက်ဦးဆံပိုင်ခေတ်၌ အဆုံးမစီရင်ခံရသည်ကိုပင် သူ၏ကံကြမ္မာနှင့် ဂုဏ်ဒြပ်ကြီးမားမှုကြောင့်ဟု ဆိုနိုင်သည်။ ဘုရင်မျက်၍ ရာထူးကျလျှင် အမရပူရသို့သွား၍ ခြံလုပ်ရင်း အေးအေးဆေးဆေး စာရေး၏။ ရာထူးရှိစဉ်ကပင် သားမယားများကို ရက်ကန်းရက်၊ ဈေးရောင်း သင်ပေးထား၏။ လောကဓံကို အမြဲကြိုတင်တွက်ဆထားသူပီပီ ရာထူးမဲ့ဘ၀၌ ကုန်သည်၊ လယ်လုပ်၊ သမ္မာအာဇီဝလုပ်ငန်းတို့ဖြင့် ရပ်တည်နိုင်သူဖြစ်၏။ ထိုအချိန်၌ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုစာပေများသာမက ဘာသာရေးကျမ်းစာများပါ ပြုစုနိုင်လေသည်။

ဦးဖိုးလှိုင်ပြုစုသော လိပိဒီပိကာ-ခေါ် ကြေးနန်းရိုက်နည်းကို အင်္ဂလိပ်တို့က မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုအသုံးချကြသည်။
ဦးဖိုးလှိုင် ပြုစုသော ကျမ်းတို့တွင် ကာယာနုပဿနာကျမ်း၊ ဉာဏ်စဉ် ၁၀-ပါးအကျဉ်း၊ ၀ိမုတ္တိရသကျမ်း၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်း၊ မဟာသုဇာတကကျမ်း(ဗေဒင်) တို့အပြင် မြင်းမွေးနည်း၊ ကဗျာစပ်နည်း၊ သဒ္ဒါရေးနည်း စသည်ဖြင့် ပညာရပ်မျိုးစုံ ပါဝင်၏။

မြန်မာ့စွယ်စုံကျမ်း၌ ယောအတွင်းဝန် ဦးဖိုးလှိုင်အား မြ၀တီမင်းကြီး ဦးစ-၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသူ နှလုံးရည်တော်လှန်ရေးသမားအနေနှင့် ယခုခေတ်လူတို့ ပူဇော်သက္ကာရပြုထိုက်သူ အဖြစ် တင်ပြထားပေသည်။

ဦးဖိုးလှိုင်သည် သီပေါမင်းအား ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားတင်ဆက်ပြီး ရက်ပေါင်း ၅၀-ကြာလျှင် ရာထူးမှ နောက်ဆုံးပိတ် ရုပ်သိမ်းခြင်းခံရလေသည်။ ထို့နောက် မဟာသုဇာတက ဗေဒင်ကျမ်းကို ပြုစုရင်း မိမိ၏ အသက်အပိုင်းအခြားကို တွက်စစ်ကြည့်ပြီး ဖြစ်ပေမည်။ ထိုကျမ်းကိုရေးပြီးသည့်နောက် အလွန်ဝါသနာပါသော ကျမ်းစာများပြုစုခြင်းကိုပင် ရပ်နားလျက် သေမင်းနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်နေဟန်တူပါသည်။

ဦးဖိုးလှိုင်သည် မရဏမင်းနှင့် ရင်ဆိုင်ရမည့်အရေး၌ တုန်လှုပ်ကြောက်လန့်ခြင်း ကင်းကင်းဖြင့် စုတိခါနီး ကြိုတင်ပြင်ဆင်ထားပုံကို မှော်ဘီဆရာသိန်းကြီး၏ မှတ်တမ်း၌-
ရွှေပြည်ဝန်မင်းသည် အာယုဒါယအပိုင်းအခြားကို နားလည်သောသဘောအားဖြင့် တလလောက်ကြိုတင်၍ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ စစ်ကိုင်းမြို့တွင်နေလျက်ရှိသော ဦးတူဆိုသူကိုခေါ်စေ၍ မောင်တူ မင်းနဲ့ငါ ငယ်သူငယ်ချင်း၊ များစွာ ချစ်ကျွမ်းဝင်သူ ဖြစ်ကြသည်။ ငါ့ကို မင်းကြီးဟု စိတ်ကစွဲလျက် ရိုသေခြင်း၊ ဘုရားထူးခြင်း၊ မပြုနဲ့။ ကျောင်းမှာနေတုန်းကလို ငါ့ကို ဖိုးလှိုင်ပဲခေါ်။ မင်းကိုလည်း မောင်တူပဲ ခေါ်မည်။ သူငယ်ချင်း ကျောင်းသားစိတ်မျိုးနှင့် စကားပြော၍ ငါ့အနားမှာ တလနေပါ။ မင်း-သားမယားစားသုံးရန် ငွေဒင်္ဂါး ၂၀၀-ကို လူကြုံနဲ့ ကြည့်၍ပို့လိုက်။ ငါ့ကို မင်းကျွေးချင်တာနဲ့ ကျွေး၊ ငါ့ကို ဘာစားမလဲ မမေးနဲ့။ မင်းကျွေးတာကို ငါစားမည်။ မင်းပြောတာကို ငါးနားထောင်မည်။ သည်အခန်းကို ၀န်ကတော်မှစ၍ မည်သူမျှ မ၀င်စေနဲ့-ဟု စည်းကမ်းထားလျက် နှစ်ယောက်သား ငယ်ငယ်တုန်းကလို ပြောဆိုရယ်မော၊ ကျောင်းမှာနေစဉ်က စာများကို တယောက်တလှည့် အံကြလေသည်။ ရံထန်ရံခါ ရယ်စရာများကို ပြောကြလေသည်။ နေ့စဉ် ညဥ့်အိပ်ခါနီး ၀တ်တက်၊ ဦးတူအား မဟာသတိပဋ္ဌာန်သုတ်တော်ကို ရွတ်စေရာ နာယူပြီးမှ သာဓုခေါ်၍ အိပ်သည်။

နောက်တလစေ့ရောက်သည့် ညကျသောအခါ လေးချက်တီးကျော်ချိန်တွက် မောင်တူ-ယနေ့ ငါ စောစောအိပ်မည်။ မင်း ငါ့ကို သတိပဋ္ဌာန်တရားတော်နဲ့ ရွတ်ဆိုသိပ်ပါကွယ်။ ငါ တရားနာရင်း အိပ်ပါရစေ၊ သုံးချက်တီးကျော်သောအခါ ငါ့ကို နှိုးပါကွယ်-ဟု မှာထားအိပ်လေသည်။

ဦးတူလည်း ပြောသည့်အတိုင်း သတိပဋ္ဌာန်တရားတော်ကို မပြတ်ရွတ်ဆိုရာ သုံးချက်တီးကျော်၍ နှိုးသောအခါ မနိုး၍ လက်နှင့်ကိုင်ကြည့်ရာ တောင့်လျက် ၀ိညာဉ်ချုပ်ပြီး ဖြစ်နေရှာသည်ကို တွေ့ရလေသည်။
ထိုနေ့ကား ၁၂၄၅-ခု ၀ါခေါင်လပြည့်ကျော် ၈-ရက်နေ့ ညဥ့် ၃-ချက်တီးကျော်အချိန် ဖြစ်လေသည်။

အရှင်ဓမ္မပိယ (ထုံးတောင်တောရ)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: