Friday, July 2, 2010

ကိုယ်တွေ့ ပရိတ်တော်အကျိုး

လွန်ခဲ့သော ၁၂-နှစ်ခန့် တပို့တွဲလအခါ ညဥ့်သန်းခေါင်ယံအချိန်လောက်တွင် ကျွန်တော်သည် ဆောင်း၏ အအေးဓာတ်နှင့်အတူ အိပ်မောကျနေစဉ် အိမ်ခေါင်းရင်းခြံမှ မောင်ကျော်သက်သည် ကျွန်တော်၏အမည်အား သုံးလေးခွန်းမက ခေါ်နေသဖြင့် ရုတ်တရက် အိပ်ရာမှနိုးလာပြီး-

ဘာကိစ္စရှိလို့လဲ မောင်ကျော်သက်-ဟု အကျိုးအကြောင်း မေးလိုက်ရာ
ဦးသိန်းမြင့်တို့အိမ်ရှေ့က ဈေးဆိုင်မှာ ဘာအိုးများ တည်ထားသေးလဲ၊
ဟင့်အင်း-ဘာအိုးမှ တည်မထားဘူး၊
မီးတွေ တော်တော်လေး တောက်နေလို့-ဟု အသိပေးသံကြားလိုက်ရ၏။

ဤအချိန်မျိုးတွင် မည်သည့်အိုးမှ တည်စရာအကြောင်း မရှိပါ။ မဟုတ်မှလွဲရော ဈေးဆိုင်မှာ မီးလောင်နေလေရော့သလား ဟူသော အတွေးက နှိုးခတ်လိုက်သဖြင့် ခေါင်းနားပန်းများပင် ကြီးလာပါသည်။ တဆက်တည်းမှာပင် အိပ်ရာမှ အလူးအလဲထ၍ အိမ်၏တံခါးမကြီးကို အလျင်အမြန် ပြေးဖွင့်လိုက်ပါသည်။ ကျွန်တော်၏ ခြေနင်းသံများကြောင့် အမဖြစ်သူပါ အိပ်ရာမှ နိုးလာပြီး-

ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း၊
ဘာဖြစ်ရမတုန်း၊ ဈေးဆိုင်မှာ မီးလောင်နေတယ်-ဟု အမဖြစ်သူကို လှမ်းပြောရင်း အိမ်အောက်သို့ ဆင်းပြီးကြည့်လိုက်ရာ-
မြင်ရသည့်မြင်ကွင်းကား ရင်တုန်စရာပင်၊ ဈေးဆိုင် မီးဖိုအနီး ကာရံထားသော ထရံတိုအား မီးစွဲလောင်နေပါသည်။ မီးညွန့်များက ဆိုင်အမိုးသက်ငယ်များကို လောင်ကျွမ်းလုနီးနီး ဖြစ်နေပါသည်။ အချိန်တိုအတွင်းမှာပင် ဈေးဆိုင်သုံး ရေအိုးများမှ ရေများဖြင့် ကျွန်တော် ခပ်လောင်းသည့်အခါ မီးများ ငြိမ်းသွားပါတော့သည်။

ဤသို့ဖြစ်ရသည်မှာ အမဖြစ်သူ၏ ပေါ့ဆမှုကြောင့်ဖြစ်သည်။ ၄င်းသည် အိမ်ရှေ့ဈေးဆိုင်တွင် မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲ ရောင်းသူဖြစ်သဖြင့် ကုလားပဲများကို ညနေတိုင်း ကြိုတင်ပြုတ်ထားလေ့ရှိသည်။ ထိုနေ့က ပဲအိုးတည်ပြီးနောက် မီးကြွင်းမီးကျန်များကို မီးဖိုနံဘေးတွင် ကာရံထားသော ထရံတိုအနီးတွင် စုပြုံထားမိရာမှ လောင်ကျွမ်းရခြင်းဖြစ်သည်။ ကျွန်တော်၏အိမ်သည် အိမ်ခြေထူထပ်သော ရွာလယ်ပိုင်းမှာ တည်ရှိသဖြင့် မီးဘေးကိစ္စကို မတွေးဝံ့တော့ပါ။

ဤတွင် ပရိတ်တရားတော်တို့၏ တန်းခိုးအာနိသင်ကြောင့် လက်ငင်း အကျိုးထူးတရား ခံစားရသည်ဟု ယုံကြည် နေမိ၏။ ထိုညက တိုက်တိုက်ဆိုင်ဆိုင်ပင် မောင်ကျော်သက်နှင့် ၄င်း၏နှမဖြစ်သူ မအေးလွင်တို့သည် ၄င်းတို့ မိသားစုပိုင် မုန့်ဟင်းခါးဖိုတွင် မုန့်ဖတ်အော်ဒါများ လက်ခံထားသည်ဟုဆို၏။ ပုံမှန်အားဖြင့် ညနေ ၆-နာရီ ၀န်းကျင်လောက်တွင် အလုပ်သိမ်းတတ်သော်လည်း ထိုနေ့ကျမှ မုန့်ဖတ်အော်ဒါများကြောင့် နေ့ရောညပါ အလုပ်လုပ်နေကြရသည်။ ထိုသို့ အလုပ်လုပ်နေစဉ် မအေးလွင်သည် ကျွန်တော်၏ အိမ်ရှေ့ဈေးဆိုင်မှ မီးတောက်များကို အမှတ်မထင် မြင်လျှင်မြင်ချင်း အကိုဖြစ်သူကို ချက်ချင်းအသိပေးလိုက်သည်။ ထို့ကြောင့် မီးဘေးအန္တရာယ်မှ သီသီကလေး လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ ၄င်းတို့မောင်နှမနှစ်ဦးကိုလည်း ယနေ့တိုင် ကျေးဇူးတင်၍ မဆုံးတော့ပြီ။

ကျွန်တော်သည် ထိုညက ၀ဋ္ဋသုတ် အပါအ၀င် ပရိတ်တော်အချို့ကို ရွတ်ဖတ်ပူဇော်ပြီးမှ အိပ်ရာဝင်ခဲ့သည်။ ပရိတ်တော်များ ရွတ်ပွားပူဇော်ခြင်းကပင် ငါ့အဖို့ ကံကောင်းလေစွဟု သတိသမ္ပဇဉ်တရား ဖြစ်ပွားနေမိသည်။

ထိုနေ့မှစ၍ ပရိတ်တရားတော်တို့၏ အာဏာစက်၊ ဓမ္မစက် တန်ခိုးစွမ်းအင်ကို ပိုမိုသိရှိနားလည်လာရပေသည်။
ဤမျှအတိုင်းအရှည်ပမာဏ ကြီးမားလှသော ပရိတ်တရားတော်များကို မေတ္တာ၊ ကရုဏာ ရှေ့ထား၍ နိစ္စဓူဝ ရွတ်ဆိုပွားများသင့်ကြပေသည်။ ကျွန်တော်လည်း နိစ္စဓူဝ ရွတ်ဆိုပွားများတော့မည်ဟူ၍ သန္နိဋ္ဌာန် ချမိပါ တော့သည်။

မင်းသစ်
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

No comments: