Monday, July 5, 2010

နိဗ္ဇာန်ရောက်ကြောင်း အကျင့်

လူတသိန်းသေလျှင် တယောက်သာလျှင် နတ်ပြည်ကို ရောက်သည်။ ကျန်လူအားလုံးမှာ အပါယ်ကို လားရသည် ဟု မိုးကုတ်ဆရာတော်ဘုရား ဟောတော်မူသည်။ မြတ်စွာဘုရားကလည်း လက်သည်းပေါ်မှာရှိသော မြေမှုန့်ကလေးလောက်သာလျှင် အထက်နတ်ပြည်သို့ သတ္တ၀ါတွေ ရောက်ရသည်။ ကမ္ဘာမြေကြီးလောက် သတ္တ၀ါတွေမှာ အပါယ်လေးပါးသို့ ဆင်းရသည်ဟု နခသိခဒေသနာတော်တွင် ဟောကြားတော်မူခဲ့သည်။ လူတိုင်းပင် ရုပ်ရှင်ကို ၃-နာရီကြာအောင် ထိုင်၍ ကြည့်ကြသည်။ နတ်ရွာနိဗ္ဗာန်ရောက်သော သီလဘာဝနာများကိုမူ ၃-နာရီကျင့်သူ ရှိမည်မဟုတ်ပေ။ မိုးလင်း အိပ်ရာကနိုးသည့်အချိန်ကစ၍ စားမှုသောက်မှု၊ သားရေး သမီးရေး၊ လောကီရေး၊ လောဘမီး၊ မောဟမီး တို့ဖြင့် တနေ့လုံးနေကြရသည်။ ထို့ကြောင့် နိဗ္ဗာန်အသာထား၊ နတ်ပြည်ကိုပင် ရောက်သူ နည်းခြင်းမှာ အံ့သြစရာမဟုတ်ချေ။

နိဗ္ဗာန်ရောက်ရန် အလွန်လွယ်သည်။ အဘယ်ကြောင့်ဆိုသော် မရေတွက်နိုင်အောင် ကျမ်းဂန်စာအုပ်များ မည်သို့ကျင့်ရမည် စသည်ဖြင့် အသေးစိတ်ညွှန်ကြားထားသည်။ သတိပဋ္ဌာန်ဒေသနာတော်တွင် အားလုံးအစုံ ဖော်ပြထားသည်။ မြတ်စွာဘုရားကလည်း သတိပဋ္ဌာန် ၄-ပါးကို အားထုတ်လျှင် အမြန်ဆုံး ခုနစ်ရက်၊ ခုနစ်လ၊ သို့မဟုတ် ခုနစ်နှစ်နှင့် မဂ်ဖိုလ်ကိုရောက်နိုင်သည်ဟု အသေအချာ ဟောထားခဲ့သည်။ တရားအားထုတ်ရာ၌ မြတ်စွာဘုရားကို ယုံကြည်သောသဒ္ဓါတရားသည် အရေးအကြီးဆုံး ဖြစ်သည်။ နောက်ပိုင်း၌ ဖော်ပြမည်။

စွန်းလွန်းဆရာတော်ဘုရားကြီး ကိုယ်တိုင်ကပင်လျှင် လောကီနှင့်လောကုတ္တရာ မည်သူက ခက်သလဲဟု မေးရာတွင် လောကီက ခက်သည်ဟု ဖြေကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လောကုတ္တရာ၌ နိဗ္ဗန်ရောက်အောင်ကျင့်ဖို့ သတိပဋ္ဌာန်လေးပါး၊ ကမ္မဋ္ဌာန်းလေးဆယ် ဘုရားက သေချာထင်ရှားစွာ ပြထားခဲ့သည်။ လောကီအားဖြင့် သူဋ္ဌေးဖြစ်ဖို့၊ ၀ိဇ္ဇာတွေဖြစ်ဖို့ မည်သည့်စာအုပ်မှမရှိ အားလုံး ၀ိဇ္ဇာတွေ ဖြစ်ချင်ကြသည်။ သို့ရာတွင် သတိပဋ္ဌာန်လို ညွှန်ကြားထားသော ကျမ်းဂန်စာအုပ်မရှိ။ ထို့ကြောင့် မည်သူမှလည်း ပေါက်ရောက်ခြင်း မရှိချေ။

တရားအားထုတ်ရာ၌-
နံပါတ် (၁) အရေးအကြီးဆုံးမှာ ရုပ်နှင့်နာမ် နှစ်ခုသာရှိသည်။ ငါမရှိ၊ ငါမဟုတ်၊ ငါမပိုင်၊ ထိတာက ရုပ်၊ ထိတာကို သိတာက နာမ်ဖြစ်သည်။ ဤကဲ့သို့ ရုပ်နှင့်နာမ်သည် အတွဲလိုက်ရှိနေသည်။ ဤရုပ်နာမ်နှစ်ပါးကို နားလည် ထားပြီးနောက် အာနာပါန၊ ထွက်သက်ဝင်သက် ကမ္မဋ္ဌာန်းကို ရှုမှတ်သွားလျှင် နိဗ္ဗာန်သို့အမြန်ဆုံးရောက်နိုင် သည်။ စွန်းလွန်းဆရာတော်ကြီးမှာ ပိဋကတ်သုံးပုံ တတ်သည်မဟုတ်၊ အလုပ်ဖြင့် အလုပ်လုပ်ရင်း၊ အားထုတ်ရင်း အနာဂါမ်အထိ ရောက်ပြီးနောက် ရဟန်းပြုပြီးမှသာ ရဟန္တာဖြစ်တော်မူသည်။

ဝိပဿနာဉာဏ်စဉ်အားဖြင့် ၁၀-မျိုး၊ ၁၆-မျိုးဟူ၍ နှစ်မျိုးရှိသည်။ အလွန်ကျယ်ဝန်းလှသည်။ အလွန်ပညာကြီးသော အရှင်သာရိပုတ္တရာတို့ကဲ့သို့ပင် ပညာရှိများ ကျက်စားရန်ဖြစ်သည်။ သာမန်လူတို့အဖို့မှာမူ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်လျှင် မဂ်ဖိုလ်ရောက်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူသော ဘုရားရှင်အားလုံးတို့သည် အာနာပါနကမ္မဋ္ဌာန်းဖြင့် ဘုရားဖြစ်တော်မူကြသည်။ ထို့ကြောင့် မိမိတို့ကိုးကွယ်သော ဘုရားတွေအားလုံးကဲ့သို့ အာနာပါနကို အားထုတ်လျှင် ပို၍ကောင်းလိမ့်မည်။ သတိပဋ္ဌာန်လေးပါး၊ ကမ္မဋ္ဌာန်း ၄၀-ကို မြတ်စွာဘုရားက ဟောတော်မူခဲ့သည်မှာ သတ္တ၀ါတို့၏ စရိုက်ကိုကြည့်၍ သူ ယခင်က အထုံပါခဲ့သည်ကို ရည်စူး၍ ဟောထားခြင်းဖြစ်သည်။ ဥပမာ-၀ါတွင်းလေးလပတ်လုံး စာတကြောင်းမှမရဘဲ အလွန်ဉာဏ်ထိုင်းလှသော စူဠပန်မထေရ်မှာ အ၀တ်ဖြူကလေးကို တညတာ ပွတ်ရုံမျှနှင့် ယင်းအ၀တ်ဖြူကလေး ညိုမဲအရောင်အဆင်း ပျက်သွားသည်ကို တွေ့မြင်၍ ခန္ဓာကိုယ်ထဲကို အနိစ္စသဘောဖြင့် ရှုရာ တညတည်းနှင့်ပင် အဘိညာဉ်ရ၍ ရဟန္တာဖြစ်တော်မူသည်။

ပဋာစာရီရဟန်းမိန်းမသည် ဆွမ်းဆံခံပြန်လာသောအခါ ကျောက်ပြားပေါ်တွင် ခြေဆေးသည်။ ဆေးသောရေများသည် သဲထဲသို့ဝင်၍ ပျောက်ကွယ်သွားသည်။ အမြဲမရှိ အနိစ္စသဘောတရားကို ခန္ဓာကိုယ်၌သုံးသပ်ရာ ခြေဆေးပြီးလျှင်ပင် ရဟန္တာဖြစ်တော်မူသည်။
ရဟန်းမိန်းမတယောက်သည် ဟင်းရွက်ကြော်ရာ ဟင်းရွက်တွေညှိုးနွမ်း၍ လိမ်ကောက်သွားသည်ကို မမြဲဟု အနိစ္စသဘောမြင်ပြီးလျှင် ခန္ဓာကိုယ်ကိုရှုရာ ဟင်းရွက်ကြော်ရင်းပင် ရဟန္တာဖြစ်သွားသည်။ ဤမျှလောက် လွယ်ပါသည်။

ဓမ္မာသောကမင်းကြီး၏ မိဖုရားဖြစ်သော အသန္နိမိတ္တာ မိဖုရားကြီးမှာ မောင်းမငါးရာဖြင့် ရေကန်သို့သွား၍ ရေချိုးသွားရာတွင် ကရ၀ိက်ငှက်၏အသံကို ကြားရသည်။ ကရ၀ိက်ငှက်သံမှာ အလွန်သာယာလှသဖြင့် ကရ၀ိက်ငှက်ပင်လျှင် ဤမျှလောက် သာယာနာပျော်ဖွယ်ကောင်းပါက မြတ်စွာဘုရား၏ အသံတော်မှာ မည်မျှလောက်သာယာ၍ အလွန်ကောင်းပါမည်နည်းဟု အလွန်ပြင်းထန်သော၊ ကြည်ညိုသောစိတ်ကြောင့် သောတာပန်ဖြစ်သွားသည်။ အလွန်လွယ်ပါသည်။
ထို့ထက် အထူးဆုံးမှာ မြတ်စွာဘုရား ဘုရားဖြစ်တော်မူသောနေ့ နံနက် ၄-နာရီအချိန်တွင် ကိုယ်ဝန်ဆောင်ဖြစ်သော ကာဠီအမည်ရှိသော အမျိုးသမီးသည် ပူအိုက်လှသဖြင့် အိမ်အထက်ထပ်၌ တံခါးပေါက်ကိုဖွင့်၍ လေညင်းခံနေသည်။

ထိုအခါတွင် သာတာဂီရိနတ်နှင့် ဟေမ၀တနတ်နှစ်ပါးတို့သည် ကောင်းကင်၌ တွေ့ဆုံကြရာ ဘုရားရှင်၏ ဂုဏ်တော်များကို တယောက်ကမေးသည်။ တယောက်က ဖြေသည်။ သူမ၏ ရှေးကံကြောင့် နတ်နှစ်ပါးတို့ မေးဖြေနေခြင်းကို အစမှအဆုံး ကြားရသည်။ ထိုအခါ သူမ၏စိတ်တွင် ဘုရားကို အလွန်ပြင်းထန်စွာ ကြည်ညိုလာသဖြင့် သဒ္ဓါတရား အလွန်ကောင်းသောကြောင့် ထိုနေရာ၌ပင်လျှင် သောတာပန်ဖြစ်ခဲ့သည်။ ဘုရားသာသနာတွင် ဘုရားပွင့်တော်မူသောနေ့၌ သောတာပန်ဖြစ်သည်မှာ သူသည် ပထမဦးဆုံးဖြစ်သည်။ ဧတဒဂ်ရသည်။ အလွန်လွယ်ပါသည်။ ထို့ကြောင့် အလွယ်ဆုံးတရားအားထုတ်နည်းမှာ အောက်ပါ ဂါထာကို ကြည့်ပါ။ အာနာပါနကို အားထုတ်ပါ။

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။
သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သင်္ခါရာ-ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့သည်၊ အနိစ္စာ-အမြဲမရှိ၊
ယဒါ-ထိုသို့ မမြဲဟူသောတရားကို၊ ပညာယ-၀ိပဿနာပညာဖြင့်၊ ပဿတိ-ရှုမြင်အပ်၏။ အထ-ထိုသို့ရှုမြင်သောအခါ၌၊ ဒုက္ခေ-ဆင်းရဲခြင်းတရား၌၊ နိဗ္ဗိန္ဒတိ-ငြီးငွေ့၏။
ဧသမဂ္ဂေါ-ဤသို့ကျင့်သော တရားလမ်းကြောင်းသည်ပင်လျှင်၊ ၀ိသုဒ္ဓိယာ-ကိလေသာစင်ကြယ်၍ နိဗ္ဗာန်ရောက်ကြောင်းပင် ဖြစ်၏။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်တွင် သုသိမမည်သော ရဟန်းအား မြတ်စွာဘုရားက ရုပ်နာမ်နှစ်ပါး ဖြစ်ပျက်တာကို သိရမည်။ ရုပ်နာမ်နှစ်ပါး ဖြစ်ပျက်ရာမှ ချုပ်သွားသည်ကို သိရမည်။ ဤနှစ်ဉာဏ်ထဲနှင့် နိဗ္ဗာန်ရောက်သည်ဟု ဟောတော်မူသည့်အတိုင်း သုသိမရဟန်းသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ အလွန်လွယ်ပါသည်။ အဟုတ်လိုချင် အဟုတ်လုပ် အဟုတ်ရနိုင်သည်။

ဤကဲ့သို့ တရားအားထုတ်ရာ၌ မိမိသည် သောတာပတ္တိမဂ်၊ သောတာပန်ဖြစ်သည်။ မဖြစ်သည်ကို များစွာသော ကျမ်းဂန်များမှ အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

( အရိယာမဂ်ဆိုက်ပုံ )
တရားအားထုတ်သော ယောဂီသည် ၀ိပဿနာဉာဏ်ကို ပွားများရာမှ နောက်ဆုံးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်၊ ဂေါတြဘူဉာဏ်ကို ရောက်သောအခါ နိဗ္ဗာန်ကို မြင်ရသည်။ နိဗ္ဗာန်ကို ဆိုက်သည်။ ထိုသို့ အရိယာမဂ်သို့ ရောက်သောအချိန်တွင် ၀ိပဿနာဉာဏ်ဖြစ်သော အာရုံသင်္ခါရတို့မှ လွတ်ငြိမ်း၍ မဂ်စိတ်ဖြင့် နိဗ္ဗာန်ကို မြင်ခြင်းသည် ပထမသောတာပတ္တိမဂ်သို့ ရောက်၏။
ဤသို့ မဂ်ကိုဆိုက်ရောက်ရာ၌ မုစ္စန၊ သစ္ဆိကိရိယ၊ ပဿဒ္ဓိဟူသော အကြောင်းသုံးပါးဖြင့် ဆိုက်ရောက်၏။

(၁) ၀ိပဿနာဉာဏ်မှ လွတ်ခြင်းသည် မုစ္စန မည်၏။
(၂) နိဗ္ဗာန်ကို မြင်လိုက်ရခြင်းသည် သစ္ဆိကိရိယ မည်၏။
(၃) ဖိုလ်စိတ်တို့၏ ငြိမ်းချမ်းခြင်းသည် ပဿဒ္ဓိ မည်၏။

(၁) အကျယ်အားဖြင့် ၀ိပဿနာဉာဏ်မှ လွှတ်လိုက်ခြင်းသည် မုစ္စန-ဆိုရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀- ကျော်က ထင်ရှားကျော်စောခဲ့သော အဘိဓမ္မာကျမ်းပြုဆရာကြီးဖြစ်သော ရဟန္တာ အရှင်အဿဃောသ မဟာထေရ်က ဤသို့ ညွှန်ကြားခဲ့၏။
ရှုဆဲဖြစ်သော ၀ိပဿနာဉာဏ်မှ လွတ်သောအခါ ဘေးရန်အန္တရာယ်ကြီးမှ ကင်းလွတ်သွားဘိသကဲ့သို့၎င်း၊
အချုပ်အနှောင်မှ လွတ်မြောက်သွားဘိသကဲ့သို့၎င်း၊
လှေမပါဘဲ မဟာသမုဒ္ဒရာကို ကူးမြောက်သွားဘိသကဲ့သို့၎င်း၊
ကြောက်မက်ဖွယ်အမှောင်တိုက်ကြီးထဲမှ ထွက်ပြီး အလင်းရောင်ထဲသို့ ရောက်လာသူကဲ့သို့၎င်း၊
ကပ်ဆိုး အခါဆိုးမှ ကျော်လွန်ပြီး ခေတ်ကောင်း အခါကောင်းသို့ ရောက်ရှိလာသူကဲ့သို့၎င်း၊
ဒုက္ခခပ်သိမ်း ကင်းငြိမ်းသွားခြင်း ဖြစ်သည်။

မြင်းခြံမြို့ စွန်းလွန်းဆရာတော်ဘုရားကမူ လက်ကို အနည်းငယ်နာအောင် ဆိတ်ထားပြီးလျှင် ဗြုံးခနဲ လွှတ်လိုက်သည်၊ ယင်းနောက် နာသေးသလားဟု မေးတော်မူသည်။ မနာတော့ပါဘုရားဟု လျှောက်ထားသောအခါ အဲဒါ နိဗ္ဗာန်ပဲဟု အမိန့်တော်ရှိသည်။ နာခြင်းဒုက္ခမှ လွတ်သွားသည်။

ပြည်လမ်း လယ်တီဝိပဿနာ ဆရာတော်က အမိန့်ရှိပုံမှာ-
မဂ်သို့ကူးခါနီးတွင် အလွန်ပင် မခံမရပ်နိုင်အောင် ပြင်းထန်သောဒုက္ခကြီးကို ခံစားရသည်။ သာမည ညောင်းညာကိုက်ခဲသော ဒုက္ခမျိုးမဟုတ် ကျောရိုးထဲသို့ အလွန်ပူသော မီးဖုတ်ထားသည့် သံချောင်းကြီးကို ထိုးလိုက်ဘိသကဲ့သို့ မခံမရပ်နိုင်လောက်အောင် နာကျင်မှုဒုက္ခသစ္စာကြီးကို သိပြီးလျှင် မဂ်သို့ဆိုက်ရောက် သောအခါ ယင်းဒုက္ခကြီးမှ လုံးဝပျောက်သွားပြီးလျှင် အလွန်ချမ်းသာခြင်း တွေ့ရှိရသည်။ ဒုက္ခမှ လွတ်သွားသည်။

တဖန် မဂ်သို့ကူးသောအခါ သဲကမ်းပါးပေါ်၌ ရပ်နေလျှင် ရုတ်တရက် သဲတွေပြိုကျသွားပြီး ရင်ထဲ၌ အေးခနဲဖြစ်သွားပြီးလျှင် အောက်မြေပေါ်သို့ ရောက်သွားဘိသကဲ့သို့ လွတ်သွားခြင်းကို ဆိုသည်။

သာသနာ့ရိပ်သာ မဟာစည်ဆရာတော် အမိန့်ရှိပုံမှာ-
ဝိပဿနာရှုနေသော ယောဂီသည် ရုပ် နာမ်နှစ်ပါး ဖြစ်ပျက်မှုကို ရှုနေရာမှ သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်ပြီးလျှင် လူတယောက်သည် နွယ်ကြိုးကိုဆွဲ၍ ခြေလှမ်း ၁၀-လှမ်းခန့် ပြေးပြီးလျှင် ချောင်းကလေးတဖက်ကမ်းသို့ ခုန်လွှားလိုက်ဘိသကဲ့သို့ ဤမှာဘက်ကမ်းမှ ဟိုမှာဘက်ကမ်းသို့ ရောက်သွားသည်။ ထိုအခါ ရင်ထဲ၌ အေးခနဲ ဖြစ်သွား၍ ဟိုဘက်ကမ်းသို့ ရောက်သောအခါ နွယ်ကြိုးကို လွှတ်လိုက်သည်။ လွှတ်ပြီးသည့် နောက်တွင် အေးပြီ၊ ငြိမ်းပြီဟု စိတ်ထဲတွင် ချမ်းသာသွားသည်။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းသွားသည်ဟု အမိန့်တော်ရှိဖူးသည်။

(၂) နိဗ္ဗာန်ကို မြင်လိုက်ရခြင်းသည် သစ္ဆိကိရိယမည်၏-ဟုဆိုရာ၌ မြင်းခြံမြို့ စွန်းလွန်းဆရာတော်ဘုရားကြီးက အမိန့်ရှိပုံမှာ-
ဂေါတြဘူရောက်လျှင် နိဗ္ဗာန်တည်းဟူသော အလင်းရောင်ကြီးကို မြင်ရသည်ဟု အမိန့်ရှိသည်။ အဓိပ္ပါယ်မှာ-နိဗ္ဗာန်သည် ရှိသည်။ ဘာမှမရှိ မဟုတ်။ အလွန်လင်းသော အလင်းရောင်ကြီးဖြစ်သည်။ ယင်းကို မဂ်သို့ဆိုက်သောအခါ မြင်ရသည်။ အမှောင်ထဲမှ အလင်းထဲရောက်သွားသည်။ မြင်ရသည်ဟု ဆိုရာ၌ မဂ်ဉာဏ်ဖြင့် မြင်ရခြင်းဖြစ်သည်။

အရဟံ ပုတီးစိပ်၍ ဘင်္ဂဉာဏ်၊ ဘယဉာဏ်မှ မဂ်ဉာဏ်ကို ကူးပြောင်းသွားသော မန္တလေးမြို့ ဧရာဝတီ ကိုယ်စားလှယ် ဦးဘဂျမ်း၏အဆိုမှာ သူသည် မဂ်ဉာဏ်ကို ရောက်သောအခါ ယခင်ကရှိသည်ဟု ထင်ခဲ့သော လူ၊ နတ်၊ ရုပ်၊ နာမ်၊ ယောက်ျား၊ မိန်းမ စသည်တို့မရှိဘဲ မတွေ့ဘဲ မရှိဘူးဟုထင်သော နိဗ္ဗာန်ကြီး ရှိနေကြောင်း အလွန်ထင်လင်းသော အလင်းရောင်ကြီးကို တွေ့ရှိရသည်ဟု ဆိုသည်။

မုံရွာခရိုင် ကန္နီမြို့ ရွှေသိမ်တောရ ဆရာတော်ဘုရားကြီးသည် ရဟန္တာဟု ထင်ပေါ်ကျော်စောသည်။ ထို့အတူပင် စစ်ကိုင်းတောင်ရိုးအရှေ့ပရက္ကမဆရာတော်သည် လူတွေ့မခံဘဲ တရားအားထုတ်တော်မူသည်။ ယခုတိုင် မတွေ့ရ၊ ရဟန္တာဟု ကျော်စောတော်မူသည်။
အထက်ဖော်ပြပါ ပုဂ္ဂိုလ်ထူးများ၏ ကိုယ်တွေ့အဆိုမှာ-
ထိုသောတာပတ္တိမဂ် ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို မြင်လိုက်သောအခါ၌ ဉာဏ်တော်သော သူတို့အား မိုးကောင်းကင်ပြည့်မျှ အလွန်ကြည်လင်သန့်ရှင်းစင်ကြယ်သော တခဲနက်တောက်ပသော အလင်းရောင်ကြီးကို မြင်လိုက်ရသည်။ ဉာဏ်နုံ့သော သူတို့အား မွန်းတည့်သည့်အခါ ထွန်းလင်းသော နေမင်းကြီးကို ဦးခေါင်းဖြင့် တိုက်လိုက်ရဘိသကဲ့သို့၎င်း၊ အလွန်သန့်ရှင်းစင်ကြယ်သော အလင်းရောင်ကြီးကို မြင်လိုက်ရသည်။ ယင်းသည် နိဗ္ဗာန်ဖြစ်သည်။

ယင်းနိဗ္ဗာန်ကဲ့သို့သော အလင်းရောင်မျိုးမှတပါး အောက်ပါအလင်းရောင်တို့သည် နိဗ္ဗာန်မဟုတ်သေး၊ သတိပြုရမည်။
(၁) အာလောကသညာကို မြင်ခြင်း။
(၂) ပညိနြေ္ဒပွင့်ခြင်းကို မြင်ခြင်း။
(၃) ပဋိဘာဂနိမိတ်ကိုမြင်ခြင်း။
(၄) သြဘာသကိုမြင်ခြင်း။
(၅) ဗလ၀ ဆိုက်သည်ကိုမြင်ခြင်း အားဖြင့် ငါးပါးအပြားရှိ၏။ ထိုတွင်-

(၁) မိမိ၏ တဆယ့်နှစ်တောင်ထွာ ဟတ္ထပါသ်အတွင်း၌ ပဋိဘာဂနိမိတ်၏ သတ္တိကြောင့် ကြည့်တိုင်းမြင်ခြင်းသည် အာလောကသညာကို မြင်ခြင်း-မည်၏။
(၂) အကြင်ယောဂီ၏သမာဓိသည် လွန်စွာငြိမ်သက်သည်ဖြစ်၍ ညဥ့်အခါ ပိုးစုန်းကြူးတောက်သကဲ့သို့၎င်း၊ ပိုးပြိတ္တာ ကွန့်မြူးသကဲ့သို့၎င်း၊ မီးဖွားကို ချသကဲ့သို့၎င်း၊ စသည်ဖြင့် ပွင့်၍ မြင်ခြင်းသည် ပညိနြေ္ဒပွင့်သည်ကို မြင်ခြင်း-မည်၏။
(၃) အကြင်ယောဂီသမာဓိသည် ငြိမ်သက်လှ၍ ဥဂ္ဂဟနိမိတ်ကို ဖောက်ထွင်းလွှမ်းမိုးပြီး ဖန်တုံး၊ မှန်တုံး၊ မီးခဲ၊ ရွဲ၊ ပတ္တမြား၊ မြသား၊ ပုလဲသွယ် စသည်တို့ကဲ့သို့ မြင်ခြင်းသည် ပဋိဘာဂနိမိတ်ကို မြင်ခြင်း-မည်၏။
(၄) အကြင်ယောဂီသည် သမာဓိရင့်လှသည်ဖြစ်၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းစဉ် အတွင်း၌ ဟတ္ထပါတ်ကိုလွန်၍ တတိုင်၊ နှစ်တိုင်၊ တသောင်း၊ နှစ်သောင်း စသည်တို့ဖြင့် ဖောက်ထွင်း၍ မြင်ခြင်းသည် သြဘာသကိုမြင်ခြင်း မည်၏။
(၅) အကြင်ယောဂီသည် ၀ိပဿနာအတွင်း၌၄င်း၊ အနီး၌၄င်း၊ အဝေး၌၄င်း၊ မီးတောက်မီးလျှံ အခိုးတိမ်တောင် နဂါးပတ် လျှပ်စစ်နွယ်ရောင် စသည်တို့ကို မြင်ခြင်းသည် ဗလ၀ဆိုက်သည်ကိုမြင်ခြင်း-မည်၏။

နိဗ္ဗာန်သည် ဘာမျှမရှိဟုဆိုလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားမည်။
(၃) ဖိုလ်စိတ်တို့၏ ငြိမ်းချမ်းခြင်းသည် ပဿဒ္ဓိမည်၏ဟု ဆိုရာ၌ ပဿဒ္ဓိသည် ငြိမ်းခြင်း၊ အေးခြင်းကို ဆိုသည်။

ဆရာစန္ဒြ
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: