Friday, July 9, 2010

ထာဝရဒါနအကျိုး

မြတ်စွာဘုရားသည် ထာဝရဒါန ၆-မျိုးကို ဒေ၀တာသံယုတ် အာဒိတ္တ၀ဂ် ၀နရောပသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။ ယင်းထာဝရဒါန ၆-မျိုးမှာ-
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၃) သေတုကာရက ဒါန-တံတားဆောက်၊ လမ်းဖောက်၍ လှူခြင်း။
(၄) ပပါ ဒါန-ရေချမ်းစင်တည်၍ လှူခြင်း။
(၅) ဥဒပါန ဒါန-ရေတွင်း ရေကန်တူး၍ လှူခြင်း။
(၆) ဥပဿယ ဒါန-ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်၊ ဆေးရုံ ဆေးခန်း စသော အဆေက်အအုံများ ဆောက်လုပ်၍ လှူခြင်းတို့ ဖြစ်သည်။

ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
ကျွန်တော်သည် ယင်းဒါန ၆-မျိုးလုံး အပါအ၀င် ကုသိုလ်ဒါနပြုတိုင်း ဘုရား တရား သံဃာတော်များ၏ ဂုဏ်ရည်များကို နှလုံးသွင်းပြီး ပညာဦးစီးသည့် သဒ္ဓါတရားဖြင့် လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့်လည်း ယခု ပစ္စုပ္ပန်ဘ၀၌ပင် လက်တွေ့အကျိုးခံစားရကြောင်း ဖြစ်ရပ်မှန်ကို တင်ပြပါမည်။

ကျွန်တော်၏ မွေးရပ်မြေဖြစ်သော တောင်သာမြို့နယ် ကျောက္ကာတောင်ကုန်းရွာတွင် မိဘများက ၁၉၉၀- ပြည့်နှစ်တွင် ဘုရားတည်ကျောင်းဆောက်၍ လှူဒါန်းခဲ့ပါသည်။ ယင်းနှစ် တော်သလင်းလဆန်း ၁၀-ရက်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဘုရားပူဇော်ပွဲကို မိခင်ကြီးက ဦးစီးကျင်းပခဲ့ပါသည်။ ဤပူဇော်ပွဲများကို နှစ်စဉ်နှစ်တိုင်း မိခင်ကြီးက ဦးစီးကျင်းပခဲ့ရာ ၁၉၉၂-ခုနှစ် ကြဂုတ်လ ၃၁-ရက်နေ့ မခင်ကြီး ကွယ်လွန်ချိန်အထိ ဖြစ်ပါသည်။

ကျန်ရစ်ခဲ့သော သားသမီးများက ဦးစီး၍ ၁၉၉၃-ခုနှစ်မှ စတင်ပြီး ယခင်ပူဇော်ပွဲများအပြင် အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲပါ ထည့်သွင်းပူဇော်ခဲ့ရာ ယခုဆိုလျှင် ပဋ္ဌာန်းပူဇော်ပွဲက ၁၆-ကြိမ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ၁၉-ကြိမ် တိတိ ရှိခဲ့ပါပြီ။
၂၀၀၀-ပြည့်နှစ်တွင် ကျွန်တော်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနိုင်ရန် အလျား ၂၈-ပေ၊ အနံ ၂၄-ပေရှိသော တထပ်ကျောင်းငယ်လေးကို၎င်း၊
၂၀၀၁-ခုနှစ်တွင် စက်ရေတွင်းနှင့် ရေကန် ရေစက်များကို၎င်း၊ မိမိ၏မွေးရပ်မြေတွင် လှူဒါန်းခဲ့ပါသည်။
ထို့ပြင် ၂၀၀၄-ခုနှစ်တွင်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် မင်းကွန်းတောရကျောင်း၌ ကုဋီ၊ ရေချိုးခန်းနှင့် ခြင်လုံဆန်ခါတို့ကို လှူဒါန်းခဲ့ပါသည်။

၂၀၀၆-ခုနှစ် နယ်၌ တာဝန်ထမ်းဆောင်နေစဉ် သင်္ကြန်အားလပ်ရက်တွင် တမူးမြို့ မစိန်တောရကျောင်း၌ သတ္တမအကြိမ်မြောက် ဒုလ္လဘ ရဟန်းခံခဲ့ပါသည်။ ထိုအချိန်က ကျောင်းထိုင်ဆရာတော်ကြီးသည် ကျွန်တော် (ဒုလ္လဘရဟန်း) အတွက် အေးအေးချမ်းချမ်းနှင့် မပင်မပန်း တရားအားထုတ်နိုင်ရန် ကျောင်းဝင်း အနောက်မြောက်ထောင့်၌ရှိသော ကျောင်းတဆောင်ကို သီးသန့်ပေး၍ သီးတင်းသုံးစေခဲ့ပါသည်။ ကျောင်းငယ်အတွင်းရောက်ရှိသောအခါ ယခင်က ကျွန်တော်လှူဒါန်းခဲ့သော ကျောင်းအတိုင်း ရေချိုးခန်း၊ ကုဋီများပါ တွဲဖက်ဆောက်လုပ်ထားသည့်အပြင် ခြင်လုံဆန်ခါပါ တပ်ဆင်ထားသောကျောင်းတဆောင် ဖြစ်နေသည်ကို ကိုယ်တိုင် အံ့ဖွယ် ကြုံတွေ့ခဲ့ရပါသည်။

ထိုအခါ ကျွန်တော်၏စိတ်ထဲ၌ ယခင်က မိမိလှူဒါန်းခဲ့သည့်အတိုင်း ချက်ချင်းလက်ငင်း အကျိုးပေးကြောင်း သိရှိနားလည်သွားမိပါသည်။ နောင်တွင် တတ်နိုင်ပါက ယခင်ကထက် ပိုကြီးမားသောကျောင်းကို ဆောက်လုပ်လှူဒါန်းမည်ဟု အတွေးအကြံအစည်များ ၀င်ရောက်ခဲ့ပါသည်။
ထို့ကြောင့် သာသနာတော်အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းနေကြသော ပုဂ္ဂိုလ်များသည် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါတွင်လည်း လက်တွေ့အကျိုးများ ခံစား စံစားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဆင်တဲဝ မောင်မောင်ကြည်
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

No comments: