Monday, June 28, 2010

ထိုတနေ့ ( ဇရာ ဗျာဓိ ဆင်ခြင်မိခြင်း)

ယနေ့ကား ၂-၄-၀၇ ဖြစ်၏။
စာရေးသူသည် ဘုတလင်မြို့နယ် သခွတ္တနယ် အ-ထ-က ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းဆောင်ဆဲဖြစ်ပါသည်။ အသက် ၈၆-နှစ်အရွယ်ရှိ ယောက္ခမကြီးကို ဇနီးဖြစ်သူက မငြိုမငြင် ဝေယျာဝစ္စပြုစုလျက်ရှိပါသည်။

ယနေ့ကား ဇနီးဒေါ်ခင်ဆွေသည် သားကြီးမောင်သက်နိုင်ဦးနှင့်အတူ မုံရွာသို့ ဈေးဝယ်သွားသည့်အခါ စာရေးသူနှင့် သားငယ် မောင်သက်နိုင်ဇော်တို့သည် အိမ်စောင့်ရင်း ဈေးရောင်းရင်း ကျန်ရစ်၏။
နေ့လယ်ခင်းတွင် အိပ်ရာထက်မှ ယောက္ခမကြီးက ငါ-အပြင်ထွက်တော့မယ်ဟေ့-ဆိုသဖြင့် အိမ်ထဲက ခုတင်မှသည် အပြင်တန်းလျား (မီးဖိုထဲ)သို့ တွဲပို့ရပါသည်။

ထိုတန်းလျားသို့ရောက်ရန် ခြေလှမ်းပေါင်း ၆၀-ခန့် လှမ်းရပါသည်။ သာမန်အနေဖြင့် ခြေလှမ်း ၁၂-လမ်းခန့်သာ ရှိပါလိမ့်မည်။
တန်းလျားမှာ နေရာချထားပြီးသည့်အခါ ထမင်းစားချင်သည်ဆိုသဖြင့် ကျွေးမွေးရပေ၏။
ထို့နောက် ရေချိုးမည်ဆိုသဖြင့် ရေချိုးကျောက်ပျဉ်သို့ တွဲပို့ရ၏။ ထိုအခါမှာလည်း ခြေလှမ်းပေါင်း ၅၀-ခန့်မျှ ခက်ခက်ခဲခဲ လှမ်းရပါပေသည်။

ဇရာအို ယောက္ခမကြီး၏ ခြေလှမ်းများသည် ခြေလှမ်းစိပ်စိပ်မျှသာ ဖြစ်သည်။ ရှေ့ခြေလှမ်းနှင့် နောက်ခြေလှမ်း သည် လက်တဖ၀ါးခန့်သာ ကွာခြားပေ၏။ သာမန်အနေဖြင့် ခြေလှမ်းပေါင်း ၁၀-လှမ်းစာမျှသာ ရှိပါပေသည်။ သို့ဖြစ်ပေရာ ဇရာခြေလှမ်း၊ ဘယ်လိုလှမ်းလည်း၊ လှမ်းစိပ်စိပ်မျှ၊ ဗျာဓိပြသည်၊ မရဏခရီး၊ နီးပြီတကား-ဟု ရှုမြင်မိပါသည်။

ယောက္ခမကြီးမှာ ခေါင်းမှဆံပင်ကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ထားခြင်းအရ ဆံတိုစုတ်ဖွား ဖြူကြောင်ကျား ဖြစ်နေပါပြီ။ ခေါင်းတုံးတုံးရအောင်ဆိုသည်ကို မနေတတ်ဆိုသဖြင့် ကတ်ကြေးဖြင့်သာ ကိုက်ထားရခြင်း ဖြစ်သည်။
ရေချိုးပြီး ထမည်ပြုသော် သူ့ဘာသာ မထနိုင်သဖြင့် ထူမပေးရပါပေသည်။ သူ့ထမီ သူလည်းယူငင်မ၀တ်နိုင်ပါပြီ။ ထမင်းစားလျှင်လည်း လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှသာ စားနိုင်ပါသည်။

ခန္ဓာဟုဆို၊ ရှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့၌၊ စုတေ့မမြဲ၊ ပြိုကွဲအားလုံး၊ သေခြင်းဆုံး၏-ဟူသည်ကို သံဝေဂရယူမိပါ၏။
ခန္ဓာရထား၊ သံသရာသွား၊
လေးပါးဘူတာ၊ ဆိုက်ရရှာ။
ဇာတိမှထွက်၊ ဇရာဆက်၊
နာချက် မရဏာ၊ လေးဘူတာ-ဟူသည့် ကြားနာရမှုနှင့်အတူ သံဝေဂယူမိပါသည်။

၂၀၀၇-ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်ပါ ဆရာသိပ္ပံစိုးလှ-၏သတိသံဝေ ယူကြပေရော့-ဟု အိုခြင်း၊ နာခြင်း ဒုက္ခကို ဖော်ပြချက်အား စွဲမြဲမိခြင်းနှင့်အတူ လက်တွေ့ဆင်ခြင်မိပါသည်။ ထိုသို့ ရှုမြင်ဆင်ခြင်မိရင်း
တနေကွယ် သေနယ်သို့ တခါကူး၊
မေ့လျော့ကာ သေဘူးထင်ပါနဲ့ ၊
နေကွယ်တာ အချိန်များရင်ဖြင့်၊
သေနယ်ရွာ တကြိမ်သွားပါလိမ့်ကွယ်၊
တားမရဘူး။
ဟူသည်ကို ထပ်ဆင့်သံဝေဂ ပွားမိပါတော့သတည်း။

ဝင်းမောင် (မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: