Tuesday, July 27, 2010

ဘာသာရေး ပြဿနာ ( ၂ )

( အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည် )

(မေး) အရှင်ဘုရား အလှူဒါနကြောင့် အကျိုးပေးရာ၌ လှူဖွယ်ဝတ္ထု၏ တန်ဖိုး၊
အလှူပွဲ ကြီးကျယ်ခမ်းနားမှု၊
အလှူခံပုဂ္ဂိုလ်အတွက် အလှူပစ္စည်း၏ အသုံးဝင်မှု၊
လှူဒါန်းသူ ဒါနရှင်၏စေတနာ, အစရှိသည်တို့တွင် မည်သည့်အပေါ်တွင် မူတည်၍ အကျိုးပေးပါသနည်း။

(ဖြေ)
ဒါနရှင်၏ စေတနာအပေါ်၌ မူတည်၍ အကျိုးပေးပါသည်။ သို့သော် လှူဖွယ်ဝတ္ထု စသည်တို့သည်လည်း အထောက်အကူ ပြုကြပါသေး၏။

အကျယ်ပြပါဦးမည်။
သတ္တ၀ါတို့၏ စိတ်အစဉ်သည် မြစ်ရေအယဉ်စီးနေသကဲ့သို့ တခုပြီးတခု ပျက်ကာဖြစ်ကာ တစဉ်တတန်းကြီး ဖြစ်ပျက်နေ၏။ ထိုစိတ်အစဉ်တွင် စေတနာ-ဟုခေါ်ရသော တရားတမျိုးလည်း ပါဝင်၏။ စေတနာ-ဟူသော ပါဠိစကားသည် လှုံ့ဆော်ပေးသောတရား-ဟု အနက်ထွက်၏။ သတ္တ၀ါများ၏ စိတ်သည် အိပ်ပျော်နေစဉ်အခါ ကဲ့သို့ မထင်မရှား အမှတ်တမဲ့ ဖြစ်ပျက်သွားသော စိတ်များ၌ စေတနာပါသော်လည်း ထိုစေတနာ၏ လှုံ့ဆော်အားသည် မထင်မရှားပင် ဖြစ်၍ သူ၏သတ္တိသည်လည်း ခန္ဓာအစဉ်၌ မကျန်ရစ်ပါ။

( ကုသိုလ်၊ အကုသိုလ် စေတနာ)
လောဘ၊ ဒေါသ၊ စသော အပြစ်ကင်း၍ သန့်ရှင်းသောစိတ်ကို ကုသိုလ်စိတ်ဟုခေါ်၏။
လောဘ၊ ဒေါသ စသော အပြစ်မကင်း၍ မသန့်ရှင်းသော စိတ်ကို အကုသိုလ်စိတ်ဟု ခေါ်၏။ ထိုစိတ်တို့၌ စေတနာ၏ လှုံ့ဆော်မှုအားလည်း အထင်အရှားပါဝင်၏။ စေတနာ၏ လှုံ့ဆော်မှုအင်အား ကောင်း-မကောင်း လိုက်၍ ကုသိုလ်၊ အကုသိုလ်စိတ်လည်း ကြီးကျယ် မကြီးကျယ် ကွဲပြား၏။ လှုံ့ဆော်-ဟူသည် စေတနာက အတူဖြစ်ဖက် စိတ်စေတသိက်တို့ကို ဆိုင်ရာအလုပ်၌ တက်တက်ကြွကြွပါဝင်ကြအောင် နှိုးဆော်ပေးခြင်း တည်း။(အသင်းတခု၌ အကျိုးဆောင် အတွင်းရေးမှူး၏ အလုပ်မျိုး ဖြစ်သည်)။
ထို့ကြောင့် ထိုစေတနာကိုသာ ကမ္မ (အမှုသည်) ဟု နာမည်တပ်၍ စေတနာကို ကံတရားဟု ခေါ်စမှတ်ပြုကြ ရသည်။ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ စေတယိတွာ ကမ္မံ ကရောဟိ ကာယေန ၀ါစာယ မနသာ-ဘိက္ခုတို့ စေတနာကို ကံဟူ၍ ဟောတော်မူ၏။) စေတနာဖြင့် စေ့ဆော်၍ (လှုံ့ဆော်၍) ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်သက်သက်ဖြင့် ဖြစ်စေ ကံကိုပြုရသည်။
(အင်္ဂုတ္တိုရ် ဆက္ကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ မဟာဝဂ်၊ နိဗ္ဗေဓိကသုတ် ပါဠိတော်)

( သတ္တိ၏ အကျိုး )
ထိုပြခဲ့သော စေတနာကံသည် (ရုပ်၊ နာမ် ထုံးစံအတိုင်း) ဖြစ်ပြီး၍ ပျက်စီးရသော်လည်း သူ၏သတ္တိကိုကား ခန္ဓာအစဉ်၌ ချန်ထားခဲ့၏။ ထိုသတ္တိသည် အကျိုးပေး၏။ မိဘကိုဖြစ်စေ၊ ရဟန္တာကိုဖြစ်စေ သတ်သော အကုသိုလ်စေတနာကံ၏ ကမ္မသတ္တိသည် နောက်ဘ၀၌ အ၀ီစိကျလောက်အောင် အကျိုးပေး၏။ အခြားသော အကုသိုလ်စေတနာတို့တွင် တချို့စေတနာ၏ ကမ္မသတ္တိသည် ဘ၀အတိအကျမဟုတ်ဘဲ သင့်တော်သောဘ၀၌ ကာလ ဂတိ ဥပဓိ ပယောဂ မကောင်းမှုကိုလိုက်၍ ထိုက်သလို မကောင်းကျိုးကိုပေး၏။

ကုသိုလ်စေတနာတို့တွင် မဂ်ကုသိုလ် စေတနာ၏သတ္တိသည် မိမိဖြစ်ပြီး၍ ချုပ်ပြီးနောက် တဆက်တည်း ဖိုလ်အကျိုးကို ပေး၏။
ဈာန်စေတနာ၏ သတ္တိသည် နောက်ဘ၀၌ ဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်အောင် အကျိုးပေး၏။
အခြားသော ကုသိုလ်စေတနာ၏ သတ္တိများကား သင့်တော်ရာဘ၀၌ ကာလ ဂတိ ဥပဓိ ပယောဂ လိုက်၍ အကျိုးပေးသည်။
(ကာလ ဂတိ ဥပဓိ ပယောဂ အကြောင်းကို ကိုယ်ကျင့်အဘိဓမ္မာ၌ အကျယ်ပြခဲ့ပြီ)။

(အကျိုးပေးမည့်ကံ ပေါ်လာပုံ)
သတ္တ၀ါတယောက်၏ ခန္ဓာအစဉ်၌ ဤဘ၀၊ ရှေးဘ၀တို့ဝယ် ပြုခဲ့သမျှသော ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ကမ္မသတ္တိအများအပြားပါရှိ၏။ သေခါနီးသောအခါဝယ် အကျိုးပေးခွင့်သာသောကံသည် (သို့မဟုတ် ထိုကံပြုစဉ်က ပါဝင်ခဲ့သော အရာဝတ္ထုသည်) အိပ်မက်မက်သကဲ့သို့ စိတ်အစဉ်မှာ ပေါ်ထင်လာ၏။ ယခု လောလောဆယ် ပြုနေရသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ စိတ်ထဲ၌ ထင်နေခိုက်ဝယ် စုတိစိတ်ကျ၍ နောက်ဘ၀ ပဋိသန္ဓေစိတ် အသစ်တဆက်တည်း ဖြစ်၏။ ထိုပဋိသန္ဓေစိတ်သည် ထိုသေခါ နီး၌ထင်သော ကံကြောင့် ဖြစ်ရသော အကျိုးပင်တည်း။

တချို့၌ကား သေခါနီးဝယ် နောက်ဘ၀၌ တွေ့ကြုံရတော့မည့် အာရုံများ စိတ်အစဉ်မှာ ထင်ပေါ်လာ၏။ ထိုသို့ထင်လာသောအခါ အကုသိုလ်ကံ အကျိုးပေးခွင့်သာ၍ ငရဲအာရုံများ ထင်လာသူမှာ သေခါနီး၌ အလွန်ကြောက်ရွံ့သောမျက်နှာဖြင့် ဆူပူမြည်တမ်း၍ နေတတ်၏။ ကုသိုလ်ကံအကျိုးပေးခွင့်သာ၍ ကောင်းသောဘ၀မှ ကောင်းသောအာရုံများ ထင်လာသူမှာ ကြည်လင်သောမျက်နှာဖြင့် ပြုံးရွှင်သော အမူအရာကို ပြတတ်လေသည်။ ဤနည်းအားဖြင့် ယခုဘ၀၌ အတော်ကြာသောကာလကဖြစ်စေ၊ ရှေးရှေးဘ၀တို့ကဖြစ်စေ ပြုခဲ့သော ကံပင်ဖြစ်သော်လည်း အကျိုးပေးခါနီး၌ အသစ်ပြုရသကဲ့သို့ ဖြစ်သောကြောင့် ဆိုင်ရာ ကောင်းကျိုး ဆိုးကျိုး ဘ၀အသစ်တမျိုးကို ဖြစ်စေနိုင်ကြပေသည်။

( ပ၀တ္တိအကျိုး )
ပဋိသန္ဓေစိတ်ဖြစ်ပြီးနောက် တဘ၀လုံး ကာလကို ပ၀တ္တိအခါဟု ခေါ်၏။ ပဋိသန္ဓေအသစ်ကို ဖြစ်စေပြီးနောက် ထိုကံဖြစ်စေ၊ အခြားကံဖြစ်စေ၊ ရောက်ရာဘ၀၌ ကောင်းကျိုး ဆိုးကျိုးကို ပေးနိုင်ကြ၏။ ထိုသို့ပေးရာ၌ ဂတိဟုခေါ်အပ်သော ဘ၀၊ မိမိဖြစ်ရာ အချိန်ကာလ၊ ရုပ်အဆင်းဟူသော ဥပဓိ၊ ပြုလုပ်ပြောဆိုအပ်သော ပယောဂတို့ကိုလိုက်၍ ထိုက်သလို အကျိုးပေးကြသည်။ ဂတိစသည် မကောင်းလျှင် အကုသိုလ်ကံတို့ အကျိုးပေးခွင့်ရကြ၏။ ဤသို့ စသည်ဖြင့် သိဖွယ်တွေမှာ အလွန်ကျယ်ဝန်းများပြားသောကြောင့် ချန်ထားရပါတော့မည်။ လိုရင်းအချုပ်မှာ-ကုသိုလ်ရှင်၏ စေတနာပေါ်မှာမူတည်၍ (စေတနာထက်လျှင် ထက်သလို၊ စေတနာညံ့လျှင် ညံ့သလို) အကျိုးပေးသည်-ဟု ဆိုလိုပါသည်။

( လှူဖွယ်ဝတ္ထု၏ တန်ဖိုး)
စေတနာက အကျိုးပေးရာ၌ လှူဖွယ်ဝတ္ထုသည် (စေတနာ၏အာရုံအဖြစ်ဖြင့်) အထောက်အကူပြု၏။ မိမိ၏စေတနာကို မိမိစဉ်းစားလျှင် ညံ့သောလှူဖွယ်ဝတ္ထုကို ကြည့်ရသောအခါ ၀မ်းသာအားရ မရှိကြောင်း၊ ကောင်းသော လှူဖွယ်ဝတ္ထုကို ကြည့်ရသောအခါ ၀မ်းသာအားရ ရှိကြောင်း သိသာ၏။ ဒါနပြုရာ၌ ၀မ်းမြောက်ဝမ်းသာပြုရသော ဒါနစေတနာသည် ထက်သန်သော စေတနာဖြစ်ရကား အကျိုးပေးသော အခါလည်း ထက်ထက်သန်းသန်း အကျိုးပေးလိမ့်မည်သာ။

(ဓမ္မိယလဒ္ဓအလှူ)
(ဓမ္မိယ-တရားနှင့်လျော်စွာ+လဒ္ဓ-ရအပ်သောပစ္စည်း) တရားသဖြင့် ရှာဖွေ၍ရအပ်သော ပစ္စည်းဥစ္စာကို ဓမ္မိယလဒ္ဓ-ပစ္စည်းဟုခေါ်၏။ ထိုဝတ္ထုပစ္စည်း၏ ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ဖို့ရာလည်း အရေးကြီးပြန်၏။ မတရား ရှာဖွေ၍ ရအပ်သော (အဓမ္မိယလဒ္ဓ) ပစ္စည်းအလှူထက် ဓမ္မိယလဒ္ဓပစ္စည်းကို လှူခြင်းက သာ၍ အကျိုးကြီး၏။ ဤစကားကိုထောက်၍ လှူဖွယ်ဝတ္ထုက စေတနာကို အထောက်အကူပြုနိုင်ကြောင်း သိသာပေသည်။

( ဇာတ်တော် )
အစိုးရသူ (မျက်နှာကြီးသူပေါင်း) တသိန်းသည် သူတပါးကို ညှဉ်းဆဲနှိပ်စက် မျက်ရည်ထွက်အောင် အခွန်ဘဏ္ဍာ ပစ္စည်းဥစ္စာကို မတရားစုဆောင်း၍ ကိုယ်စီကိုယ်င တသိန်းကုန်ပေးလှူကြသည်ဟု ဆိုကြစို့။ မတရားပစ္စည်း ရှာသော ထိုလူပေါင်းတသိန်း၏ စုဆောင်းထားသော ထိုအလှူကြီးသည် တရားသဖြင့် အသက်မွေးသူ ဆင်းရဲသား လူတယောက်၏ သာမန်ဒါနကိုထောက်သော် နှစ်ရာ့ငါးဆယ်ခြောက်စိတ်စိတ်၍ တစိတ်လောက်မျှ အဖိုးမတန်ပါ။

(အလှူပွဲ၏ ကြီးကျယ်မှု)
အလှူဒါနပြုရာ၌ အလှူပွဲ၏ ကြီးကျယ်ခမ်းနားမှုကလည်း စေတနာထက်သန်ဖို့ရန် အထောက်အကူ ပြုနိုင်၏။ သို့သော် ထိုသို့ကြီးကျယ်ခမ်းနားအောင် ဆင်ပြင်ရာ၌ ရည်ရွယ်ချက် သန့်ရှင်း-မသန့်ရှင်းကိုကား စိစစ်ဖို့ လိုပါသေးသည်။ ရည်ရွယ်ချက် သန့်ရှင်းမှ စေတနာကို အထောက်အကူပြု၍ ရည်ရွယ်ချက် မသန့်ရှင်းလျှင် ဒါနစေတနာကိုပင် အနှောက်အယှက် ပြုနိုင်ပါသေး၏။
ရှင်းပြဦးမည်။
ဝေဿန္တရာမင်းသည် အလှူရုံကြီးများကို ၆-ဌာနဆောက်လုပ်၍ တနေ့လျှင် ၆-သိန်းမျှ အကုန်ခံကာ ကြီးကျယ်သော ဒါနကိုပြု၏။ ရှေးရှေးသူတော်ကောင်းများလည်း ထိုကဲ့သို့ပြုကြ၏။ ထိုဒါနတို့၏ ကြီးကျယ်ခမ်းနား မှုသည် ဂုဏ်ပကာသနအတွက် မဟုတ်။ အချီးမွမ်းခံလို၍လည်း မဟုတ်။ ဘ၀စည်းစိမ်ကို လိုလား၍လည်းမဟုတ်၊ ဆင်းရဲသူဆင်းရဲသား အများအပြားကို စားကြစေလို၊ သောက်ကြစေလိုသော မေတ္တာကရုဏာနှင့် စားသောက်ကြသည်ကို ၀မ်းမြောက်သော မုဒိတာအရင်းခံပါသော ကြီးကျယ်ခြင်းသာဖြစ်၏။ ထိုကဲ့သို့ ကြီးကျယ် ခမ်းနားမှုကား ဒါနစေတနာကို များစွာအထောက်အကူ ပြုနိုင်ပါသည်။

( အထောက်အကူ မပြုနိုင်သော ခမ်းနားမှု )
သူတပါးနှင့် ပြိုင်ဆိုင်လိုသော၊ အနိုင်ယူလိုသော၊ အချီးမွမ်းခံလိုသော၊ မိမိကို အလှူရှင်ဟု ထင်ရှားပြလျက် ၀ါကြွားလိုသော၊ နောက်နောက်ကာလ၌ ဘ၀စည်းစိမ်ကို တောင့်တသော အကုသိုလ် တဏှာရာဂ မာနတို့ကို အရင်းခံ၍ ကြီးကျယ်ခမ်းနားသော၊ လှပထည်ဝါသော အလှူမဏ္ဍပ်ကြီးကို ဆောက်လုပ်ပြီးလျှင် မပင့်လျှင် မကောင်းသော ပုဂ္ဂိုလ်နှင့် နာမည်ကြီးပုဂ္ဂိုလ်များကို တင်ကြိုပင့်လျှောက်ကာ မျက်နှာကြီးတို့ကိုသာဖိတ်၍ (သူတို့အိမ်၌လည်း စားလေ့ရှိသော) စားကောင်းသောက်ဖွယ်များကို ကျွေးမွေးခြင်းမရှိ ဆင်းရဲသားများကိုကား လားလားမျှ အနားသို့ မသီစေလိုခြင်း၊ ထိုကျွေးမွေးခိုက်၌လည်း တီးဝိုင်းမှ တငြိမ့်ငြိမ့်တီးကာ တဏှာရာဂဖြင့် စားကြ သောက်ကြခြင်း၊ အလှူရှင်ကလည်း နှုတ်ဆက်ရ၊ လောကွတ်လုပ်ရနှင့် ဗျာပါရများနေရခြင်း၊ အလှူပွဲ ပြီးခါနီးမှ ကပျာကယာ ရေစက်ချ၍ လှူဒါန်းရခြင်းတို့ဖြင့် ခြယ်လှယ်ထားသော ဒါန၏ ကြီးကျယ်ခမ်းနားခြင်း၌ သန့်ရှင်းသော ရည်ရွယ်ချက်နည်းပါးရကား အနှစ်ပါသော စေတနာကောင်းကလေးကိုပင် အတော်ကောင်းသော ဉာဏ်စက္ခုမှန်ပြောင်းဖြင့် ရှာနိုင်မှ တွေ့မြင်နိုင်ပါလိမ့်မည်။

( အပိုပစ္စည်း၏ အသုံးဝင်မှု )
အသုံးမကျ၍ ပိုလျှံနေသော အလှူပစ္စည်းများကို လှူခြင်းထက် အသုံးဝင်သော ပစ္စည်းကို လှူခြင်းက သာ၍ စေတနာကို အထောက်အကူ ပြုနိုင်၏။
ရှင်းပါဦးမည်=အသုံးမ၀င်ဘဲ ပိုလျှံနေသော ပစ္စည်းသည် အလှူခံပုဂ္ဂိုလ်မှာ အကျိုးမများပါ။ အသုံးဝင်သော ပစ္စည်း (၀ိနည်းတရားတော်နှင့်လည်း လျော်သောပစ္စည်း)ကား အလှူခံပုဂ္ဂိုလ်မှာ အကျိုးများပါသည်။ အလှူခံပုဂ္ဂိုလ်မှာ အကျိုးများကြောင်း သိရလျှင် အလှူရှင်မှာလည်း ကုသိုလ်စေတနာ ပို၍ ထက်သန်လာနိုင် ပါသည်။ (တပည့်တော်တို့သည် အဘယ်ပုဂ္ဂိုလ်၌ လှူရပါမည်နည်း-ဟု မေးလာလျှင် သင်တို့၏ အလှူပစ္စည်းကို အသုံးဝင်မည့်နေရာ၊ ကျောင်း စသည်ဖြစ်လျှင် ပျက်စီးသောအခါ ပြင်ဆင်မည့်နေရာ၊ ကြာရှည်တည်တံ့မည့် နေရာ၌ လှူကြလော့-ဟု ပြောနိုင်သည်။)
(၀ိနည်းပါဠိတော်၊ နိဿဂ္ဂိယပါစိတ်၊ ပတ္တ၀ဂ် ဒသမသိက္ခာပုဒ်)

မှတ်ချက်။ ။ ယခုအခါ များစွာသော အလှူကြီးတို့၌ တယောက်ကလှူပြီးသော သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်၊ ခုတင်၊ ခြင်ထောင် စသည်ကို ထပ်၍လှူကြ၏။ ကထိန်များ၌လည်း ထိုပစ္စည်းများအပြင် နာရီ၊ ကော်ဇော၊ လက်နှိပ်ဓာတ်မီး၊ စသော နိုင်ငံခြားဖြစ် ပစ္စည်းများကို (ပြင်ဆင်၍လှအောင်) လှူကြ၏။ ထိုအလှူကြီးများကြောင့် နိုင်ငံခြားသို့ အခွန်ဆက်ရသော ကုန်ကျစရိတ်တွေ မနည်းလှချေ။ ကျောင်းရောက်သောအခါ၌လည်း ပရိယတ်၊ ပဋိပတ်ကို အထောက်အကူ မပြုနိုင်ရုံသာမက ဝေငှစရာ တပည့်ပရိသတ်မရှိသောကျောင်းမှာ သိမ်းဆည်း ရသောအလုပ်တာဝန်သာ ပိုလာ၏။ တချို့ပုဂ္ဂိုလ်များလည်း ထိုပစ္စည်းများကို မအပ်ဆုံးသော ငွေအဖြစ် ရောက်အောင် စီမံကြ၏။ ထိုကဲ့သို့ဖြစ်ပုံကို စဉ်းစားကာ အလှူဒါနနှင့်စပ်၍ မှတ်ဖွယ်များကို အနာဂတ် သာသနာရေးကျမ်း၌လည်း ပြခဲ့ပြီးပါပြီ။

( မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)

No comments: