ထွဋ်ခေါင်ဆရာတော်ကြီးသည် ဘကြီးတော်မင်းတရားလက်ထက်မှ မင်းတုန်းမင်းလက်ထက်အထိ ထင်ရှားသော ရဟန်းထူး ရဟန်းမြတ်ကြီး ဖြစ်သည။် ဟင်္သာတခရိုင် လေးမျက်နှာမြို့အနီး မြင်းကုန်းရွာဇာတိဖြစ်သည်။ ၁၁၆၀-ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ ဘွဲတော်မှာ အရှင်ဉာဏ၀ံသ ဖြစ်သည်။
ဆရာတော်ကြီးသည် ပရိယတ္တိ၊ ပဋိပတ္တိနှစ်ဖြာ ဆည်းပူးကျင့်ကြံပွားများ အားထုတ်သော ရဟန်းမြတ်ဖြစ်သည်။ မင်းဝံတောင်ရိုးပေါ်၌ တည်ရှိသော ရတနာထွဋ်ခေါင်စေတီတော်မြတ်အနီး၌ သီတင်းသုံးတော်မူခဲ့သည်။ ယင်းကို အစွဲပြု၍ ရတနာထွဋ်ခေါင်ဆရာတော်၊ အလွယ်အားဖြင့် ထွဋ်ခေါင်ဆရာတော်-ဟူ၍ အမည်တွင်ခဲ့သည်။
၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်း ဘုရင်ဖြစ်လာသောအခါ ထွဋ်ခေါင်ဆရာတော်အား ရွှေနန်းတော်သို့ ပင့်သည်။ ရာဇဂုရု ခပ်နှိပ်သော မင်းဆရာတံဆိပ်တော်ကို လှူဒါန်းရာ ဤတံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေး ချထားမည်ကို ငါရှက်လှသည်-ဟု ပယ်တော်မူ၍ ကျောင်းသို့ပြန်ကြွခဲ့သည်။
သို့လင့်ကစား မင်းတုန်းမင်းကြီးသည် အလွန်မြတ်နိုးကြည်ညိုလှသဖြင့် ပစ္စည်းလေးပါးအလို့ငှါ ၀တ်မိုးဝတ်မြေ များကို လှူတော်မူသည်။ ဘုရင်သာမက မိဖုရား၊ မှူးမတ်ကြီးငယ်တို့ကလည်း ဆရာတော်ကြီးကို အလွန်ကြည်ညိုလှသည်။ ဆရာတော်ကြီးသည် မိမိသတင်းသုံးရာ ဓမ္မိကချောင်၌ လူသူလေးပါးတို့နှင့် ရောပြွမ်းထွေးယှက် ၀င်ထွက်သွားလာခြင်းတို့ကို မနှစ်သက်သဖြင့် ထိုချောင်မှ မင်းကွန်းရွှေမြင်တင်တောင်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည်။ ၀ိပဿနာတရားကို အားစိုက်၍ အားထုတ်တော်မူသည်။
ဆရာတော်ကြီးသည် ၀ိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်တော်မူရာမှ ၁၂၄၂-ခုနှစ် (သက်တော် ၈၂-နှစ်) တွင် ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။ ဆရာတော်ကြီးသည်ကျမ်းပေါင်း ၁၃-ကျမ်း၊ ရေးသား ပြုစုတော်မူခဲ့သည်။ ပျံလွန်တော်မူသောအခါ အချို့ကျမ်းများ ပျောက်ဆုံးကုန်သဖြင့် ကျမ်းပေါင်း ရှစ်ကျမ်းသာ ထင်ရှားကျန်ရှိသည်။ ရှင်လူအများတို့သည်ကား ကမ္မဋ္ဌာန်းလင်္ကာမျှလောက်ကိုသာ သိကြရသည်။ အောက်ပါဂါထာမှာ ဆရာတော်ကြီး ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။
( ပါဠိဂါထာ )
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
( မြန်မာအသံထွက် )
( ၁ ) ဗုတ်ဓော မေ ရက်ခတု နိတ်စံ၊ ဓမ်မော မေ ရက်ခတု သဒါ။
သံဃော မေ ရကခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာလ၀က နာလာဂိရိံ၊ အင်ဂုလိ စိန်စ သစ်စကံ။
နန်ဒေါပနန်ဒ ဗြမ်မင်စ၊ ဇယော ဇယတု မင်ဂလံ။
( အနက်မြန်မာပြန် )
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။
မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။
သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း
အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊
အင်္ဂုလိမာလကိုလည်းကောင်း၊
စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊
နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊
အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)
Friday, July 16, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment