Thursday, July 15, 2010

မုန်တိုင်း နှင့် သမ္ဗုဒ္ဓေ

ကျွန်မသည် မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းချောင်းကျေးရွာအုပ်စုတွင်းရှိ ရွှေဝါကျေးရွာ အ-မ-က စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမတဦးဖြစ်ပါသည်။ ကျွန်မနှင့်အတူ ဖခင်ကြီး၊ တူတော်သူ တတိယတန်းကျောင်းသား မောင်သီဟအောင်ဦးတို့ ကျောင်းပိုင်မြေအတွင်းတွင် အိမ်ဆိုင်လေးဖွင့်၍ နေထိုင်ကြပါသည်။ ကျွန်မ၏ဖခင်ကြီးသည် မုန်တိုင်းမဖြစ်မီ တရက်အလိုတွင် မော်ကျွန်းမြို့သို့ ပြန်သွားပါသည်။

၂-၅-၂၀၀၈-ရက်နေ့ ညနေ ၅-နာရီအချိန်တွင် မိုးနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး တစတစ လေက ပြင်းထန် လာသည်။ လေပြင်း၍ လှိုင်းလုံးကြီးများ လိမ့်တက်ပြီး မြစ်ရေများလည်း ဒလဟောတက်လာပါသည်။ ထိုနေ့ည ခုနစ်နာရီအချိန်ခန့်တွင် အိမ်မကြီးအဆင့်ထိ ရေများ တက်လာရာ ကျွန်မ အလွန်ကြောက်လန့်ပြီး တူလေးကို လက်တွဲလျက် အိမ်၏အပြင်ဘက်သို့ ထွက်ခဲ့ပါသည်။ အပြင်ဘက်တွင်လည်း မိုးမှောင်ကျလျက် ကမ်းမမြင်၊ လမ်းမမြင် ရေပြင်ကျယ်ကြီး ဖြစ်နေသည်။

ထိုစဉ် ကျွန်မ၏လက်ကို ဖမ်းဆွဲပြီး ဆရာမကြီး၊ ဆရာမကြီး ဒီဘက်ကိုလာပါ။ ဆရာမကြီး သွားနေတဲ့လမ်းက မြစ်ကြီး-ဟု အော်ခေါ်သံကြောင့် နောက်ပြန်လှည့်ပြီး လျှောက်လာလိုက်သည်။ ထိုစဉ် ရွာ၏ဆက်သွယ်ရေး လမ်းမပေါ်ရောက်နေကြောင်း သိရသည်။ ဒီရေက ကျွန်မရင်စို့အထိ ရောက်နေပါပြီ။ ကျွန်မကို ကယ်ဆယ်လိုက် သူက ရွာမှ အသက် ၂၀-ခန့်ရှိ မောင်စိုးသူ ဖြစ်ပါသည်။ မောင်သီဟအောင်ဦးကို ပခုံးပေါ်တင်ပြီး ကျွန်မလက်ကို ဆွဲကာ နီးရာသစ်ပင်ကို ပြေးဖက်ပြီး နားခိုကြရပါသည်။ ထိုအခိုက် နားခိုနေသော သစ်ပင်များမှာလည်း ယိမ်းထိုး လှုပ်ရှားပြီး အမြစ်ပြုတ်ခါနီးဖြစ်သဖြင့် နောက်တပင် လှမ်းအဆွဲတွင် လှိုင်းလုံးပုတ်ခတ်၍ လွင့်စဉ်ပြီး ကျွန်မ ရေထဲမျောပါခဲ့ပါသည်။

ဆရာမကြီး၊ ဆရာမကြီး-ဟု တွင်တွင်ခေါ်ပြီး မောင်စိုးသူနှင့် မောင်သီဟအောင်ဦးတို့ ကျွန်မအနား ရောက်လာသည်။ သည်တွင် ရေစီးဖြင့် လှိုင်းရိုက်သော သစ်ပင်ကြီးတပင် ကျွန်မတို့သုံးယောက်အနီးတွင် ၀ုန်းခနဲ ပြိုလဲကျသွားသည်။ ကံသီလို့ပင် ကျွန်မတို့ကို သစ်ပင်ကြီး မပိခြင်း ဖြစ်သည်။

ထိုသို့ သစ်ပင်ကြီး လဲပြိုသဖြင့် ကျွန်မတို့မှာ နီးရာသစ်ပင်ကို လှမ်းဆွဲရင်း နှုတ်ကလည်း သမ္ဗုဒ္ဓေ-ဂါထာကို အဆက်မပြတ် ရွတ်ဆိုနေပါသည်။ ထိုအခိုက် တွယ်ထားသော သစ်ပင်မှာလည်း ယိုင်လဲမျောပါသွားပြန်သည်။ ထိုအခါ တို့တော့ သေရတော့မည်-ဆိုပြီး မိမိကိုယ်ကို သရဏဂုံ ဆောက်တည်ကာ -ကဲ သေလိုက သေပါစေတာ့-ဟု သန္နိဋ္ဌာန်ချလိုက်စဉ် လျှပ်စီးအလင်းရောင်ကြောင့် ဧရာမသစ်ပင်ကြီးတပင်ကို မြင်လိုက်ရ သည်။ ထိုမြင်ရသော သစ်ပင်ကြီးကို သုံးယောက်သား တအားဖက်တွယ်၍ နားခိုနေကြပါသည်။ အတန်ကြာသောအခါ လှိုင်းလေပျော့၍ ရေလည်း ကျသွားပါသည်။

မောင်စိုးသူက ဆရာမကြီး ရေကျနေပြီ၊ ကျွန်တော်တို့ မသေနိုင်တော့ဘူး-ဟု အားပေးစကား ပြောပါသည်။ သို့သော်လည်း ကျွန်မတို့မှာ မိုးထဲရေထဲတွင် ခြေလက်များလည်း ထုံကျင်နေပါသည်။ ခိုက်ခိုက်တုန်အောင်လည်း ချမ်းနေပါသည်။ မောင်သီဟအောင်ဦးကလည်း သတိရတချက် မရတချက် ဖြစ်နေသည်။

ကျွန်မတို့သည် ညလုံးပေါက် ရေထဲမိုးထဲ မှောင်မိုက်ထဲမှာ လှိုင်းလုံးရိုက်ထားသည့် ဒဏ်ရာများကြောင့် ခန္ဓာကိုယ် နွမ်းနယ်မောဟိုက်ပြီး အလွန်ဆာလောင်နေသည်။ အုန်းပင်မှ အုန်းသီးများကို ခူးဆွတ်ရိုက်ခွဲကာ အဖတ်စား အရေသောက်ပြီး အသက်ဆက်ခဲ့ပါသည်။

၃-၅-၂၀၀၈ နေ့ ညနေအချိန်တွင်မှ ရွာကပေးသော ရေစိုသောဆန်ကို ချက်ပြုတ်စား၍ တမိုးသောက်ခဲ့ရ ပါသည်။ ထို့နောက် မြင်ကွင်းကို သေသေချာချာ ကြည့်လိုက်တော့ ဒီလှိုင်းရိုက်ခတ်မှုကြောင့် ကျွန်မတို့နေအိမ်နှင့် အ-မ-က စာသင်ကျောင်းကြီး အစအနပင် မရှိတော့ကြောင်း တွေ့မြင်လိုက်ရပါသည်။ ရွာအတွင်းရှိ အိမ်ခြေ အများအပြားနှင့် ဘုန်းတော်ကြီးကျောင်းလည်း ပြိုလဲသွားကြပါသည်။

၎-၅-၂၀၀၈ ရက်နေ့တွင် မြို့နယ်မှ ဆင်းလာသော ကယ်ဆယ်ရေးမော်တော်ဖြင့် မော်ကျွန်းမြို့သို့ နေ့လည် ၁-နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ တာဝန်ရှိသူများထံ သတင်းပို့ပြီး မော်ကျွန်းမြို့ရှိ မိဘများရှိရာ နေအိမ်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ကျွန်မ အသက်မသေဘဲ မိသားစုနှင့် ပြန်လည် ဆုံစည်းခွင့် ရခဲ့ခြင်းမှာ သမ္ဗုဒ္ဓေ ဂါထာတော်နှင့် သရဏဂုံသုံးပါးတို့၏ ကျေးဇူးတော်ကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

မသန်းသန်းဦး
( မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: