Saturday, July 3, 2010

မေတ္တာလွှမ်းခြုံ အမေပုံ

ဒေါ်ပုံလှကို အများက အမေပုံဟု ခေါ်ကြသည်။ ဒေါ်ပုံလှ ခေါ် အမေပုံကို ၁၂၉၀-ပြည့်နှစ် ကဆုန်လပြည့်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ ဦးဘိုးဉာဏ် ဖြစ်၍ မိခင်မှာ ဒေါ်အို-ဖြစ်သည်။ အမေပုံတွင် သားသမီး ၄-ယောက် ရှိသည်။

အသားဖြူဖြူ၊ အရပ် မနိမ့်မမြင့်၊ ခန္ဓာကိုယ် မပိန်မ၀၊ အသင့်အတင့်ရှိ၏။ သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်တတ်ပြီး ပြေပြစ်စွာ ပြောဆိုဆက်ဆံတတ်သည်။ အသက် ၈၀-နှစ်ရှိပြီဖြစ်သော်လည်း ဆံပင်ဖြူသည်မှအပ မျက်စိမမှုန်၊ နားမလေး၊ ခါးမကိုင်း၊ ဖျတ်လတ်သန်မာဆဲဖြစ်သည်။

အမေပုံသည် ဘာသာရေးကိုင်းရှိုင်း၏။ ငါးပါးသီလကို စောင့်ထိန်း၏။ အများအကျိုး ဆောင်ရွက်တတ်၏။ သာမှု နာမှုကိစ္စရပ်များတွင် ပါဝင်ကူညီလေ့ရှိသည်။ ရပ်ကွက်အတွင်းတွင် အမေပုံကို မသိသူမရှိ။ ချစ်ခင်သူ ပေါများ၏။ အားလုံးက ရိုသေလေးစားကြသည်။

အမေပုံ အသက် ၁၈-နှစ်အရွယ်မှစ၍ အရပ်လက်သည် ၀မ်းဆွဲအဖြစ် လုပ်ကိုင်ခဲ့သည်။ မီးဖွားရန် အကူအညီတောင်းခံလာပါက နေပူမိုးရွာမရှောင် ကူညီတတ်သည်။ နေရာဒေသမရွေး နေ့ညမရွေး လိုက်လံကူညီလေ့ရှိသည်။

မီးဖွားမှုကိစ္စ မပြီးမချင်း ညဥ့်အိပ်ညဥ့်နေ အပင်ပန်းခံစောင့်ပေးသည်။ ကိုယ်ဝန်ဆောင်မိခင်အား စိတ်ရှည်စွာ အားပေးတတ်သည်။ ငွေအသပြာကို အဓိကမထားပေ။ မီးဖွားခမပေးနိုင်သည့် သူများကို ကုသိုလ်ဖြစ် ဆောင်ရွက်ပေးရုံသာမက လိုအပ်သည်များကိုပင် ပံ့ပိုးကူညီတတ်သူဖြစ်သည်။ ထိုသို့ မေတ္တာ ကရုဏာ ကြီးမားလှ၍ အမေပုံကို အားကိုးကြသည်။

အသက်အရွယ် ထောက်လာပြီမို့ သားသမီးများက ထိုအလုပ်ကို မလုပ်စေချင်ကြတော့။ တားမြစ်ကြသည်။ အိမ်တွင် အေးဆေးစွာနေစေချင်ကြ၏။ သို့သော် အမေပုံ၏ စေတနာကို တားဆီး၍ မရကြ။ အမေပုံကို အားကိုးတကြီးဖြင့် လာရောက်ခေါ်တိုင်း မွေးလူနာအိမ်သို့ လိုက်ပါကူညီမြဲ ဖြစ်သည်။ ကျန်းမာနေသရွေ့ မွန်မြတ်သန့်စင်တဲ့ ဒီအလုပ်ကို မစွန့်လွှတ်နိုင်-ဟု အမေပုံက ဆိုပါသည်။ နှစ်ပေါင်း ၆၀-ကျော်အတွင်း အမေပုံ၏ ၀ါသနာ၊ စေတနာ၊ မေတ္တာလက်ဖြင့် ဖွားမြင်ခဲ့သူ များစွာရှိပြီဖြစ်သည်။

အမေပုံသည် မကွေးတိုင်း တောင်တွင်းကြီးမြို့ ရွှေကြာအင်း-၁၊ မြို့ဦးရပ်၊ အပိုင်း ၄-တွင် သားအငယ်ဆုံး ကိုကျော်ဇင်မြင့်နှင့် နေထိုင်လျက်ရှိသည်။ အမေပုံသည် အသက်ရှည်ကျန်းမာ၍ စိတ်ချမ်းသာနေသည်။ မေတ္တာအကျိုး စေတနာအကျိုးပင် ဖြစ်ပေသည်။

သန်းမြင့်ဦး (တောင်တွင်းကြီး)
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: