Thursday, June 10, 2010

ထူးခြားသော ဖြစ်ရပ်မှန်

ကျွန်တော်သည် တောင်ဒဂုံမြို့နယ် ၂၅-ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စက်မှုဇုန် ၁-ရှိ ကုမ္ပဏီတခုမှ စာရင်းကိုင် ၀န်ထမ်းလည်း ဖြစ်ပါသည်။ အသက် ၆၀-ကျော် မိဘနှစ်ပါးကို တတ်စွမ်းသမျှ အလုပ်အကျွေး ပြုနေသူတဦးလည်း ဖြစ်ပါသည်။

အကို အမများမှာ အိမ်ထောင်အသီးသီးကျပြီး ပြောင်းရွှေ့သွားကြရာ ကျွန်တော်အလုပ်သွားချိန်တွင် အိမ်၌ အဖေနှင့်အမေသာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တဦးပီပီ ဘာသာရေးဘက်တွင် နားလည်သလောက် လေ့လာလိုက်စားပါသည်။ မြတ်မင်္ဂလာ၊ ဓမ္မရံသီ အစရှိသော စာစောင်များ ဖတ်ရှုခြင်း အခါအားလျော်စွာ တရားနာယူခြင်း တရားရှုမှတ်ခြင်းများကို အခါအခွင့်သင့်တိုင်း ကြိုးစားပြုလုပ်တတ်ပါသည်။

၂၀၀၇-ခုနှစ် ဇွန်လ၏ မိုးသည်းသော နေ့တနေ့။
ကျွန်တော် ရုံးမှပြန်လာချိန် ညနေပိုင်းတွင် အိမ်မှာ အဖေမရှိပါ။ မကွေးမှ ဆွေမျိုးများထံ အလည်အပတ်သွားနေရာ အမေသာ ထမင်းဟင်းချက်ရင်း စောင့်နေပါသည်။ ရောက်လျှင်ရောက်ချင်း အိမ်ရှေ့ခန်းမျက်နှာကြက်မှ မီးလုံးဟောင်းကို လဲလှဲနေစဉ် ဝေါ-ခနဲ မြည်ဟည်းလာသည့် ထူးဆန်းသောအသံကြီး နှင့်အတူ မုန်တိုင်းဟေ့၊ မုန်တိုင်း ဆိုသော ဆူညံသော သတိပေးသံများ ထွက်ပေါ်လာပါသည်။

သား ဘာသံကြီးလဲ။
လာ လာ အမေ၊ ဒီအခန်းထောင့်မှာ ၀ပ်နေလိုက်။
အမေ့ကို အကာအကွယ်ပြု ၀ပ်နေကြစဉ်မှာပင် အိမ်ခေါင်မိုး သွပ်ပြားများသည် လေပြင်းနှင့်အတူ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြသည်ကို တအံ့တသြ ခံစားသိရှိလိုက်ရပါသည်။ အချိန်တိုလေးအတွင်းမှာပင် အင်အားပြင်းထန်သော လေဆင်နှာမောင်းတိုက်ခန်မှု ရပ်ဆိုင်းသွားပါသည်။

သို့ရာတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အိမ်ခေါင်မိုးများ၊ ဆိုင်ခန်းအမိုးများမှာ လွင့်ထွက်ပျက်စီးသွားကြသလို သစ်ကိုင်းကြီးများ ကျိုးကြေပြီး ပိကျမှုဒဏ်ကြောင့် အချို့ ပြိုပျက်ကုန်ကြပါသည်။ ရုတ်တရက် သတိပြန်ဝင် လာချိန်တွင် မြင်တွေ့ရသော မြင်ကွင်းများကြောင့် ကျွန်တော်များစွာတုန်လှုပ်မိပါသည်။ ကျွန်တော်တို့၏ အိမ်တဆောင်လုံးနီးပါး သွပ်ချပ်များ ကွာကျသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်နေပါသည်။ သွပ်ချပ်အနည်းငယ်သာ ပြန်လည်ကောက်ယူနိုင်သော အခြေအနေတွင် ရှိနေပါသည်။ ပတ်ဝန်းကျင်မှာလည်း အော်သံ ဟစ်သံ အထိတ်တလန့် အကူအညီတောင်းသံများကို စိတ်နှလုံး မချန်းမြေ့ဖွယ်ရာ ကြားနေရပါသည်။

မောင်ထက်မြတ်၊ လောလောဆယ် တာလပတ် မိုးထားလိုက်ပါလား။
ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော့ကို နည်းနည်းဝိုင်းကူကြပါ။ အဖေကလည်း မကွေးသွားနေလို့။
ရပါတယ်၊ တို့အိမ်ပြီးရင် လာခဲ့မယ်။
အိမ်နီးနားချင်းတို့၏ အကူအညီကို ရယူပြီး ယာယီအမိုး ပြုလုပ်ထားရပါသည်။ သွပ်မိုးနှင့် သစ်သားတန်းများ ပျက်စီးဆုံးရှုံးမှုများကို တွေးတောရင်း အမေလည်း အတော်ပင် ၀မ်းနည်းလျက်ရှိနေပါသည်။

အမေ သိပ်လည်း ၀မ်းနည်းမနေပါနဲ့၊ လူမထိခိုက်တာဘဲ တော်လှပါပြီ။
အေးပါ သားရယ်၊ ဒါပေမယ့် ဒီသွပ်ပြားတွေ ပြန်ဝယ်မိုးဖို့ဆိုတာ. . .
မှန်ပါသည်။ ကျွန်တော့်အပေါ် စာနာသော အမေက ငွေကြေးကုန်ကျမှု အတိုင်းအတာအတွက် တွေးတောပူပန်သလို ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိဈေးနှုန်းအရ သွပ်ချပ်တန်ဖိုးကို သိရှိထားသူဖြစ်ရာ စိတ်ထဲ လေးလံနေမိပါသည်။

အားမငယ်ပါနဲ့ အမေရယ်၊ သားလစာထဲက ဖဲ့ပြီး စုထားတာလေးတော့ ရှိပါသေးတယ်။
အဲဒါ မင်းခရီးထွက်ဖို့ စုထားတာမဟုတ်လား။ အမေ နှမြောလိုက်တာကွယ်။
ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း အမေရယ်။
ညနေ ၆-နာရီခန့်တွင် ရပ်ကွက်အတွင်းမှ လေပြင်းဒဏ်လွတ်မြောက်သူ စေတနာရှင်များက ထမင်းထုပ်များ၊ ဘီစကွက်ထုပ်များကို တတ်အားသမျှ လိုက်လံဝေငှကာ အားပေးစကားများ ပြောကြားကြသည်။ သူတို့ကျေးဇူးကြောင့် စိတ်အားငယ်မှုများ အတော်အတန် ပြေပျောက်ခဲ့ရပါသည်။

လေပြင်းဒဏ်လွတ်မြောက်သူများထဲတွင် ကျွန်တော်နှင့် တရုံးတည်းသား သူငယ်ချင်းကိုနန္ဒလည်း ပါဝင်သည်။
ဘာမှ အားမငယ်ပါနဲ့။ လိုတာရှိရင် တို့ကိုပြော-ဟု အားပေးစကား ဆိုလာသည်။ ကျေးဇူးတင်စွာဖြင့် ကျွန်တော် နက်ဖြန် အိမ်ပြင်ဖို့ ရုံးကို ခွင့်တင်ပေးပါ-ဟု အကူအညီတောင်းဆိုရပါသည်။
ထိုနေ့ညက မိုးတစိမ့်စိမ့် ရွာသွန်းနေရာ အမိုးအကာ မလုံခြုံသောကြောင့် ကျွန်တော်နှင့်အမေတို့ အိပ်လို့မပျော်ကြပါ။ လေပြင်းမုန်တိုင်း နောက်တချီ ထပ်လာဦးမလားဆိုသော စိုးရိမ်စိတ် ရောပြွန်းနေ သောကြောင့်လည်း ဖြစ်ပါသည်။

သား ဘုရားရှိခိုးပြီးပြီလား။
ဟုတ်ကဲ့ သား အခုပဲ ရှိခိုးတော့မလို့ အမေ။
အေးကွယ် မြတ်စွာဘုရားမှတပါး အားကိုးစရာ မရှိပါဘူး။ သားလည်း ဘုရားမှာဆုတောင်းဟုတ်လား။
ဟုတ်ကဲ့ပါ အမေ။

အမေ့ကို ကတိစကားဆိုရင်း အိမ်ရှေ့ဘုရားစင်ရှေ့တွင် ကျွန်တော် ဒူးတုပ်ထိုင်ချလိုက်ပါသည်။ ဆီမီးထွန်းညိပူဇော်ထားသည့်အတွက် ကျောင်းဆောင်ငယ်ထဲမှာ မြတ်စွာဘုရား ဆင်းတုတော်မှာ သက်ရှိထင်ရှားရှိသည့်အလား ၀င်းဝါသပ္ပါယ်နေသည်။ ကျွန်တော့စိတ်ထဲတွင် သက်တော်ထင်ရှား ကိုယ်ထင်ပြသည့်အလား ယုံကြည်ရင်း အားငယ်စိတ်များ ပျောက်ပျက်သွားသလို ခံစားမိပါသည်။

ကျွန်တော်သည် မြတ်စွာဘုရားကို မျက်လုံးစုံမှိတ် အာရုံပြုကာ လက်အုပ်မိုးရှိခိုးရင်း တပည့်တော်သည် ရိုးသားစွာ ရှာဖွေရရှိသော လုပ်ခလစာငွေဖြင့် မိဘနှစ်ပါးတို့အား ပြုစုစောင့်ရှောက်ပါသည်။ ထို့ပြင် ငယ်စဉ် သိတတ်စကာလမှစ၍ ယနေ့ထက်တိုင် ကျေးဇူးရှင်ဖြစ်သော နွားသတ္တ၀ါတို့၏ အသားကို မစားဘဲ ရှောင်ကြဉ် ခဲ့ပါသည်ဘုရား။ ဤမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ပါစေ အရှင်ဘုရား-ဟု နှလုံးသားထဲမှ လေးလေးနက်နက် ဆုတောင်းရင်း အိပ်ရာဝင်ခဲ့ပါသည်။

နောက်တနေ့ ညနေစောင်းတွင် ကျွန်တော်သည် ပြန်လည်ကောက်ယူရရှိသော သွပ်ချပ်ဟောင်းများကို ဖာထေးပြုပြင်နေစဉ် သွပ်ချပ်အသစ်အများ တင်ဆောင်ထားသော ဒိုင်နာကားကြီးတစင်း ရောက်ရှိလာပါသည်။ ကားရှေ့ခန်းတွင် ကျွန်တော့်ကုမ္ပဏီမှ မန်နေဂျာ ဦးရန်နိုင်နှင့်အတူ သူငယ်ချင်း ကိုနန္ဒတို့ကိုပါ တွေ့ရပါသည်။

မောင်ထက်မြတ်၊ ဘာမှစိတ်မညစ်နဲ့တော့။ မင်းသတင်းကို ကြားတာနဲ့ ဆရာတို့အားလုံးက ဒီလိုကူညီဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဟောဒီမှာ သွပ်ချပ်ခြောက်ဆယ်။ ပြန်မိုးဖို့ လောက်တယ်မဟုတ်လား။
သူငယ်ချင်း မင်းအတွက် တို့ဌာနက မုန့်တွေ ၀ယ်ပေးလိုက်သေးတယ် ရော့။
ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးတင်လှပါတယ် ခင်ဗျား။
ရုတ်တရက်မို့ ကျွန်တော်နှင့် အမေတို့ မယုံကြည်နိုင်လောက်အောင်ပင် အံ့သြမင်သက်နေမိပါသည်။ ခေတ်ကာလဈေးအားဖြင့် တန်ဖိုးမနည်းလှသော သွပ်ချပ်များကို ရရှိခဲ့ခြင်းမှာ ကျွန်တော့အလုပ်ကြိုးစာမှုအပြင် ဘုရား တရား သံဃာ မိဘ ဆရာတို့၏ ကျေးဇူးတရားကြောင့်ဟု ခံစားနားလည်မိပါသည်။ ထို့ပြင် ညအိပ်ရာ ၀င်ခါနီးတွင် ကျွန်တော်ဆိုထားခဲ့သော နွားသတ္တ၀ါ၏အသားကို ရာသက်ပန် ရှောင်ကြဉ်ခဲ့ပါ၏-ဟူသော အရိုးစင်းဆုံး မှန်ကန်သော သစ္စာစကားကြောင့် ယခုလို အကျိုးပေးထူးကြောင်း အသေအချာ ယုံကြည်လိုက် ပါသည်။ စစ်မှန်သော သစ္စာစကားကြောင့် စေတနာမေတ္တာများ ရောင်ပြန်ဟပ်ကာ အကျိုးကျေးဇူး ချက်ချင်းလက်ငင်း ခံစားခဲ့ရသည့်အတွက် ကံ ကံ၏အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ယုံကြည်သက်ဝင်ခဲ့မိ ပါတော့သည်။
( သူငယ်ချင်း၏ ဖြစ်ရပ်မှန်ကို ရေးသားတင်ပြပါသည်)

ဇွဲနေရောင်ခြည်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: