Thursday, June 10, 2010

ဈေးရောင်းခြင်း နှင့် အမေ

ယနေ့မနက်လည်း ကျွန်တော်သည် မေမေခိုင်းသည့်အတိုင်း ဈေးဝယ်ရန် ဈေးခြင်းတောင်းလေးကို လက်တဖက်ကဆွဲလာခဲ့သည်။ အမေက ဈေးသည်ဖြစ်သောကြောင့် အမေပြန်ရောင်းရန် ကျွန်တော်က လာဝယ်ခြင်းဖြစ်သည်။

ကျွန်တော်သည် ယောက်ျားလေးဖြစ်သော်လည်း ဈေးကို ထောင့်စေ့အောင် တိကျမှန်ကန်စွာ ၀ယ်တတ်၊ ခြမ်းတတ်သည်။ ထို့ကြောင့် အမေက ကျွန်တော့်ကို မနက်တိုင်း ဈေးသို့လွှတ်သည်။
နေ့တိုင်း ဈေးဝယ်ရခြင်းအကျင့်ကြောင့် ကြက်သွန်၊ ဆန်၊ အာလူး၊ ငရုတ်၊ ဆပ်ပြာ၊ ဆား စသည်တို့၏ ဈေးနှုန်းတို့ကို အလွတ်ရနေခဲ့သည်။ ကျောင်းသို့ရောက်လျှင်လည်း ဈေးရှိန်ကမသေဘဲ ကြက်သွန်ဈေး ဟိုတနေ့ကနဲ့ ဘယ်လောက်တောင်တက်တာ။ မန်ကျည်းသီးကလည်း ဘယ်လိုဈေးမြင့်လာတာ စသည်ဖြင့် သူငယ်ချင်းအချို့ကို ပြောပြနေတတ်သည်။

စာထိုင်ကျက်နေရင်းလည်း အငြိမ်မနေ အမေဈေးရောင်းနေသည်ကို ၀င်၍ -
အမေကလည်းလေ အာလူးဈေးက မြောက်ပါဘိနဲ့ တလုံးဆိုလည်း တလုံး အပိုထည့်ပေးနေစရာ မလိုပါဘူး။
ထိုအခါ အမေက ပြုံးပြီး ငါ့သားလေးကလေ တွန့်တိုမနေပါနဲ့ကွယ်။ ဒီမှာသား- မရှိလို့ မလှူ၊ မလှူလို့ မရှိ-ဆိုတဲ့စကားကို သားကြားဖူးတယ်မဟုတ်လား။
ကြားဖူးတယ် အမေ၊ ဒါပေမယ့် အခုပြောနေတာနဲ့ ဘာမှမဆိုင်ပါလား အမေကလဲ။
ဆိုင်တာပေါ့ သားရယ်၊ ဆိုင်တာပေါ့။ အဲဒီ ဆိုရိုးစကားရဲ့နောက်မှာ မလှူနိုင် ဈေးရောင်းဆိုတဲ့ စကားလည်း ရှိသေးတယ်သားရဲ့။

အင်း အမေပြောတဲ့အဓိပ္ပါယ် သား-နားလည်မှာပါ။ သားလည်း အလယ်တန်းတောင် ပြီးတော့မှာ မဟုတ်လား။ အကင်းပါးရော့ပေါ့။
ဒီမှာတော့ ကျွန်တော်လည်း သဘောပေါက်ခဲ့သည်။ အမေပြောတာ ထိရောက်ပါပေသည်။ အလှူမပေးနိုင်လျှင် ဈေးရောင်း၊ ဈေးရောင်းတာဟာ လှူတာနဲ့ အတူတူပဲပေါ့။ ဒါပေမယ့် ဘယ်လိုလှူလိုက်တာပါလိမ့် ဆိုပြီးတော့လည်း တွေဝေမိခဲ့သေးသည်။

တနေ့မှာတော့ အမေဈေးရောင်းတဲ့အနား စာသွားကျက်နေရင်း ဈေးဝယ်က-
အမရေ၊ ကြက်သွန်နီလေး ငါးဆယ်သားလောက် ပေးပါ။
အေး အေး၊ ရော့ ဆန်ခါခုံး၊ ညီမကြိုက်တာ ရွေးထည့်။ ပြီးတော့ အမချိန်ပေးမယ်။
အမေက ဈေးဝယ်ရှေ့ ဆန်ခါခုံး ထိုးပေးလိုက်သည်။ ဈေးဝယ်လည်း ဆန်ခါခုံးတ၀က်ကျော်ခန့် ရွေးထည့်လိုက်ပြီး-
အမ၊ ရော့ ရလောက်ပြီ။ ချိန်ကြည့်ပါဦး။
ပေး ညီမ။

အမေ ချိန်ခွင်ပေါ် တင်ချိန်ကြည့်လိုက်သည့်အခါ ချိန်ခွင်လျှာက ငါးကျပ်သားခန့် ပြူးထွက်နေသည်ကို ကျွန်တော်လည်း တွေ့လိုက်ရသည်။ သည်ရပ်ကွက်တွင် အမေ့ဆိုင်လေးသည် အလေးချိန်အမှန်ကန်ဆုံးဟု ထင်ရှားသည်။ ပိုနေသည်ကို အမေက နုတ်မယူတော့ဘဲ ကဲ ညီမရေ၊ အမ ပိုထည့်ပေးလိုက်တယ် နော်။ သြော် ဒါနဲ့ ကြီးတော် လှတို့ နေကောင်းကြတယ် မဟုတ်လား။

ကောင်းကြပါတယ် အမ၊ ကျေးဇူးပဲနော်။ ဈေးဝယ်ပိုက်ဆံပေးပြီး ထွက်သွားသောအခါ အမေက
ငါ့သား အမေပြောတဲ့အဓိပ္ပါယ်ကို သား နားမရှင်းခဲ့တာ အမေ သိပါတယ်။ ဒီတခါတော့ သား သဘောပေါက်ပြီ မဟုတ်လား။
ဟုတ်ကဲ့ အမေ၊ သား နားလည်သွားပါပြီ။
အမေက ပိုတဲ့အလေးချိန်ကို နုတ်မပစ်ဘဲ အမေတတ်နိုင်သလောက် လှူလိုက်သည်ဆိုသော အဓိပ္ပါယ်ကို ပညာသားပါပါ ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

အမေ့ကိုလည်း ပညာတတ်နည်းဖြင့် မိမိတတ်နိုင်ကာ လှူတဲ့ အလှူအမကြီးအဖြစ် မြင်ယောင်ကြည့်မိပါသည်။ ထို့ပြင် ပို၍လည်း လေးစားမိပါသည်။
ကျွန်တော်သည်လည်း ဤကုသိုလ်ရသော ဈေးရောင်းခြင်း-အလုပ်ကို ဘယ်တော့မှ မေ့နိုင်၊ မစွန့်နိုင်ပါကြောင်း ကြီးစွာ ယုံကြည်နေမိပါတော့သည်။

အောင်ရင် (စစ်ကိုင်း)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: