Sunday, July 4, 2010

မှန်ရာကို သစ္စာဆိုပါမည်

ကျွန်မသည် တရားရုံးချုပ်ရှေ့နေတဦးဖြစ်၍ တရားရုံးတော်တွင် ကျမ်းကိုင်စစ်ဆေးခြင်း၊ အမှုသည်များကို ရှေ့မှတိုင်ပေး၍ လိုက်ဆိုစေခြင်းများကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးရပါသည်။ ထို့ပြင် ကျမ်းသစ္စာကျိန်ဆိုခြင်း၏ အကျိုးအပြစ်များကိုလည်း နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောဆိုပေးရပါသည်။

ကျွန်မကိုယ်တိုင်ကလည်း ဗမာလူမျိုး၊ မြန်မာနိုင်ငံသား၊ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်၍ သစ္စာဆိုခြင်းကို ယုံကြည်လက်ခံထားသူဖြစ်ပါသည်။ ဘုရားဟောကျမ်းဂန်များတွင်လည်း သစ္စာဆိုခြင်း၏ အကျိုးကျေးဇူး များကိုလည်း ဖတ်ရှုခဲ့ရပါသည်။ များမကြာမီ သစ္စာဆိုခြင်း၏ အကျိုးတရားကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။

ကျွန်မတို့အိမ်သည် ဧရာဝတီမြစ်ကမ်းအနီးတွင် ရှိပါသည်။ တနေ့ ရုံးအလုပ်များ ပြီး၍ ညနေစောင်းတွင်ရေချိုး ခေါင်းလျှော်ကာ မြစ်ကမ်းနားလမ်းပေါ်တွင် လေညှင်းခံခဲ့ပါသည်။ ထိုနေ့ည အိပ်ရာဝင်ပြီး သန်းခေါင်ယံ အချိန်တွင် ကျွန်မ၏မျက်နှာပေါ်သို့ ကြီးမားလေးလံသော ၀န်ထုပ်ဝန်ပိုးကြီးတခု ပြုတ်ကျခဲ့သယောင် ခံစားခဲ့ရပြီး ကျွန်မ၏မျက်နှာမှာ ဘယ်ဘက်ခြမ်းတခြမ်းလုံးမှာ လေးလံပြီး ကျင်လာပါသည်။ ကျွန်မလည်း ယောင်တိ ယောင်ချာနှင့် မျက်နှာကို လက်နှင့်ပွတ်ကြည့်ရာ ပါးစပ်တခြမ်း ရွဲ့နေမှန်း သိလိုက်ရသည်။ အသံပြုကြည့်ရာ မပီမသသံသာ ထွက်လာပါ၏။

ကျွန်မလည်း မလှုပ်မရှားဘဲ ကြောက်လန့်ကြီးစွာ ခေတ္တ ငြိမ်သက်နေမိသည်။ ရှေးဦးစွာ အလေ့အကျင့်ရစေရန် ကျင့်ကြံအားထုတ်ခဲ့သော ၀ိပဿနာတရားတော်ကို သတိရမိသည်။ ထို့ကြောင့် ကျွန်မ၏ ပြိုကွဲလွင့်စဉ် သွားသော စိတ်အစဉ်ကို အမြန်ဆုံး ပြန်လည်စုစည်းလိုက်ပါသည်။ ၀င်သက်ထွက်သက်ကို အာရုံစိုက်ကာ သမာဓိထူထောင်ခဲ့သည်။ သို့သော် စိတ်မငြိမ်ပါ။ ကျွန်မဖြစ်နေတာသိလိုက်ပြီ။ ဒါ လေဖြတ်တာပဲဟုသိကာ ကျွန်မ ကြောက်လာပါသည်။

ကျွန်မသည် သေဖို့ရာ အသင့်ပြင်ထားသူဖြစ်ပါသည်။ သို့သော် မသေမရှင်ဘဲ လေငန်းရောဂါသည်တဦးတော့ မဖြစ်လိုပါ။ ကျွန်မ၏ရရှိလာသော ဘ၀လေးကို တွယ်တာတပ်မက်သော တဏှာဆိုတာတော့ ရှိနေသည်။ သို့သော် ပစ္စုပ္ပန်ကံများ၏ စီမံရာကို နာခံရတော့မည်ဟုတွေး၍ ဖြစ်ပျက်သဘောတရားများကို အမိအရ ဆုပ်ကိုင်ပါသည်။ ဘယ်လိုမှ ထိန်းလို့မရသည့်အဆုံး ကျွန်မ နေ့စဉ်နေ့တိုင်း ပြုလုပ်ခဲ့ရသော သစ္စာဆိုခြင်းကို အာရုံညွတ်သွားသည်။ လောကကြီးတွင် အပြစ်ကင်းကင်းနှင့် သေရဖို့အရေးကြီးသည်။ ဇနက္ကမင်းသားသည် မဏိမေခလာနတ်သမီးအား သတ္တ၀ါတို့ သေရသည်မှာ မထူးဆန်းပါ။ သို့သော် သေခြင်း၏နောက်၌ ကဲ့ရဲ့ပြစ်တင်ခံရခြင်းမှ ကင်းရှင်းဖို့လိုပါသည်-ဟု လျှောက်ထားဖူးသည်ကို သတိရမိပါသည်။

သို့အတွက် ကျွန်မ၏ခန္ဓာကိုယ် ညာဘက်ခြမ်းကို အားပြု၍ အိပ်ရာမှ ကုန်းထခဲ့သည်။ မည်သူတဦးတယောက် ကိုမျှ မနှိုးခဲ့ပါ။ ခုတင်ပေါ်မှ ဖင်တရွတ်တိုက်ပြီး ခက်ခဲပင်ပန်းစွာ ဆင်းခဲ့သည်။ ထို့နောက် အိမ်ရှေ့ဧည့်ခန်းရှိ ဘုရားစင်ရှေ့သို့ တရွတ်တိုက်၍ ဆင်းရဲကြီးစွာ သွားခဲ့ရသည်။

ဘုရားစင်ရှေ့ ရောက်သည့်အခါ ကျွန်မသည် စူးစူးရှရှသော စိတ်အာရုံဖြင့် မြတ်စွာဘုရားကို အာရုံနှစ်၍ ရှိခိုးကန်တော့ပါ၏။(လက်အုပ်ချီ၍ မကန်တော့နိုင်ပါ)။ ထို့နောက် ယခု ဘုရားတပည့်တော်တွင် လေငန်းရောဂါ စွဲကပ်နေသည်ဟု ထင်ပါသည်။ တပည့်တော်သည် ရှေ့နေတဦးဖြစ်၍ လေငန်းစွဲခဲ့လျှင် လူအများကဲ့ရဲ့ဖွယ် ဖြစ်ပါတော့မည်။ တပည့်တော်မတဦးအတွက်နှင့် အခြားရှေ့နေများ အပြောခံရတော့မည်။

ရှေ့နေများ မဟုတ်မမှန်တာပြော၍ လေငန်းစွဲသည်ဟု ရယ်မောခြင်း၊ ဟားတိုက်ခြင်း ခံရပါတော့မည်။ သည်ရောဂါဆိုးကြီးတော့ မကျရောက်စေလိုပါ။ ယခုကဲ့သို့ ရုပ်ပျက် ဆင်းပျက် ရောဂါမရလိုပါ၊ ထို့ကြောင့် ဘုရားတပည့်တော်သည် မှန်ရာကို သစ္စာဆိုပါမည်။ ဘုရားတပည့်တော်သည် ရှေ့နေပညာဖြင့် အသက်မွေးသူဖြစ်၍ မဟုတ်မမှန်သောစကား အနည်းငယ်ကို မကြာခဏ ဆိုရပါသည်။ သို့သော် မည်သူတဦးတယောက်မျှ မျက်ရညပေါက်ကြီးငယ် မကျရပါ။ ဘ၀မပျက်ခဲ့ပါ။ ဘုရားတပည့်တော်သည် ဓာရဏပရိတ်တော်နှင့် မေတ္တသုတ်ကို အချိန်ရတိုင်း မပြတ်ရွတ်ဆို ပူဇော်နေသူလည်း ဖြစ်ပါသည်ဘုရား။ ဤမှန်သောသစ္စာစကားကြောင့် ဘုရားတပည့်တော်တွင် ကျရောက်ဆဲဖြစ်သော ဤလေငန်းရောဂါသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လျှောကျပျောက်ဆုံးရပါစေဘုရား-ဟု မျက်ရည်တွေတွေကျ၍ ရင်ထဲအသည်းထဲကပင် လှိုက်လှိုက်လှဲလှဲ အကြိမ်ကြိမ် သစ္စာဆိုခဲ့ပါသည်။

ထို့နောက် အိပ်ရာရှိရာသို့ ပင်ပန်းကြီးစွာ ပြန်လာရာ ခင်ပွန်းသည်နိုးလာပြီး ဆေးများလိမ်းကာ ပြန်အိပ်စေခဲ့ပါသည်။ အရမ်းဆိုးဝါးလှသည်ဟုလည်း မထင်ကြပါ။ ခေတ္တပြန်အိပ်ချိန်တွင် အိပ်မက်လိုလို၊ အပြင်မှာလိုလို သြဇာအာဏာနှင့် ပြည့်စုံသောအသံနှင့် သမီး-သုံးရက်ပဲကြာမယ်၊ ပြန်ကောင်းလိမ့်မယ်-ဟု လှိုင်းသံများခတ်သကဲ့သို့ ကြားရပါတော့သည်။

သို့သော် နံနက်လင်းချိန်မှာတော့ ဘယ်ဘက်မျက်နှာတခြမ်း ရွဲ့နေပြီး ဘယ်ဘက်ခြေထောက်မှာလည်း ဆွဲမရတော့ပါ။ ထို့ကြောင့် ချက်ချင်းဆေးရုံပို့ပါသည်။ ကျွန်မလည်း ဆေးရုံမမတက်ချင်ကြောင်း၊ ကျွန်မကြားခဲ့ရသောအသံကို ကျွန်မမိသားစု နားလည်စေရန် စူးစူးဝါးဝါးနှင့် ပြန်ပြောပြပြီး ဆေးရုံမတက်ခဲ့ပါ။ သုံးရက်ခန့်စောင့်ပေးပါရန် ဆရာဝန်အား တောင်းပန်ပြီး အတင်းပြန်ခဲ့ပါသည်။

အိမ်မှာပင် ဆရာဝန်ပင့်၍ ဆေးထိုးဆေးသောက် အနှိပ်ခံနှင့် တနေ့ထက်တနေ့ သက်သာလာခဲ့ရာ အမှန်ပင် သုံးရက်မြောက်သောနေ့၌ ရှင်းရှင်းပျောက်ခဲ့ပါသည်။ ပါးစပ်မှာလည်း ပုံမှန်ပြန်ဖြစ်ခဲ့ပြီး ခြေထောက်မှာတော့ နည်းနည်းတွန့်ဆုတ်တွန့်ဆုတ် ဖြစ်ပါသည်။ သွက်သွက်လက်လက်တော့ မဟုတ်သေးပါ။ နောက်တပတ်ခန့်အကြာမှာပင် သစ္စာတန်ခိုးတော်ကြောင့် လူကောင်းပကတိသို့ ပြန်ရောက်ခဲ့ရပါသည်။ ကာလကြာမြင့်စွာ တနေကုန်တနေခန်း မဟုတ်တာရော၊ ဟုတ်တာရော ပါးစပ်အမြှုပ်ထွက်အောင် ပြောဆိုခဲ့သော ကျွန်မသည် ထိုနေ့ထိုအချိန်ကစ၍ သစ္စာတရား၏ အကျိုးတရားများကို သိရကာ အကျိုးမရှိသော စကားများကို လုံးဝရှောင်ရှားခဲ့ပါ၏။

မြတ်စွာဘုရား၏ ပရိတ်တော်ကို အာဂုံဆောင်ရုံမျှနှင့် ဤမျှကြီးကျယ်သော ရောဂါဆိုးကြီးကို ပျောက်စေသည်။ မြတ်စွာဘုရား အဆုံးအမတရားဒေသနာတော်များကို လိုက်နာကျင့်သုံးသူတို့အဖို့ဆိုလျှင် ဆိုဖွယ်ရာမရှိပြီ။
မည်သည့်အရာမဆို မှန်ကန်သောအကြောင်းကို တိုင်တည်သစ္စာပြုပါက အန္တရာယ်အသွယ်သွယ်မှ ကင်းလွတ်ရကြောင်း ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်မှန်ကို တင်ပြလိုက်ရပါသည်။

(တီတီအိပ်ချ (ပြည်) ၃၀-၈-၂၀၀၇)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: