Friday, July 16, 2010

ဘာသာရေး ပြဿနာ (၁)

(အမရပူရ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ အရှင်ဇနကာဘိဝံသ ဖြေသည်)

(မေး) ( ဒါနနှင့်စပ်သော မေးခွန်းများ )
အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကုသိုလ်ရေးသုံးပါးတွင် မည်သည်က လောကုတ္တရာအကျိုးပေး အကောင်းဆုံးပါနည်း။

(ဖြေ)
ဒါနထက် သီလသည် အကျိုးပေးသာ၏။
သီလထက် ဘာဝနာက သာလွန်၍ အကျိုးပေးပါသည်။
ထိုသို့အကျိုးပေးရာ၌ ဒါနနှင့် သီလသည် လောကီဘုံ၌သာ အကျိုးပေးနိုင်၏။ တိုက်ရိုက်အားဖြင့် လောကုတ္တရာ (မဂ်ဖိုလ်နိဗ္ဗာန်) အကျိုးကို မပေးနိုင်၊ ၀ိပဿနာဘာဝနာကသာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာအကျိုးကို ပေးနိုင်သည်။

ချဲ့ပါဦးမည်။
ဒါနထက် သီလက သာလွန်ပုံကို ကိုယ်ကျင့်အဘိဓမ္မာကျမ်း သီလခန်း၌ အကျယ်ပြထားပြီ။ ဤနေရာ၌ ဒါနထက် သီလက သာလွန်ပုံကို အကြောင်းတမျိုး ပြပါဦးမည်။ မည်သည့်ကုသိုလ်ကောင်းမှု အလုပ်မဆို အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာ၌ အထိရောက်ဆုံးအလုပ်သည် သတ္တိအထက်ဆုံး၊ အကျိုးပေးနိုင်ဆုံး ဖြစ်၏-ဟု ရှေးဦးစွာ မှတ်သားပါ။

( ဒါနနှင့်သီလ)
ဒါနပြုသောအခါ အတွင်းသန္တာန်၌ စိတ်စေတနာ အရင်းခံပါသော်လည်း စွန့်ကြဲပေးကမ်း လှူဒါန်းရာဝယ် ကိုယ်ဖြင့်ပြုလုပ်ရသော ကာယကံအလုပ်၊ နှုတ်ဖြင့် ယူငင်ပါ၊ စားပါ၊ သောက်ပါ၊ ဘုဉ်းပေးပါ-ဟုပြောဆိုသော ၀စီကံအလုပ်၊ အအလုပ် ၂-မျိုးကို ပြုလုပ်နေ၏။
သီလစောင့်ရာ၌ကား ကိုယ်ဖြင့် သူ့အသက်သတ်မှု စသော မကောင်းမှုကို မပြုမိအောင၊် နှုတ်ဖြင့် မုသားစသော စကားမျိုးကို မပြောမိအောင်၊ စိတ်ကို စောင့်စည်းနေရ၏။ ထို့ကြောင့် သီလစောင့်ရာ၌ စိတ်၏တာဝန်သည် နေရာတိုင်းမှာ အရေးတကြီး ပါဝင်နေ၏။

( နှိုင်းယှဉ်ခြင်း )
ကိုယ်ဖြင့်ပြုလုပ်ရ၊ နှုတ်ဖြင့်ပြောဆိုရသော ဒါနအလုပ်သည် ခန္ဓာအစဉ်ဝယ် ဓာတ်တည်၍ နေသော အ၀ိဇ္ဇာ တဏှာကို တိုက်ရိုက်မထိခိုက်နိုင်။ သွယ်ဝိုက်၍သာ ထိခိုက်နိုင်၏။ စိတ်ဖြင့် ပြုလုပ်ရသော သီလအလုပ်ကား စိတ်ကို စောင့်စည်းတိုင်း စောင့်စည်းတိုင်း အ၀ိဇ္ဇာတဏှာဓာတ်ကို ပါးလှပ်သွားအောင် ထိခိုက်နိုင်၏။
ဥပုသ်သီလသည်ကား မေထုန်မှ ရှောင်ရခြင်း၊
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းတို့မှ ရှောင်ရခြင်း၊
ပန်းနံ့သာ လိမ်းကျံခြယ်လှယ်ခြင်းမှ ရှောင်ရခြင်းကြောင့် တဏှာရာဂကို တိုက်ရိုက်ပယ်ရှားနိုင်သော တရားဖြစ်ပေသည်။

ထို့ကြောင့် ဒါနထက် သီလသည် မွန်မြတ်၏။ ဒါနထက် သီလသည် ငြိမ်သက်အေးမြ၏။
အကျိုးပေးသောအခါ ဒါနရှင်သည် စည်းစိမ်ရှင်ဖြစ်၏။ သို့သော် သီလအကူအညီမပါလျှင် အေးချမ်းသာယာသော စည်းစိမ်ရှင်မဖြစ်ဘဲ စိတ်ဆင်းရဲသော စည်းစိမ်ရှင်သာဖြစ်နိုင်၏။
သီလအရှင်ကား ဒါနအကူအညီ မပါစေကာမူ အေးချမ်းသာယာ၏။ ဒါန အကူအညီပါလျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့်ဘုရားကဲ့သို့ ခံ့ညားထည်ဝါလျက် သာယာအေးမြနိုင်ပေသည်။ ထို့ကြောင့် သီလသည် ဒါနထက် သာလွန်မွန်မြတ်သည်-ဟု ပြောစမှတ်ပြုရပေသည်။

( နိမိမင်း စဉ်းစားပုံ)
နိမိ(နေမိ)မင်းသည် မြို့တွင်းငါးဌာန၌ အလှူရုံများကို ဆောက်လုပ်၍ တဌာနလျှင် နေ့စဉ်တသိန်းကုန် အလှူဒါနပြု၏။ ငါးပါးသီလကိုလည်း အမြဲစောင့်၍ ဥပုသ်နေ့များ၌ ဥပုသ်သီလကို စောင့်၏။ ထိုမင်းသည် နံနက်စောစော အိပ်ရာမှထပြီးလျှင် မိမိ၏ဒါန၊ သီလများကို ဆင်ခြင်လေရာ ဒါနနှင့် သီလတွင် ဘယ်အကျင့်ကသာ၍ အကျိုးကြီးပါလိမ့်မည်နည်း-ဟု စဉ်းစားလေသည်။

(သိကြားမင်းအဖြေ)
နေမိမင်း၏အကြံကို သိ၍ သိကြားမင်းလာပြီးလျှင် မဟာရာဇာ၊ ဒါနထက် သီလသည် အဆတရာ၊ အဆတထောင်၊ အဆတသိန်းတိုင်အောင် အကျိုးပေးသာလွန်ပါသည်။ သို့သော် ဒါန၊ သီလ ၂-မျိုးလုံးပင် သူတော်စင်ပညာရှိတို့ ကြံစည်အပ်သောအလုပ်များ ဖြစ်ပါသည်။ ထို့ကြောင့်ထိုအလုပ် ၂-မျိုးလုံး၌ မမေ့မလျော့ဘဲ အလှူကိုလည်း ပေးလှူပါ။ သီလကိုလည်း စောင့်ပါ-ဟု ပြောဆိုလေသည်။
(မဟာနိပါတ် နိမိဇာတကဋ္ဌကထာ)

မှတ်ချက်။ ။ ဤပြခဲ့သော စကားစဉ်အရ ဒါနထက် သီလသည် အကျိုးပေးသာလွန်ကြောင်း ကောင်းကောင်းထင်ရှားပေပြီ။ ထို့ပြင် ထပ်မံ၍ စဉ်းစားဖွယ်ရှိသေး၏။ အပါယ်လေးပါး ဆင်းရဲဒုက္ခ ခံနေရသူတို့သည် ဒါနမရှိသူများ မဟုတ်ကြ။ ဒါနရှိပါလျက် သီလပျက်မှု (သူ့အသက်သတ်မှု၊ သူ့ဥစ္စာ မတရားယူမှု၊ သူ့မယားကို ကျူးလွန်မှု၊ မိမိလင်မှ တပါးသောယောက်ျားနှင့်ဖောက်ပြန်မှု၊ မုသားပြောမှု စသော အကုသိုလ်အမှု) ကြောင့်သာ အပါယ်လေးပါး၌ ဒုက္ခရောက်နေကြရသည်။ ထိုသူတို့၌ပါရှိသော ဒါနကောင်းမှု သည်လည်း ဂတိဝိပတ္တိဖြစ်သော ထိုအပါယ် ၄-ပါး၌ အကျိုးပေးခွင့် မရကြသဖြင့် အကျိုးမပေးနိုင်ကြချေ။

ထို့ကြောင့် ဒါန သီလ ၂-ပါးတွင် သီလသည်သာ ဘ၀ကောင်းကျိုးရဖို့ ရှေ့သွားဖြစ်၍ သီလအတွက် ဘ၀ကောင်း ရမှ ဒါနအကျိုးပေးနိုင်သည်ဟု သဘောပေါက်ကြလျှင် ငါးပါးသီလကို အထူးစောင့်ရှောက်၍ ဒါနကိုကား စားဦးစားဖျားကို ရဟန်းသံဃာ ဆရာမိဘတို့အား ပေးလှူခြင်း၊ စားကြွင်းစားကျန်ကို တောင်းရန်းလာသူတို့အား ပေးခြင်းဖြင့် နေ့စဉ်ပြုသင့်ကြ၏။ ဒါနအကြီးအကျယ် လုပ်နိုင်အောင် သီလအပျက်ခံ၍ကား မည်သည့်နည်းနှင့်မျှ စီးပွားမရှာထိုက်ဟု မှတ်ပါ။

( ဘာဝနာ)
ဘာဝနာ -ဟူသောပါဠိစကားသည် စိတ်နေစိတ်ထားကို ကြီးမားမြင့်မြတ်အောင် တိုးပွားစေတတ်-ဟူသော အနက်ကိုပြ၏။ သတ္တ၀ါတို့၏ စိတ်ဓာတ်သည် အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် သိဖွယ်ဟူသမျှကို မသိတတ်သည့်ပြင် တဏှာအစွမ်းကြောင့် ကာမဂုဏ်အာရုံများကို တောင့်တခင်မင် လိုချင်နေ၏။ ထို့ကြောင့် ပင်ကိုအားဖြင့် ကြီးမားမြင့်မြတ်သော စိတ်ဓာတ်မဟုတ်ချေ။ အလွန် ကလေးကလားနိုင်သော အသေးစားအညံ့စား ဖြစ်နေ၏။ ထိုအသေးစား အညံ့စားစိတ်ကို ကြီးမားမြင့်မြတ်လာအောင် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ဟူသော ဘာဝနာ ၂-မျိုးတွင် တမျိုးမျိုးဖြင့် တိုးပွားအောင် ကြိုးစားသောအခါ အ၀ိဇ္ဇာတဏှာ ပါးလှပ်သွားသောကြောင့် စိတ်နေစိတ်ထားလည်း နဂိုအနေထက် ကြီးမားမြင့်မြတ်လာနိုင်ပေသည်။

( သမထ ဘာဝနာ)
သမထ-ဟူသောပါဠိစကားသည် ကိလေသာတို့ကိုလည်းကောင်း၊ ထိုထိုဤဤ ကြံစည်တတ်သော ၀ိတက်စသည်ကိုလည်းကောင်း ငြိမ်းစေတတ်-ဟူသော အနက်ကိုပြ၏။
တရားသဘောမှာ သမာဓိ-ပင်တည်း။
မြန်မာလို တည်ငြိမ်သော တရား-ဟုခေါ်၏။
သတ္တ၀ါတို့၏စိတ်သည် နဂိုသဘောအတိုင်းအားဖြင့် ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် တည်ငြိမ်မှုမရှိ။ ဤသမထကမ္မဋ္ဌာန်းကို အားထုတ်သောအခါ ထွက်သက်-၀င်သက် စသောအာရုံတခု၌ စိတ်စိုက်၍ထားရ၏။ ထိုသို့ စိတ်စိုက်၍ထားသဖြင့် ထိုအာရုံ၌ စိတ်အစဉ်မြဲနေခြင်းကို သမာဓိရခြင်း-ဟုခေါ်၏။ စိတ်အစဉ်က ထိုအာရုံတခု၌ မြဲနေသောကြောင့် လောဘစသော ကိလေသာ၊ ၀ိတက်စသော တရားတို့မပေါ်ဘဲ စိတ်အစဉ်သည်လည်း တည်ကြည်၍နေလေသည်။ ဤသမထဘာဝနာ ပေါက်လျှင် ဈာန်ရ၍ ကာမဂုဏ်ကင်းရာ ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သောကြောင့် အ၀ိဇ္ဇာတဏှာဓာတ်ကို များစွာပါးလှပ်အောင် ပြုနိုင်သော တရားပေနည်း။

( ၀ိပဿနာ ဘာဝနာ)
ဝိ-အနိစ္စဟုလည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ+
ပဿနာ-ရုပ်နာမ်အာရုံ၌ ကြည့်ရှုနေခြင်းကို ၀ိပဿနာ-ဟုခေါ်၏။
တရားသဘောမှာ ဉာဏ်ပညာ-ပင်တည်း။
မိမိ၏ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကို မမြဲသောအနိစ္စတရား၊ မကောင်းသော ဒုက္ခတရား၊ အနှစ်မပါသော အကာချည်းသာဖြစ်သော အနတ္တတရား-ဟု ထပ်၍ ထပ်၍ ကြည့်ရှုနေသောအခါ မှန်ကန်သော (အနိစ္စတရားကို အနိစ္စအတိုင်း အမှန်သိသော) အသိဉာဏ်ဖြစ်၏။ ထိုအခါ မိမိကိုယ်ခန္ဓာ၌ နဂိုက အကောင်းအမွန် နှစ်သက်စရာဟု ထင်မှတ်အောင် ကွယ်ကာသော အ၀ိဇ္ဇာနှင့် တွယ်တာသော တဏှာဓာတ်သည် ပါးလှပ်၍ သွားလေတော့၏။

ဤ၀ိပဿနာဘာဝနာဖြစ်အောင် ရှေးဦးစွာ သမထဘာဝနာကို တည်ထောင်ရသောကြောင့် ဤဘာဝနာ ၂-ပါးသည် အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာဝယ် အထိရောက်ဆုံးဖြစ်ရုံသာမက တဆင့်တက်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မြင်နိုင်သောကြောင့် သီလထက်ပင် အ၀ိဇ္ဇာတဏှာကို ပယ်နိုင်လောက်အောင် အကျိုးပေးကောင်း တရားဖြစ်ပါ ပေသည်။ သို့ရာတွင် ဤဘာဝနာ ၂-ပါးကို တက်ဖို့ရန် သီလကို အခြေခံရပါသေးသည်။
*******************************************************************************

(မေး)
အရှင်ဘုရား၊ အလှူဒါန ပေးကမ်းစွန့်ကြဲရာတွင် တိရစ္ဆာန်များအား ကျွေးမွေးပေးကမ်းခြင်း၊ လူသတ္တ၀ါတို့အား ကျွေးမွေးပေးကမ်းခြင်းနှင့် ရဟန်းသံဃာအား လှူဒါန်းခြင်းတို့သည် အကျိုးပေးရာ၌ မည်သို့ကွာခြားပါမည်နည်း။

(ဖြေ)
တိရစ္ဆာန်တို့အား ကျွေးမွေးခြင်းကြောင့် ဘ၀ပေါင်းတရာ၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ) ဟူသော အကျိုးကို ရ၏။
(တိရစ္ဆာန်ဟူရာ၌ အိမ်၌မွေးထားသော တိရစ္ဆာန်မဟုတ်။ အကြောင်းအားလျော်စွာ တွေ့ရသော ကြက်၊ ငှက်၊ ခွေး၊ ၀က်၊ စသော တိရစ္ဆာန်တည်း။ ကျွေးမွေးရာ၌ တကြိမ်အတွက် အ၀ကျွေးခြင်းတည်း။)

လူသတ္တ၀ါတို့တွင် မကောင်းသဖြင့် အသက်မွေးနေသော ဒုဿီလလူကို ကျွေးမွေးရာ၌ ဘ၀ပေါင်းတထောင်ဝယ် အာယု ၀ဏ္ဏ စသော အကျိုးကိုရ၏။
တရားသဖြင့် အသက်မွေးသော သာမန်သီလရှိသူတို့ကို ကျွေးမွေးရာ၌ ဘ၀တသိန်းဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာပ၀ယ် ဈာန်အဘိညာဉ်ရသော ရသေ့တို့ကို ကျွေးမွေးရာ၌ ကုဋေတသိန်းသော ဘ၀တို့ဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာတွင်းဝယ် သရဏဂုံတည်သော ဥပါသကာမှစ၍ သောတာပန်ဖြစ်ဖို့ရန် ရည်ရွယ်ချက်ရှိသော ဥပါသကာ၊ ဥပါသိကာမတို့ကို ကျွေးမွေးရာ၌ ဘ၀အသင်္ချေ (မရေမတွက်နိုင်သောဘ၀) တို့၌ အာယု ၀ဏ္ဏ စသော အကျိုးကို ရ၏။

သံဃာကို မရည်မှန်းနိုင်ဘဲ ရဟန်းပုဂ္ဂိုလ်ကို လှူဒါန်းရာ၌ ထိုရဟန်းက ပုထုဇဉ်သာ ဖြစ်နေသေးလျှင် ဘ၀အသင်္ချေတို့၌ အကျိုးပေးနိုင်၏။
သို့သော် လူဝတ်ကြောင်တို့အား ပေးသော ဘ၀အသင်္ချေနှင့်ကား မတူတတ်ချေ။ ထိုဘ၀အသင်္ချေတို့၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန-ချင်း အဆင့်ဆင့် သာလွန်နိုင်ပေသည်။
လူဥပါသကာတွင် ၅-ပါးသီလရှိသူနှင့် ၁၀-ပါးသီလ ထိန်းသူ ကွာသကဲ့သို့
လူဝတ်ကြောင်ထက် ရှင်သာမဏေအား လှူခြင်းသည် သာ၏။
ရှင်သာမဏေထက် ရဟန်းအား လှူခြင်းသည် သာ၏။
ရဟန်းတွင်လည်း သီလမစင်ကြယ်သောရဟန်းထက် သီလစင်ကြယ်သော ရဟန်းအား လှူခြင်းသည် သာ၏။
ဤသို့စသည်ဖြင့် ဘ၀အသင်္ချေချင်းတူသော်လည်း အဆင့်ဆင့်သာနေပုံကို သိပါ။ ဤအားလုံးသည် ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် ပါဠိတော်နှင့် အဋ္ဌကထာစကားများ ဖြစ်သည်။

မှတ်ချက်။
သံဃာ့ဂုဏ်တော်ကို ပြရာ၌ အနုတ္တရံ ပုညခေတ္တံ လောကဿ-အရိယာသံဃာတော်သည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိ။ ကောင်းမြတ်သော လယ်ယာ ဖြစ်ပါပေသည်-ဟု ဘုရားရှင်မိန့်တော်မူ၏။ ထို့ကြောင့် လယ်ယာမြေ၏ ကောင်းမကောင်းအလိုက် စိုက်ပျိုးကြသူတို့မှာ အပင်အသီး ရကြသကဲ့သို့ ထို့အတူ ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြသော ဒါယကာ ဒါယိကာမတို့မှာလည်း အလှူခံပုဂ္ဂိုလ်၏ သီလစသော အကျင့်ကောင်း ရှိမရှိလိုက်၍ အကျိုးရကြပေသည်။ သို့ဖြစ်၍ ပင်ကိုက အကုသိုလ်ကံကြောင့် တိရစ္ဆာန်အမျိုး၌ အကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကို ရကြသော တိရစ္ဆာန်တို့သည် သီလ၊ သမာဓိ၊ ပညာဉာဏ်လည်း မရှိရကား အညံ့ဆုံးလယ်ယာနှင့် တူကြပေသည်။
ကုသိုလ်ကံကြောင့် လူ့ဘ၀၌ ကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကိုရ၍ သီလမရှိသူ။ အသင့်အတင့်သီလရှိသူ၊ အတော်ကောင်းသော သီလရှိသူတို့ကား အဆင့်ဆင့် အတန်းကွာသော လယ်ယာမြေကောင်းများနှင့် တူကြ၏။ ထို့ကြောင့် လယ်ယာအမျိုးမျိုး၌ အလှူဒါနမျိုးစေ့ကို စိုက်ပျိုးသူတို့မှာ အဆင့်ဆင့်ကွဲပြားသောအကျိုးကို ရကြသည်ဟု မှတ်ပါ။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

No comments: