အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ငါးပါးသီလသည် သောတာပန်ဖြစ်ခြင်း၏ အကြောင်းဖြစ်ပုံ၊ သောတာပန်၏ အင်္ဂါ ၄-ပါးတို့၌ တပါးအပါအ၀င် ဖြစ်ပုံကို ဟောတော်မူသည်။
အို-ငါ၏ ချစ်သား ရဟန်းများတို့၊ ဤတရား ၄-ပါးတို့နှင့် ပြည့်စုံသော အရိယာ၏တပည့်သည် သောတာပန်မည်၏။ ဖရိုဖရဲ ငရဲသို့ကျခြင်းသဘောမရှိ။ အထက်မဂ်ဖိုလ်သာလျှင် မှီခိုရာရှိ၏။
ထိုတရား ၄-ပါးဟူသည် အဘယ်နည်းဟူမူကား-
၁။ ဤသာသနာတော်၌ ဣတိပိ သော ဘဂ၀ါ အစရှီသော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်၏။
၂။ သွက္ခာတော အစရှိသော တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်၏။
၃။ သုပ္ပဋိပန္နော အစရှိသော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံသော သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်၏။
၎။ မကျိုးမပေါက် မပြောက်မကြားသော ပညာရှိတို့ ချီးမွမ်းအပ်သော၊ တဏှာဒိဋ္ဌိတို့နှင့် မသုံးသပ်အပ်သော၊ သမာဓိကို ဖြစ်စေတတ်သော၊ အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလနှင့် ပြည့်စုံ၏။
ဤတရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် သောတာပန်မည်၏။ ဖရိုဖရဲ ငရဲသို့ကျခြင်းသဘော မရှိ၊ အထက်မဂ်ဖိုလ်သာလျှင် မှီခိုရာရှိ၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ်
ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment