Monday, July 5, 2010

နတ်ပေးသော ဆရာဝန်

လွန်ခဲ့သော ၂-နှစ်ခန့်က စာရေးသူတို့ ကျောင်းကုန်းမြို့ကလေးသို့ ဆရာဝန်ကြီးတဦး ပြောင်းရွှေ့ရောက်ရှိလာခဲ့ ပါသည်။ ယခင် ပြောင်းရွှေ့လာသော ဆရာဝန်များနှင့်မတူပါ။ ထိုဆရာဝန်ကြီးကို တာဝန်ကျရာ ကျောင်းကုန်းမြို့ အထိ လူတစုက လိုက်လံပို့ဆောင်ကြသည်ကို ထူးထူးခြားခြားတွေ့ရသည်။

ဘာဖြစ်တာပါလိမ့်၊ ဘာကြောင့်ပါလိမ့်-ဟု စာရေးသူက စူးစမ်းကြည့်မိသည်။ လိုက်ပို့သူများအနက် အချို့က ခင်များတို့မြို့တော့ ကံကောင်းပြီမှတ်၊ တိုးတက်ပြီမှတ်-ဟု ပြောကြသည်။
အချို့ကလည်း ခင်ဗျားတို့မြို့က ရွှေထုပ်ကောက်ရတာပဲ-ဆိုကြသည်။
ဒီလူတွေ ဘာတွေပြောမှန်းမသိ။ မိုးလားကဲလား ကြားလိုက်ရတော့ နားထဲတွင် တမျိုးကြီး။ စာရေးသူစိတ်ထဲတွင် တယ်ဆိုတဲ့စာပါလား။ အညွှန်းကတော့ ကောင်းလိုက်တာ။ ဟုတ် မဟုတ် စောင့်ကြည့်ရသေးတာပေါ့-ဟု တွေးထားလိုက်ပါသည်။

ထိုဆရာဝန်ကြီး၏ အမည်မှာ ဒေါက်တာ တင်ဝင်းအောင်ဖြစ်ပါသည်။ ဇာတိမှာ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ ဖြစ်သည်။ ပဲခူးတိုင်း ဆင်မြီးဆွဲရွာတွင် တာဝန်ထမ်းဆောင်နေရာမှကျောင်းကုန်းမြို့ ဆေးရုံကြီးသို့ တာဝန်အရ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူသည် အသက် ၄၀-လောက်သာ ရှိသေးသည်။ သူတာဝန်ထမ်းဆောင်ပြီး မကြာမီပင် မြို့နေ တောနေ လူနာများထံမှ သူ၏ကောင်းသတင်းများကို တစတစ ကြားလာရသည်။ ဆရာဝန်ကြီး တော်ကြောင်း၊ ရောဂါခန့်မှန်းလျှင် လွဲသည်မရှိ၊ မှန်ကန်ထိမိ၍ ရောဂါပျောက်ကင်းကြောင်း၊ စေတနာအလွန်ကောင်းကြောင်း၊ ကုသရာတွင် အစွမ်းထက်ရုံသာမက ဆက်ဆံရေးကလည်း အလွန်ကောင်းကြောင်း၊ စိတ်ရှည်လှကြောင်း၊ လူအများပါးစပ်ဖျားတွင် ပြောဆိုသံများ ကြားလာရပါသည်။

စာရေးသူအဖို့ သူ့ထံတွင် ဆေးကုသမခံရသေးသဖြင့် ချီးမွမ်းစကားများ မည်မျှအထိ မှန်ကန်ကြောင်း ကိုယ်တွေ့သိရှိရခြင်း မရှိသေးပါ။
သို့ရာတွင် သူ့ကိုလိုက်လံပို့ဆောင်ပေးသူများ၏ ချီးမွမ်းစကားများ မှန်သင့်သလောက်တော့ မှန်နေသည်ဟု လက်ခံရမည်ဖြစ်လာပါသည်။

ဤသို့ရှိရာမှ တနေ့တွင် စာရေးသူ ပြင်းထန်စွာ နေမကောင်းဖြစ်ပါသည်။ သို့ဖြင့် ထိုဆရာဝန်ကြီးထံ ရောက်သွားပါသည်။ သူ၏ဆေးခန်းသို့ ရောက်သောအခါ လူနာများ များပြားလှသည်ကို တွေ့လိုက်ရသည်။ စိတ်မရှည် ဖြစ်မိသည်။ အချိန်ကြာ စောင့်ရ၍လည်း ရောဂါကြောင့် မဟန်နိုင်တော့ပါ။ အားတင်းကာ ကြိတ်မှိတ်စောင့်ဆိုင်နေရသည်။ အချိန်အတော်ကြာမှ စာရေးသူအလှည့် ရောက်လာပါသည်။ ဆရာဝန်ကြီးသည် အေးဆေးပြုံးရွှင်သော မျက်နှာဖြင့် လူနာဖြစ်သူ ကျွန်မခံစားရသမျှ ပြောချင်တာ ပြောစေသည်။ ပြီးမှ သူမေးချင်တာ မေးသည်။ မေးပြီးမှ စမ်းသပ်ကာ ကုသရန် လုပ်ငန်းစပါသည်။ မကြာမီရက်အတွင်းမှာပင် ကျွန်မရောဂါ ပျောက်ကင်းသွားပါသည်။ ရောဂါလည်းပျောက် စိတ်ချမ်းသာမှုကိုလည်း ရရှိခဲ့ပါသည်။

ထိုဆရာဝန်ကြီးကိုအကြောင်းပြု၍ ကျွန်မ အမျိုးမျိုး တွေးတောဆင်ခြင်မိပါသည်။ ယခုကဲ့သို့ ဆရာဝန်က လူနာကို ရောဂါ သေချာစွာ တင်ပြခွင့်ခံယူ၍ ဆေးကုသခြင်းသည် အလွန်ထိရောက်သည်ဟု ထင်မြင်မိပါသည်။ အချို့ဆရာဝန်များသည် လူနာရောဂါဖြစ်သည်ကို သေချာကျနစွာ အပြောမခံ။ ပြောဖို့ အခွင့်အရေး မပေး။ ပြောလျှင်လည်း မကြိုက်ချင်။ ထို့ကြောင့် လူနာများမှာ ကိုယ်ဖြစ်တာ ခံစားရသည်များကို မပြောရဲ၊ မဆိုရဲကြရှာ။ အချို့ဆရာဝန်များမှာလည်း စိတ်ရှည်သည်းခံကာ အေးအေးဆေးဆေးမပြော ပြေပြစ်စွာ မဆက်ဆံ၊ အော်လိုက်ငေါက်လိုက်ပင် ပြုတတ်ပါသည်။

လူနာများလွန်း၍ ဆရာဝန်များ စိတ်မရှည်ဖြစ်ရသည်လည်း ရှိပါသည်။ အပြစ်မဆိုသာပါ။ လူနားများအား ရောဂါခံစားနေရသည်ကို ပျောက်ကင်းချမ်းသာစေချင်သော ဆန္ဒမှာ ဆရာဝန်အားလုံးတွင် ရှိကြပါသည်။ လူနာများကို စေတနာဒေါသနှင့် ပြောသည်ကို နားလည်ကြပါသည်။ သို့သော် အော်ငေါက်ပြောဆိုခြင်းမျိုး မပြုသင့်ပါ။ လူနာများ ရောဂါခံစားရသည်ကတဖက် အအော်အငေါက်ခံရ၍ စိတ်မချမ်းမြေ့သည်ကတဖက်မို့ ရောဂါ ပိုတိုးရပါသည်။ လူနာများဘက်ကလည်း အချို့က ဆရာဝန်စိတ်မရှည်အောင် လေရှည်ခြင်း၊ စိတ်မရှည်အောင် ပြောဆိုခြင်းမျိုးတို့ ပြုတတ်ကြပါသည်။ ဆင်ခြင်ရပါမည်။

ကျွန်မ ကိုယ်တွေ့ကြုံရသော ယခု ဆရာဝန်ကြီးကား လူနာများ အလွန်တရာ များပြာလှသော်လည်း အော်ခြင်း၊ ငေါက်ခြင်း မရှိ၊ စိတ်မရှည်ခြင်း၊ မချေမငံ ပြောဆိုခြင်း မရှိပါ။ ဆေးရုံတွင်၎င်း၊ သူဖွင့်သော ဆေးခန်းတွင်၎င်း၊ တပြေးညီ ယဉ်ကျေးစွာ ပြုမူဆက်ဆံကျင့်သုံးပါသည်။ ဆရာဝန်ကြီးသည် ပင်ကိုယ်ဗီဇကလည်း အေးဆေးလှ သည်။ စိတ်ကောင်းရှိလှသည်။ လူနာများကို အထူးမေတ္တာစေတနာ ကရုဏာစေတနာထား၍ ကုသပေးပါသည်။

ထူးခြားသည်မှာ ဆရာဝန်ကြီးသည် ဘာသာတရား အလွန်ကိုင်းရှိုင်းရိုသေသည်။ ဆေးရုံတက်၍ မကုသနိုင် ရှာသော ဆင်းရဲချို့တဲ့သော သေရေးရှင်ရေးဖြစ်နေကြသော လူနာများကို သူ့အိတ်ထဲမှ ငွေစိုက်၍ ထောက်ပံ့လှူဒါန်းပါသည်။ ကုသပေးပါသည်။

အချို့လူနာများမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းသောအခါ အပြန်လမ်းစရိတ်ပင် မရှိတော့ပါ။ ထိုအခါမျိုးတွင်လည်း ဆရာဝန်ကြီးသည် သူ့အိတ်ထဲမှစိုက်၍ အပြန်လမ်းစရိတ်ကို လှူဒါန်းလိုက်ပါသေးသည်။

ဤသို့ဖြင့် ဆရာဝန်ကြီး၏ စေတနာကို ပြော၍မကုန်နိုင်အောင် ရှိကြပါသည်။ မွန်မြတ်လှသော ဆရာဝန်ကြီးအကြောင်း လူအများက ပြောမဆုံးအောင် ရှိနေကြပါသည်။ သူ့သတင်းသည် မြို့တွင်သာမက အနီးအနားရှိ ရွာများအထိ သင်းပျံ့နေပါသည်။ ထိုသို့သော ဆရာဝန်မျိုး မရှိဟု မပြောလိုပါ။ ရှိပါလိမ့်မည်။ သို့သော် ရှားပါးလှပါသည်။ စာရေးသူအဖို့ ထိုဆရာဝန်မျိုးကို ယခုအသက်လေးဆယ်ကျော်မှ တွေ့ကြုံဖူးပါသည်။ သူသည် ဆေးရုံဆေးခန်းများတွင် ချို့တဲ့သောလူနာများကို တတ်စွမ်းရှိသမျှ ထောက်ပံ့လှူဒါန်းသည့်နည်းတူ ဆေးရုံတွင်လည်း တိုးတက်ရာတိုးတက်ကြောင်းများကိုလည်း အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးနေပါသည်။ ယခုအခါ ကျွန်မတို့မြို့ရှိ ဆေးရုံမှာ ယခင်ကထက် ပို၍ အစစအရာရာ တိုးတက်ပြောင်းလဲနေသည်ကို ထူးခြားစွာ တွေ့ရှိနေရပါသည်။

ယခုတင်ပြသော ဆရာဝန်ကြီးမျိုး စာရေးသူတို့နိုင်ငံတ၀န်းရှိ မြို့တိုင်း၊ နယ်တိုင်းတွင် ရှိနေလျှင် မည်မျှကောင်းမည်နည်းဟု စာရေးသူဆန္ဒဖြစ်မိပါသည်။ ငွေကြေးအရ ဆရာဝန်များ ကိုယ့်အိတ်ထဲကစိုက်၍ ကုသပေးရမည်ဟု မဆိုလိုပါ။ လူနားများအပေါ် မေတ္တာစေတနာ၊ ကရုဏာစေတနာ အပြည့်အ၀ထား၍ နွေးထွေးစွာ ဆက်ဆံကာ စိတ်ရှည်သည်းခံလျက် ရင်ဝယ်သားကဲ့သို့ ကုပပေးလျှင်ပင် ဆရာဝန်ကောင်း၊ ဆရာဝန်မွန် အရည်အချင်းနှင့် ပြည့်စုံပြီးသား ဖြစ်နေပြီဟု ခံယူမိပါသည်။

စာရေးသူတို့ မြို့ကလေးမှ အချို့ကမူ ယခုဆရာဝန်ကြီးကို နတ်ကပေးပို့လိုက်သော ဆရာဝန်ဟု တင်စားပြော နေကြပါသည်။ ဤကဲ့သို့သော နတ်ပေးဆရာဝန်များ မြို့တိုင်း နယ်တိုင်းတွင် ပေါ်ပေါက်ပါစေဟူ၍ မြတ်မင်္ဂလာမှတဆင့် လှိုက်လှဲစွာ ဆန္ဒပြုတင်ပြလိုက်ရပါသည်။

ငြိမ်း (ကျောင်းကုန်း)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

No comments: