Friday, July 9, 2010

နယူတန်၏ နိယာမနှင့် သာပြူး

အောင်ဆန်းမြင့်ရွာသည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းတွင် တည်ရှိ၏။ အိမ်ခြေမှာ တရာကျော်မျှသာရှိသည်။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများရှိခြင်းကြောင့် အလွန်ပင် သာယာသည်။

ရွာ၏အရှေ့ဘက်တွင် သက်တမ်းရှည်သည့် တမာပင်ကြီးများဖြင့် ၀န်းရံထားသော နတ်စင်ကြီးရှိသည်။ ထိုနတ်စင်ကြီးတွင် သစ်တပင်ကောင်း ငှက်တသောင်းခို-ဆိုသော စကားနှင့်အညီ ကျေးငှက်ပေါင်းများစွာ ခုလှုံကျက်စားကြသည်။ ငှက်များအပြင် ရှဉ့်များလည်း အလွန်ပေါ၏။

နွေရာသီတွင် အရိပ်ကောင်းသော တမာပင်ကြီးများ၏ အောက်ဝယ် ကလေးများဆော့ကစားလေ့ရှိသည်။ အချို့ကလေးများသည် လေးခွကိုယ်စီဖြင့် ငှက်ပစ်၊ ရှဥ့်လိုက်ကာ သတ်ဖြတ်စားသောက်ကြသည်။ ထိုသူတို့ထဲတွင် သာပြူးဆိုသူ ကလေးတယောက်သည် အဆိုးဆုံးဖြစ်၏။ သူသည် လက်ဖြောင့်၏။ ရက်စက်၏။ သူပစ်လိုက်လျှင်လည်း ငှက်နှင့်ရှဥ့်တို့ လွတ်သည်မရှိ။ မှန်လိုက်လျှင်လည်း ငှက်ဆို ခေါင်း၊ ရှဥ့်ဆိုလျှင် မျက်စိသာဖြစ်သည်။

တနေ့သော် အိမ်ခြေတရာကျော်မျှသာရှိသော ရွာကလေးတွင် သာပြူး၏သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့သွား၏။
သာပြူးမျက်စိ ခဲမှန်လို့။
မျက်စိက ကျွတ်ထွက်သွားတာ။
စသည်ဖြင့် တယောက်တပေါက်ဆိုသလို တိုးတိုးရော ကျယ်ကျယ်ပါ ပြောဆိုသံများက ကြားရလေသည်။ သူ့သူငယ်ချင်း လှဦး ပြောပြချက်အရ သာပြူးသည် လေးခွနှင့်ရှဥ့်ကိုပစ်ရာ ရှဥ့်ကိုမမှန်ဘဲ သစ်ကိုင်းမှန်ပြီး သစ်ကိုင်းမှတဆင့် သူ့မျက်လုံးကို ထိမှန်ကြောင်း သိရ၏။

မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏-ဟူသော ဗုဒ္ဓ၏ အဆုံးအမနှင့် သက်ရောက်မှုတိုင်းသည် တန်ပြန်သက်ရောက်မှုရှိသည်ဟူသော နယူတန်၏ နိယာမတို့ကိုသာ သာပြူးသိခဲ့မည်ဆိုလျှင်---

သန့်ရှင်း (သင်္ချာ)
ဘုတလင်။
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

1 comment:

ko lwin said...

ကောင်းလိုက်တဲ့ ဘလော့ ဆက်ပြီးတင်ပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။