Tuesday, July 27, 2010

မမြင်နိုင်သော ကုသိုလ်

ဘုရားကြီးကုန်းဆိုသော ရွာကလေးတရွာတွင် ဦးထွန်းသောင်းဆိုသူ ရှိသည်။ သူသည် စည်းစနစ်အလွန်ကြီး သည်။ ဖြောင့်မတ်တည်ကြည်သည်။ အရပ်ရှည်ရှည်မားမားနှင့် လူဖြောင့်စိတ်တို ဖြစ်သည်။
နေထိုင်စားသောက်ရာတွင်လည်း စည်းစနစ်ကျကျ နေထိုင်စားသောက်သည်။ စစ်စစ်ကုတ်ကုတ်နှင့် ရှိတာလေးနှင့်ပင် ဖြစ်သလို စားသောက်တတ်သည်။ မိခင်အိုကြီးနှင့် သမီးလေးနှစ်ယောက်ကို ကျွေးမွေးပြုစုနေသူ ဖြစ်သည်။ သူ၏ဇနီးနှင့်မူကား သူ့သမီးများ ငယ်ငယ်လေးတည်းကပင် ကွဲနေကြသည်။

ဦးထွန်းသောင်းသည် သားကောင်း သားလိမ္မာ တယောက် ဖြစ်သည်။ မိခင်ကြီးကို လိုလေသေးမရှိ ကျွေးမွေးပြုစုသည်။ အ၀တ်အထည်တို့ကို လျှော်ဖွပ်ပေးသည်။ ခြေဆုပ်လက်နယ် ပြုစုပေးသည်။ မိခင်ကြီးမှာ မျက်စိကောင်းစွာ မမြင်တော့။ သို့ရာတွင် မညည်းမညူ ပြုစုသည်။

ဦးထွန်းသောင်းကို စာရေးသူ ချီးကျူးမိပါသည်။ မိခင်အပေါ် အလွန်ကောင်းလွန်းသည့် သူ့လိုသားမျိုး မတွေ့ဘူးပါ။ မိခင်အိုကြီးအား ပြုစုကျွေးမွေးသည့် ကုသိုလ်ကြောင့်လား မသိ။ သူ့မှာ လုပ်သမျှ ရောင်းရေးဝယ်တာ စီးပွားအဖြာဖြာတို့သည် အလွန်အဆင်ပြေသည်။ စီးပွားရေးမှာ တစတစ တိုးတက်လာသည်။ တဖြည်းဖြည်း ကြီးပွားချမ်းသာလာလေသည်။ ဦးထွန်းသောင်းကား အခြားသူမဟုတ်။ စာရေးသူ၏ ဦးလေးပင် ဖြစ်ပါသည်။

ဦးထွန်းသောင်းသည် ချွေတာနေထိုင်သော်လည်း အလှူအတန်းကတော့ ရက်ရက်ရောရော လှူတတ်သည်။ ဘုရားတရားလည်း အလွန်ရိုသေသည်။ သူ၏မိခင်ကြီး ကွယ်လွန်၍ သမီးများအသီးသီး အိမ်ထောင်ကျကုန် သောအခါ သူသည် သူနေထိုင်သည့် ရွာကလေးကို စွန့်ခွာ၍ မြို့တမြို့တွင် သွားရောက်နေထိုင်လေသည်။ တတ်နိုင်သမျှ အလှူအတန်းများကို စဉ်ဆက်မပြတ် လှူဒါန်းသည်။ သူနေထိုင်သော မြို့လေးတွင် ဘာမျှမလုပ်ဘဲ သင့်တော်သော အတိုးနှုန်းဖြင့် ငွေတိုးပေးစားသည်။ ဘုရားတရား အလုပ်ကိုသာ အားစိုက်လုပ်ကိုင်တော့သည်။ သူ့အိမ်တွင် သံဃာတော်များအတွက် ထိုင်ဆွမ်း လှူဒါန်းမှုကလည်း မရေတွက်နိုင်အောင် များပြားလှသည်။ ထိုများပြားသော ထိုင်ဆွမ်းများအတွက် ဆွမ်းရော ဆွမ်းဟင်းပါ နေ့စဉ်မပျက် မမောမပန်း သူကိုယ်တိုင် ချက်ပြုတ်သည်။ လှူဒါန်းသည်။

ဦးထွန်းသောင်းသည် သူနေထိုင်ခဲ့သော ရွာလေးတွင်ရှိသော လမ်းများကို ခင်းပေးသည်။ ရွာလမ်းများမှာ မကောင်းပါ။ မိုးတွင်းဆိုလျှင် ဗွက်နိုင်းချင်းနှင့် သွားလာနေကြရသည်။ ထို့ကြောင့် တရွာလုံးရှိ လမ်းများ အားလုံးကို အုတ်၊ ဘိလပ်မြေတို့ဖြင့် ကျကျနန ပြုလုပ်ပေးသည်။ ရွာသားများ သွားလာရေး အဆင်ပြေကောင်းမွန် စေရန် အထူးလှူဒါန်းခဲ့သည်။ လမ်းခင်းနေစဉ်အတွင်း မမျှော်လင့်ဘဲ ဦးထွန်းသောင်း အပြင်းဖျားကာ ခဏတာ သတိလစ်သွားလေသည်။

သတိပြန်ရလာသောအခါ သူ၏မရီးတော်သူ စာရေးသူအမေအား ပြောပြပါသည်။ မလှကြည်ရေ၊ ငါ သတိလစ်သွားတုန်း ကောင်းကင်ပေါ်ကို ငါ့ကိုခေါ်သွားပြီး ဟိုရောက်တော့ ဆောက်လက်စ ဗိမာန်ကြီးကို ပြတယ်။ မင်းနေရမယ့် နေရာလို့လည်း ပြောတယ်၊ ငါက ကျွန်တော်နေလို့ မဖြစ်သေးဘူး လမ်းခင်းတာ မပြီးသေးလို့ပါလို့ ပြောလိုက်တယ်-တဲ့။

ထိုအကြောင်းကို အမေကလည်း စာရေးသူတို့ အိမ်သားအားလုံးကို ပြန်ပြောပြပါသည်။ စာရေးသူကတော့ မယုံပါ။ စိတ်စွဲလို့ မက်တာနေမှာပါ-ဟု ပြန်ပြောလိုက်ပါသည်။
ဤသို့နှင့် ၅-နှစ်မျှကြာသွားပြီး ၂၀၀၈-ခုနှစ် စက်တင်ဘာလတွင်လည်း နေမကောင်းဖြစ်တုန်း အိပ်မက် မက်ပြန်တယ်။ ကောင်းကင်က သူ့အား ရထားနှင့် လာခေါ်ပြန်သည်တဲ့။ ဒီတခါတော့ စာရေးသူ မမေးဘဲ မနေနိုင်တော့၊ ဦးလေး နေထိုင်ရာမြို့သို့ လမ်းကြုံ၍ ၀င်သွားသည်။ ထိုမြို့တွင် နေထိုင်သော စာရေးသူ၏ တူမကိုခေါ်၍ သူ့အိမ်သို့သွားကြပါသည်။

စာရေးသူသည် ဦးလေးထံ သွားလေ့သွားထ မရှိပါ။ ထို့ကြောင့် စာရေးသူတို့ကို မြင်သောအခါ ဦးလေးက အံ့သြကြီးစွာနှင့် ကြည့်နေသည်။
ငြိမ်းငြိမ်းတို့ မလာစဘူး အလာထူးတယ်ဟေ့။
စာရေးသူကလည်း ဟိုဟိုသည်သည် စကားပြောရင်းနှင့် မေးပါတော့သည်။
ဦးလေး အမေကပြောတယ်၊ ဦးလေး သတိလစ်နေတုန်း ကောင်းကင်ကလာခေါ်တယ်ဆို၊ ဘာတွေတွေ့ရလဲ။
အေး ဟုတ်တယ်၊ ငါနေရမယ့် နေရာဆိုပြီး နတ်ပြည်မှာ ဗိမာန်ကြီးဆောက်နေတာ မြင်ရတယ်။ ဗိမာန်က မပြီးသေးဘူး။ ငါကလည်းလမ်းခင်းတာ မပြီးသေးဘူးလို့ မနေချင်သေးဘူးလို့ ပြောလိုက်တော့ မေ့မြောရာက သတိပြန်ရလာတယ်-ဟုပြောပါသည်။

နောက်ထပ် မက်တဲ့အိပ်မက်က ဦးလေးကို ပန်းရထားနဲ့ လာခေါ်တယ်ဆို။
သူက အားပါးတရ ပြောပြန်သည်။
ဟုတ်တယ်ဟဲ့၊ အဲဒီပန်းရထားကလေး ရွှေသားအစစ်နဲ့လုပ်ထားတာ၊ ရွှေတွေမှ အိနေတာပဲ၊ ငါ့မျက်စိထဲက ခုထိမထွက်သေးဘူး။ ငါမလိုက်ဘူးပြောလိုက်တယ်။ သူများတွေ မယုံမာစိုးလို့ ငါဘယ်သူ့မှ မပြောဘူး။ ခု နင်မေးမှ ပြောတာ။

ထို့နောက် စာရေးသူတို့သည် ဦးလေးကို နှုတ်ဆက်ကာ ပြန်ခဲ့ကြသည်။
ထိုစဉ်က စာရေးသူမှာ ဦးလေး၏ အဖြစ်အပျက်များကို မယုံသလိုလိုနဲ့ ပေါ့ပေါ့တန်တန် ထင်ခဲ့သည်။ သို့ရာတွင် မကြာမီက သာသနာရေးဝန်ကြီးဌာနက ထုတ်သော ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်) စာအုပ်ကို ဖတ်မိသောအခါ အမြင်မှန်ရသွားသည်။ ထိုစာအုပ်တွင် နန္ဒိယဥပါသကာ ၀တ္ထုကို ဖော်ပြထားသည်။ ယင်းကိုဖတ်ရှုပြီးနောက် သြော်-ဦးလေးရဲ့ အဖြစ်အပျက်တွေဟာ နတ်ပြည်ကိုေ ရာက်ရန် ရှေ့ပြေးနိမိတ်တွေပါကလားဟူ၍ ခံယူမိတော့သည်။

ထ်ုဖြစ်ရပ်မှန် ၀တ္ထုထဲတွင် ဗာရာဏသီမြို့၌ ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်၍ သဒ္ဓါတရား အလွန်ထက်သန်
ကြသော မိဘနှစ်ဦးတွင် နန္ဒိယမည်သော သတို့သားတယောက် ရှိသည်။ ထိုသား နန္ဒိယသည် မိဘများကဲ့သို့ပင် သဒ္ဓါတရားနှင့် ပြည့်စုံသည်။ ရဟန်း သံဃာများကို ဆွမ်းအစရှိသည်တို့ဖြင့် ပြုစုလုပ်ကျွေးလေ့ရှိသည်။ မိဘနှစ်ပါး ကွယ်လွန်သောအခါ၌ကား ပို၍လှူဒါန်းသည်။ ရဟန်းသံဃာများသာမက တောင်းရမ်းစားသူများနှင့် ခရီးသွား ဧည့်သည်များအတွက်ပါမကျန် အိမ်ရှေ့၌ အသင့်ချက်ပြီးသော ထမင်းအိုးများကို အမြဲတည်ထားလှူဒါန်းသည်။

ထို့နောက် ဣသိပတနမိဂဒါဝုန်ကျောင်းတိုက်၌ တံခါးမုခ်လေးခုပါသော လေးခန်းတန်းလျားရှည်ကျောင်းကို ဆောက်၏။ အခန်းတိုင်း အိပ်ရာ၊ ခုတင်၊ ထိုင်ခုံ စသည်တို့ အပြည့်အစုံထား၍ ဘုရားအမှူးရှိသော သံဃာတော်များကို ရေစက်ချ လှူဒါန်းလေသည်။ ထိုသို့ လှူဒါန်းပြီးသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်၌ နန္ဒိယအတွက် အသုံးအဆောင်များနှင့်တကွ ကြီးကျယ်ခမ်းနားသော ဘုံဗိမာန်ကြီး ပေါက်နှင့်လေတော့သည်။

အရှင်မောဂ္ဂလာန် နတ်ပြည်သို့ ကြွတော်မူသောအခါ ရှေးကမတွေ့ဘူးသော ဗိမာန်အသစ်ကို မြင်ရ၍ နတ်များကို မေးမြန်းလေသည်။ ထိုအခါ နတ်တို့က လူ့ပြည်၌ရှိနေသေးသော နန္ဒိယဥပါသကာ၏ ဗိမာန်ဖြစ်ကြောင်း လျှောက်ကြလေသည်။ ထိုဗိမာန်၌ ရောက်နှင့်နေသော နတ်သမီးများကလည်း အရှင်မောဂ္ဂလာန်ကိုမြင်၍ ဗိမာန်မှဆင်းလာကြပြီးလျှင် တပည့်တော်မတို့သည် နန္ဒိယဥပါသကာ၏ အလုပ်အကျွေးများ ဖြစ်ကြပါသည်။ နန္ဒိယဥပါသကာ မလာနိုင်သေး၍ စောင့်မျှော်နေကြပါသည်။ မြန်မြန်လာရန် မိန့်တော်မူပေးပါ။ လျှောက်လိုက်ကြလေသည်။

အရှင်မောဂ္ဂလာန်သည် လူ့ပြည်သို့ပြန်ရောက်သောအခါ ဘုရားထံကြွတော်မူ၍ မြတ်စွာဘုရား၊ ကောင်းမှုရှင်က လူ့ပြည်၌ ရှိနေစဉ် နတ်ပြည်၌ နတ်စည်းစိမ်ဖြစ်နေနှင့်နိုင်ပါသလော-ဟု မေးလျှောက်သည်။ ထိုအခါ ဘုရားရှင်က-မောဂ္ဂလာန် ဘာကြောင့် ငါ့ကိုမေးနေရသနည်း၊ နန္ဒိယ၏ နတ်စည်းစိမ်ကို သင်ကိုယ်တိုင် မြင်တွေ့ခံရပြီ မဟုတ်လော-ဟု မိန့်တော်မူလိုက်လေသည်။

ဤဖြစ်ရပ်မှန်ဝတ္ထုကို ဖတ်ပြီးသောအခါ စာရေးသူသည် ဦးလေး ဦးထွန်းသောင်း၏ ပြောစကားတို့ကို အကြွင်းမဲ့ ယုံကြည်သွားပါတော့သည်။

ငြိမ်း (ကျောင်းကုန်း)
(မြတ်င်္ဂလာ ၂၀၀၉-ခု မေလ)

No comments: