Monday, June 28, 2010

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ နှင့် နိုင်ငံခြားသားများ

အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ၁၉၇၇-ခု ဒီဇင်္ဘာလ ၂၇-ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ၁၉၀၀-ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဖွားမြင်တော်မူသည်ဖြစ်ရာ ပျံလွန်တော်မူချိန်၌ သက်တော် ၇၈-နှစ်ရှိပေသည်။

ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ပျံလွန်တော်မူသည့်အတွက် ရဟန်းရှင်လူအများပင် ၀မ်းနည်းကြေကွဲမဆုံး ရှိခဲ့ကြသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသကမူ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ မထေရ်မြတ်ကြီး ပျံလွန်တော်မူခြင်းဟာ ခက်မငါးဖြာ အမြွာရှိတဲ့ သာသနာတော် သစ်ပင်ကြီးမှ (ပင်စည်ခွဆုံကနေပြီး) အရေးပါလှသည့် အကိုင်းကြီးတကိုင်း ပဲ့ထွက်ကျိုးကျ သွားသလိုပါပဲ။ သာသနာတော်ကြီးအတွက် များစွာ နစ်နာဆုံးရှုံးမှုကြီးတရပ် ဖြစ်ရပါတယ်-ဟူ၍ ၀မ်းနည်းစွာ မိန့်တော်မူခဲ့သည်။

ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် အစားထိုးမရလောက်အောင် တန်ဖိုးရှိသောပုဂ္ဂိုလ်ကြီးများတွင် ထိပ်တန်းက ပါဝင်ပေသည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို တိကျစွာ လိုက်နာကျင့်သုံးသော ရဟန်းမြတ်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်ကကဲ့သို့သော ဘုန်းတော်ကြီးကျောင်းမျိုး ဖြစ်လာအောင် မိမိ၏ ဂန္ဓာရုံကျောင်းတိုက်ကြီးကို ထူထောင်ခဲ့သည်။ ရဟန်းသံဃာ ၅၀၀-ကျော်ကို လက်ခံကာ စံပြရဟန်းကောင်း၊ ရဟန်းမြတ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုရဟန်းသံဃာတို့ကို ပိဋကတ်စာပေများ ပို့ချ သင်ကြားပေးသည်။ တဖက်ကလည်း ရဟန်းများအတွက် ကျမ်းများပြုစုရေးသားခဲ့သည်။ ထို့ပြင် လူအများစု အတွက်လည်း လိမ္မာယဉ်ကျေး၍ ဗုဒ္ဓတရားတော်ကို သိမြင်လာအောင် စာအုပ်များ ရေးသားခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီးကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များက လွန်စွာ ကြည်ညိုမြတ်နိုးကြသည်။ ထိုမျှမက နိုင်ငံခြားသားအချို့ကလည်း လေးစားမြတ်နိုးကြသည်။ ဆရာတော်၏ကျောင်းကို သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ဗွီဒီယိုများ၊ ဓာတ်ပုံများ ရိုက်ကူး၍ မိမိတို့နိုင်ငံသို့ ယူဆောင်သွားကြသည်။ ဆရာတော်ကြီးကို ဖူးတွေ့၍ တရားတော်ဆိုင်ရာ အချက်အလက်တို့ကို မေးမြန်းလျှောက်ထားကြသည်။ ဆွေးနွေးတင်ပြကြသည်။ ဆရာတော်ကြီး၏ အဆုံးအမကို ခံယူခဲ့ကြသည်။

ဆရာတော်ကြီးကို ဖူးတွေ့သော ထိုနိုင်ငံခြားသား ပုဂ္ဂိုလ်များအထဲမှ စိတ်ဝင်စားဖွယ် ပုဂ္ဂိုလ်အချို့အကြောင်းကို တင်ပြလိုပေသည်။
(အင်္ဂလန်မှ ပါမောက္ခကြီး)
ဆရာတော်ကြီး အသက်ထင်ရှားရှိစဉ် ၁၉၆၅-ခုနှစ်တွင် အင်္ဂလန်မှ ပါမောက္ခကြီးတယောက် ဂန္ဓာရုံတိုက်သို့ ရောက်လာခဲ့သည်။ ဆရာတော်၏ ဂုဏ်သတင်းကို ကြားသိသဖြင့် လာရောက်ဖူးတွေ့ခြင်း ဖြစ်သည်။ ထိုပါမောက္ခ ကြီးသည် အင်္ဂလန်ရှိ ထင်ရှားသော ပါမောက္ခဆရာကြီး ရှစ်ယောက်တွင် တဦးအပါအ၀င်ဖြစ်သည်။

ထိုပါမောက္ခကြီးသည် ဆရာတော်ဘုရားနှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံခဲ့သည်။ ပါမောက္ခကြီးက မေးလိုက်၊ ဆရာတော်ကြီးက ဖြေလိုက်နှင့် နောက်ဆုံး ထမင်းစားဖိတ်ထားသော နေရာသို့သွားရန် အချိန်နီးနေသဖြင့် ပါမောက္ခကြီးက ပြန်တောင် မပြန်ချင်သေးဘူး-ဟု ပြောလိုက်သည်။ ဆရာတော်ဘုရားနှင့် တွေ့ရသည်ကို သူများစွာ ကျေနပ်အားရမဆုံး ရှိခဲ့သည်။

ပြန်ခါနီးတွင် ပါမောက္ခကြီးက ဆရာတော်ကြီးအား သူမေးမြန်းသရွေ့ ဖြေသည့်သဘောမျိုးမဟုတ်ဘဲ ဆရာတော်ကြီး ပြောလိုရာကို ၁၀-မိနစ်ထပ်ပြောရန် တောင်းပန်ခဲ့သည်။
သည်တွင် ဆရာတော်ကြီးက သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးဟာ အနိစ္စ (မမြဲ) တာချည်းပဲ-ဟူ၍ ဆိုကာ ၀ိပဿနာတရားအကျဉ်းကို ဟောလိုက်သည်။ ပါမောက္ခကြီး အမြဲတမ်း စိတ်ချမ်းမြေ့မှု ရရန်အတွက် မေတ္တာပွားဖို့ ဟောလိုက်သည်။ ပါမောက္ခကြီးသည် စူးစိုက်နားထောင်ပြီး ကျေးဇူးတင်လှပါတယ်-ဟုပြောသည်။ ထို့နောက် ဆရာတော်ကြီးကို အလွန်ရိုသေသော အမူအရာဖြင့် ထွက်ခွါသွားပေသည်။

( ပါရဂူဘွဲ့ရ အီတာလျံ အမျိုးသမီး)
တနေ့တွင် ဂန္ဓာရုံကျောင်းတိုက်သို့ အီတာလျံအမျိုးသမီးတဦး ရောက်လာသည်။ သူမသည် အီတလီတက္ကသိုလ်မှ ပါရဂူဘွဲ့ (ပီအိပ်ခ်ျဒီ) ရပြီးနောက် အင်္ဂလန်တက္ကသိုလ်မှ ထိုဘွဲ့မျိုးထပ်ယူရန် ကြိုးစားနေသူဖြစ်သည်။
သူမသည် လောကီပညာအနေဖြင့် ထိပ်တန်းရောက်နေသူ ဖြစ်၏။ သို့သော် ဘာသာရေးအနေဖြင့်ကား မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ သူမသည် မြန်မာနိုင်ငံသို့ ခေတ္တရောက်လာရာမှ ဗုဒ္ဓဘာသာဝင် ဂျာမန် အမျိုးသမီး မဥမ္မာနှင့် တွေ့ကာ ဆရာတော်ကြီးထံ ရောက်လာခြင်းဖြစ်သည်။ သူမသည် အချိန်ရသလောက် မကြာခဏပင် ဆရာတော်ကြီးထံလာ၍ ဘာသာရေးဆိုင်ရာတို့ကို မေးမြန်းခဲ့သည်။ သူမသည် နားမလည်လျှင် အကြိမ်ကြိမ်ထပ်မေးသည်။ ဆရာတော်ဘုရားကလည်း စိတ်ရှည်ရှည်ထား၍ နားလည်နိုင်သော ဥပမာ ဥပမေယျ တို့ဖြင့် ပြောပြ၏။ မြန်မာဘာသာ တတ်ကျွမ်းသော ဂျာမန်အမျိုးသမီး မဥမ္မာက စကားပြန်လုပ်သည်။

နောက်ဆုံးတွင် ဆရာတော်ကြီး၏ အဖြေများသည် အီတာလျံအမျိုးသမီးပညာရှင်၏ ဘ၀နှင့်အမြင်ကို ပြောင်းလဲသွားစေတော့သည်။ ထို့ကြောင့် သူမက ဟိုတုန်းက (ပရလောက) နောက်ဘ၀ မရှိဘူးလို့ ထင်ခဲ့တာ။ အခု အမြင်တမျိုး ပြောင်းသွားပါပြီ။ နောက်ဘ၀ရှိတယ်လို့ လေးလေးပင်ပင် ယုံကြည်လာပါပြီ-ဟူ၍ ၀န်ခံပြောဆိုခဲ့သည်။

ထို့နောက် အီတလီနိုင်ငံသို့ ပြန်ခါနီးတွင် ဆရာတော်ဘုရားကြီးကို ကြည်ညိုလှသဖြင့် ဓာတ်ပုံအမျိုးမျိုး ရိုက်ယူသည်။ ကျေးဇူးတင်စကား အထပ်ထပ်ပြောဆိုသည်။ ယခုဘ၀မှာတော့ အခက်အခဲအမျိုးမျိုးကြောင့် ပြန်တွေ့ကောင်းမှ တွေ့ရပါတော့မယ်။ နောင်ဘ၀တွေမှာတော့ ပြန်တွေ့ချင်ပါသေးတယ်-ဟု အားငယ်စွာ လျှောက်ထားသွားလေသည်။

( ရုရှ သိပ္ပံပါရဂူ နှစ်ဦး)
၁၉၇၁-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခေတ္တရောက်လာသော ရုရှပါရဂူနှစ်ဦးသည် ဂန္ဓာရုံကျောင်းတိုက်သို့ ရောက်လာသည်။ သူတို့နှစ်ဦးမှာ ဥရှကော့ဗ်နှင့် ရိုဒီယိုနော့ဗ်တို့ ဖြစ်သည်။
သူတို့သည် ကျောင်းဝင်းကြီးထဲသို့ ၀င်လိုက်သည်နှင့်တပြိုင်နက် အေးမြသောအရသာကို ခံစားရသဖြင့် အံ့ချီးမဆုံး ရှိကြသည်။ ကျောင်းဝင်းမြေပြင်ကြီးမှာ ကျယ်ဝန်းသလောက် အမှိုက်သရိုက်၊ ဒိုက်မြက်ပင် လုံးဝမရှိ၊ အလွန်သန့်ရှင်းလှသည်။ ကျောင်းတိုက်တွင် သံဃာတော် ၅၀၀-ကျော်ရှိသော်လည်း အလွန်တိတ်ဆိတ် ငြိမ်သက်နေသည်။

သူတို့သည် ၀မ်းထဲတွင် မျိုသိပ်မထားနိုင်တော့ဘဲ သံဃာတော် ၅၀၀-ကျော်ကို အခုလိုငြိမ်သက်နေအောင် ဘယ်လိုအုပ်ချုပ်ထားပါသလဲ-ဟူ၍ မေးမြန်းမိကြသည်။
ထိုအခါ ဆရာတော်ကြီးက ဘုရားဥပဒေတော်နဲ့ အုပ်ချုပ်ထားပါတယ်။ ဒီသာသနာတော်တွင်း ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားအဆုံးအမတွေကို သင်ယူကြရပါတယ်။ သင်ယူလို့ ဘုရားအဆုံးအမတွေ နှလုံးအိမ်မှာ ကိန်းကြပြီ၊ လိုက်နာကျင့်သုံးကြပြီဆိုရင် ကိုယ်နှုတ်စိတ်များဟာ အလိုလို သိမ်မွေ့နူးညံ့လာတတ်ကြပါတယ်။ နူးညံ့လာရင် အခုလိုပဲ ငြိမ်သက်တည်ကြည်လာတော့တာပါပဲ-ဟူ၍ ဖြေကြားခဲ့သည်။

ရုရှပါရဂူများသည် ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ အမျိုးမျိုးမေးမြန်းကြသည်။ ဆရာတော်ကြီးကလည်း ရှင်းလင်း ပြောပြသည်။
ထို့နောက် ပါရဂူများက သိပ္ပံပညာနှင့်ပတ်သက်၍ ဆရာတော်ကြီးကို မေးကြသည်။
ယခုအခါ ရဟန်းတော်များရဲ့ ပြင်ဘက်ကမ္ဘာမှာ အစစအရာရာ တိုးတက်ပြောင်းလဲနေပါတယ်။ ဥပမာ-ကွန်ပျူတာတွေ၊ ဂြိုဟ်တုတွေ၊ ဒုံးပျံတွေနဲ့ နောက်ဆုံး သိပ္ပံပညာရဲ့စွမ်းအားနဲ့ လပေါ်ကိုတောင် ရောက်နေပါပြီ။ ဒီလို တိုးတက်နေတာကို ဘယ်လိုမြင်ပါသလဲ။

မှန်ပါတယ်၊ သိပ္ပံပညာတွေ တိုးတက်လို့ အစားကောင်းတွေစားရ၊ အ၀တ်ကောင်းတွေ ၀တ်ရ၊ အနေအထိုင်ကောင်းတွေ နေရတာ မှန်ပါတယ်။ ရုပ်ဝတ္ထုဘက်က သိပ်တိုးတက်နေကြပါတယ်။ ဒါပေမယ့် အကျင့်စာရိတ္တဘက်က (နာမ်တရားဘက်က) တိုးတက်မှုနည်းကြလို့ စိတ်ချမ်းသာမှုတော့ အပြည့်အ၀ ရကြလိမ့်မည် မထင်ပါဘူး။ ဗုဒ္ဓတရားတော်တွေကိုပါ သိပြီး လိုက်နာကျင့်သုံးကြမှ အေးချမ်းမှု အပြည့်အ၀၊ စိတ်ချမ်းသာမှု အပြည့်အ၀ ရကြလိမ့်မယ်လို့ မြင်ပါတယ်။

သိပ္ပံပညာရပ်ရဲ့ အဆုံးပိုင်းကို ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ ဗုဒ္ဓတရားတော်အတိုင်းပဲ မြင်ပါတယ်။ နောက်ဆုံးမှာ အားလုံး ကုန်ဆုံးပျက်စီးကြမှာပဲ။
ရုရှပါရဂူနှစ်ဦးသည် ဆရာတော်ကြီး၏ ဖြေကြားချက်များကို လေးနက်စွာ တွေးခေါ်စဉ်းစားနေဟန် ရှိခဲ့သည်။ လက်ခံသည့်အသွင်ဖြင့် ခေါင်းတဆတ်ဆတ်လည်း ညိတ်ခဲ့ကြပေသည်။
(ရှေ့လဆက်ရန်)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: