Thursday, July 15, 2010

ဗုဒ္ဓနှင့် လယ်သမားပုဏ္ဏား

အခါတပါး၌ မြတ်စွာဘုရားသည် နံနက်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကသိဘာရဒွါဇပုဏ္ဏား၏ လယ်တောအလုပ်ခွင်သို့ ကြွတော်မူ၏။

ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် မိမိ၏ လယ်လုပ်သားတို့အား ကျွေးမွေးနေဆဲဖြစ်၏။ မြတ်စွာဘုရားသည် ထိုကျွေးမွေးရာသို့ ကြွသွားပြီးလျှင် ရပ်တော်မူ၏။
ကသိဘာရဒွါဇပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တော်မူသော မြတ်စွာဘုရားကို မြင်သောအခါ ဤသို့လျှောက်၏။

ရဟန်း၊ ကျွန်ုပ်သည် ထွန်လည်းထွန်၏။ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍ စိုက်ပျိုး၍ စားသောက်၏။ သင်သည်လည်း ထွန်ယက်စိုက်ပျိုး၍ စားသလော။

မြတ်စွာဘုရားက အို ပုဏ္ဏား ငါသည် ထွန်လည်းထွန်၏။ စိုက်ပျိုးလည်းစိုက်ပျိုး၏။ ထွန်၍ စိုက်ပျိုးရင်း စားသောက်၏-ဟု မိန့်တော်မူသည်။

ဘာရဒွါဇပုဏ္ဏားက အို-ရဟန်း၊ သင်သည် လယ်ထွန်သူဟူ၍ ၀န်ခံ၏။ သင်၏လယ်ထွန်မှုကို ကျွန်ုပ်မမြင်ရ။ ထိုလယ်ထွန်မှုကို အဘယ်သို့ သိရပါမည်နည်း-ဟု မေး၏။

မြတ်စွာဘုရားက အို ပုဏ္ဏား၊ ငါ၏ယုံကြည်မှုသဒ္ဓါသည် မျိုးစေ့မည်၏။
ငါ၏ ဣနြေ္ဓတို့ကို စောင့်ရှောက်ခြင်းဟူသော သီလသည် မိုးရေ မည်၏။
ငါ၏ ပညာသည် ထမ်းပိုး ထွန်တုံးမည်၏။
ငါ၏ ရှက်မှု ဟီရိတရားသည် ထွန်သံမည်၏။
ငါ၏ စိတ်သည် ကြိုးမည်၏။

ငါသည် ကာယသုစရိုက်သုံးပါး၊ ၀စီသုစရိုက် လေးပါးဖြင့်လည်း လုံခြုံ၏။ အာဟာရရှာမှီးသုံးဆောင်ရာ၌ စောင့်ရှောက်၏။ ၀စီသစ္စာဖြင့် ရိတ်ဖြတ်ခြင်းကိုပြု၏။ နိဗ္ဗာန်၌ မွေ့လျော်ခြင်းဖြစ်သော အရဟတ္တဖိုလ်သည် ငါ၏လွတ်မြောက်ခြင်းဖြစ်၏။

ငါဘုရား၏ ၀ီရိယသည် နိဗ္ဗာန်သို့ ရှေ့ရှုရုန်းသည်ဖြစ်၍ ၀န်ရုန်းနွားမည်၏။ မစိုးရိမ်ရသော နိဗ္ဗာန်သို့ရောက်အောင် မဆုတ်မနစ် ရုန်းသွား၏။
ပုဏ္ဏား၊ ဤသို့လျှင် လယ်ထွန်ခြင်းဖြစ်၏။ အမြိုက်နိဗ္ဗာန်အသီးကို ရ၏။ ဤသို့သော လယ်ထွန်ခြင်း ကိစ္စ ပြီးသည်ရှိသော် အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်ရ၏-ဟု ဟောတော်မူသည်။ ထိုပုဏ္ဏားသည် သရဏဂုံ တည်လေ၏။
ကျမ်းကိုး။ ။ သထာဂါဝဂ္ဂ သံယုတ်၊ ကသိဘာရဒွါဇသုတ်။

ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: