ကောဇာသက္ကရာဇ် ၁၀၃၄-ခုနှစ်တွင် အင်းဝ၌ နရာဝရမင်း နန်းတက်သည်။ မဟာသီဟသူရ ဓမ္မရာဇာဘွဲ့ခံ၏။ ထိုမင်းလက်ထက် စည်းခုံစေတီတော်အနီး ဇေတ၀န်ကျောင်းတွင် စာသင်နေသော ရဟန်းပျိုတပါး ရှိသည်။ ထိုရဟန်းပျိုသည် ကျမ်းဂန်၌ လိမ္မာတတ်မြောက်သည်။
တနေ့သ၌ ထိုရဟန်းပျိုသည် စိတ်ပျံ့လွင့်၍ လူထွက်လိုစိတ်ဖြစ်ပေါ်လာရာ လူဝတ်ပုဆိုးတို့ကို ယူ၍ အဖော်ရဟန်းများနှင့်အတူ မြစ်ဆိပ်သို့ထွက်ခဲ့၏။ မြစ်ဆိပ်သို့သွားရာ လမ်းခရီးတွင် အကြံဖြစ်ပေါ်သည်မှာ- ငါသည် လူခွက်တော့မည်။ လူမထွက်သေးမီ သင်္ကန်းဝတ်ဖြင့် စေတီကို ရှိခိုးဦးမည်-ဟူ၍ ဖြစ်၏။
အဖော်ရဟန်းများထံ လူဝတ်ပုဆိုးအင်္ကျီတို့ကို အပ်နှံထားခဲ့ပြီး စေတီလိုဏ်တွင်းသို့ဝင်၍ ဘုရားရှိသည်။ ထိုအခါ တယောက်သော သတို့သမီးသည် လိုဏ်ဝကနေ၍ ရေလှူဒါန်း၏။ ပြီးသောအခါ ဤသို့သော ကောင်းမှုကြောင့် ဖြစ်လေရာဘ၀၌ လူထွက်ယောက်ျား အလုပ်အကျွေးမယား မဖြစ်ရပါလို၏-ဟု ဆုတောင်း၏။
ရဟန်းပျိုလည်း သတို့သမီးငယ်၏ စကားကို ကြားရသောအခါ ကြီးစွာသော သတိသံဝေဂတရားရ၏။ လူမထွက်တော့ဘဲ စစ်ကိုင်းဘက်သို့ ကူးသွားပြီးလျှင် ကျမ်းဂန်တတ်မထေရ်ကြီးတို့၏ နည်းကိုယူ၍ ရဟန်းသာမဏေများအား စာပေတို့ကို သင်ကြားပို့ချပေး၏။
ထိုရဟန်းတော်ထံ စာပေသင်ယူသော စာလိုက်စာသင် ရဟန်းသာမဏေ ပရိသတ်တို့မှာ များပြားလှ၏။ ကျောင်းမဆန့်သောကြောင့် ကျောင်းအပြင်မှနေ၍ ထီးဆောင်းပြီး စာလိုက်ကြရ၏။
တနေ့သ၌ နရာဝရမင်းသည် ပုညရှင်စေတီတော်သို့ လာရောက်ဖူးမြော်၏။ ပြီးလျှင် လှည့်လည်ကြည့်ရှုရာ နေပူထဲတွင် ထီးဆောင်း၍ စာလိုက်နေသော ရဟန်းသာမဏေတို့ကို မြင်၏။ အကြောင်းကို မေးသောအခါ ကျမ်းဂန်တတ် ရဟန်းတပါးထံ စာပေသင်ယူနေသော ရဟန်းသာမဏေများဖြစ်ကြောင်း၊ ကျောင်းမဆန့်သောကြောင့် အပြင်မှနေ၍ ထီးဆောင်းပြီး စာလိုက်နေကြကြောင်း အမတ်တို့က လျှောက်၏။
မင်းကြီးလည်း သဒ္ဓါတရားဖြစ်ပေါ်ရကား လိုဏ်နှင့်တကွသောကျောင်းကို ဆောက်လုပ်လှူဒါန်း၏။ စာပေပို့ချသော မထေရ်ကိုလည်း တိလောကဂုရု-ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၏။
ထိုမထေရ် နေရာချောင်ကို တိလောကဂုရုချောင်-ဟု ခေါ်တွင်ရာ စစ်ကိုင်းတောင်ရိုးတွင် ယခုထက်တိုင် ကျော်ဇောထင်ရှားလျက်ရှိသည်။
ပရိတ်ကြီး ဋီကာပြုအရှင် တေဇောဒီပသည် တိလောကဂုရုမထေရ်၏ သဒ္ဓိဝိဟာရိက အတူနေ အလုပ်ကျွေး တပည့်ဖြစ်သည်။ နောင်ကာလ တိလောကာလင်္ကာရ-ဟူသော ဘွဲ့တံဆိပ်တော်ကို မင်းက ဆက်ကပ်လှူဒါန်း သည်။
တက်စိုး
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment