Monday, July 5, 2010

သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး အမြဲရွတ်တော်မူသော ဂါထာသုံးပုဒ်

စံကင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဘိဝံသသည် စစ်ကိုင်းမြို့ လင်းယဉ်ရွာဇာတိ ဖြစ်သည်။ ခမည်းတော်ဦးအိုင်၊ မယ်တော် ဒေါ်မင်းထပ်တို့ဖြစ်သည်။ ၁၂၃၂-ခုနှစ် နတ်တော်လဆုတ် ၆-ရက် အင်္ဂါနေ့ (၁၃-၁၂-၁၈၇၀) တွင် ဖွားမြင်တော်မူသည်။

၁၂၄၂-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြု၍ ၁၂၄၈-ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုသည်။ ၁၂၅၁-ခုနှစ်တွင် ရဟန်းဖြစ်သည်။ ၁၂၆၄-ခုနှစ်၌ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်တွင် စာချနာယက ဖြစ်တော်မူသည်။ ဆန္ဒောမဉ္ဇရီ၊ ဆပ္ပစ္စယဒီပနီ စသော ကျမ်းတို့ကို ရေးသားပြုစုတော်မူခဲ့သည်။ ကမ္မဋ္ဌာန်းတရားကိုလည်း ကောင်းစွာ အားထုတ်တော်မူခဲ့သည်။

၁၂၆၆-ခုနှစ်၌ ဓနုဖြူမြို့ အရှေ့ဘက်ကမ်း စံကင်းရွာဓမ္မာရုံကျောင်းတိုက်တွင် သီးတင်းသုံးတော်မူသည်။ ထိုအချိန်မှစ၍ စံကင်းဆရာတော်ဟု အမည်တွင်သည်။ ၁၂၈၆-ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်၌ နာယကအဖြစ်ဖြင့် သီတင်းသုံးစဉ် ထိုနှစ်မှာပင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဓမ္မာစရိယဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူသည်။ ၁၂၉၁-ခုနှစ်၌ မဟာဝိသုဒ္ဓါရုံတိုက်ကြပ်ဆရာတော် ဖြစ်တော်မူသည်။ ၁၃၁၃-ခုနှစ်၌ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သာသနာပိုင် ဖြစ်တော်မူသည်။ ၁၃၁၅-ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ခံယူတော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ၁၃၃၄-ခုနှစ် ပထမ၀ါဆိုလဆုတ် ၁၀-ရက် (၅-၇-၁၉၇၂) သက်တော် ၁၀၂-နှစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။

ပါဠိဂါထာ
(၁) ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။

(၂) ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

(၃) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

ဂါထာတော်များ၏ အနက်နှင့် အကျိုး
(၁) ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အရိမေတ္တေယျ စသော နောင်ပွင့်တော်မူလတံ့သော မြတ်စွာဘုရားတို့ကို၎င်း၊
ယခုလောက ပစ္စုပ္ပန်၌ ပွင့်တော်မူကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အကျွန်ုပ်သည် အခါခပ်သိမ်း ရှိခိုးပါ၏။

(၂) နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်းတောက်ပ၏။
မင်းသည် မင်းမြှောက်တန်ဆာ ဆင်ယင်မှသာ တင့်တယ်၏။
ရဟန္တာသည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညဥ့်ပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်၏။

(၃) မြတ်စွာဘုရားတို့သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုးမရှိ။
သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲလျက်သာလျှင် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။

(၁) ယေ စ ဗုဒ္ဓါ-ဂါထာကို မြတ်စွာဘုရားသခင်သည် မိမိကိုသတ်ရန် ဒေ၀ဒတ် ကျောက်တုံးလှိမ့်ချစဉ်ကနှင့် နာဠာဂီရိဆင်ကို ဒေ၀ဒတ် စေလွှတ်စဉ်က ကိုယ်တော်တိုင် နှစ်ကြိမ်ရွတ်ဆိုခဲ့ကြောင်း စူဠ၀ါပါဠိတော်၌ ဖော်ပြထားသည်။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်။
အနာရောဂါ ကင်းပျောက်စေသည်။
အကြံအစည် အလုပ်အကိုင် အောင်မြင်စေသည်။
တောင့်တတိုင်း ပြည့်စုံစေသည်။

(၂) ဒိဝါတပတိ ဂါထာကို သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ဘာတိကမင်းလက်ထက် ဘာတိကမင်း တောင်းပန်သဖြင့် ပညာရှိအမတ် ရွတ်ဖတ်ရာ ရွတ်ဆဲခဏ၌ အသပြာတထောင် ရရှိကြောင်း သံယုတ်အဋ္ဌကထာ၌ ဆိုသည်။ ဤဂါထာကို ရွတ်ဖတ်ပါက ဘုန်းတန်ခိုးကျက်သရေနှင့် ပြည့်စုံနိုင်သည်။
လာဘ်လာဘ ပေါများနိုင်သည်။
အလုပ်အကိုင် အကြံအစည် အောင်မြင်နိုင်သည်။
လိုအင်ဆန္ဒ အလုံးစုံနှင့် ပြည့်စုံစေနိုင်သည်။

(၃) အဋ္ဌာနမေတံ ဂါထာသည် လက်နက်ဘေး၊ သူတပါးတို့၏ ကိုယ် နှုတ် စိတ်ဖြင့် ရန်ပြုသည့်ဘေး စသော ဘေးအပေါင်းတို့မှ ကင်းလွတ်စေသော ဂါထာဖြစ်သည်။
အသက်ရှည်ခြင်း၊ အနာကင်းခြင်းနှင့်လည်း ပြည့်စုံစေသည်။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)


မှတ်ချက်။
အထက်ပါအကြောင်းအရာသည် မြတ်မင်္ဂလာ စာစောင်ပါ စာရေးဆရာ ရေးထားသည့်အတိုင်း ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
အရှင်ဇနက အပြောအရ ပိဋကတ်ထဲလိုက်ကြည့်ရာ-စူဠ၀ဂ္ဂပါဠိတော်၌
ရှင်ဒေ၀ဒတ်ကို ဆုံးမရာ၌ အဋ္ဌာနမေတံ-ကို တကြိမ်သာ ပြောဆိုဆုံးမသည်ကို တွေ့ရပါသည်။
နာဠာဂီရိဆင်ကို ဆုံးမရာ၌ အဋ္ဌာနမေတံ-ကို နှစ်ကြိမ် ပြောဆိုဆုံးမသည်ကို တွေ့ရပါသည်။
အဋ္ဌာနမေတံ နှင့် ယေ စ ဗုဒ္ဓါ အတီတာ စ-ဂါထာကို တွဲ၍ ပြောဆိုဆုံးမသည်ကို မတွေ့ရပါ။
စာရေးဆရာကား အဘယ်မှာကြည့်၍ ရေးသားသည် မသိပါ။
စွမ်းနိုင်သမျှ စုံစမ်း လိုက်လံရှာဖွေကြည့်ပါအုံးမည် အရှင်ဇနက ဘုရား။
ခိုင်လုံသည့်အကြောင်းအရာ တွေ့လျှင်လည်း အကြောင်းကြားတော်မူစေချင်ပါသည်ဘုရား။
ကျေးဇူးအထူး တင်ပါသည်ဘုရား။

အစဉ် ရိုသေလေးစားလျက်
မော်လူး

1 comment:

အင်္ဂါမောင် said...

ယေ စ ဗုဒ္ဓါ-ဂါထာကို မြတ်စွာဘုရားသခင်သည် မိမိကိုသတ်ရန် ဒေ၀ဒတ် ကျောက်တုံးလှိမ့်ချစဉ်ကနှင့် နာဠာဂီရိဆင်ကို ဒေ၀ဒတ် စေလွှတ်စဉ်က ကိုယ်တော်တိုင် နှစ်ကြိမ်ရွတ်ဆိုခဲ့ကြောင်း စူဠ၀ါပါဠိတော်၌ ဖော်ပြထားသည်။
.....
အရှင်ဘုရား
ဒေ၀ဒတ်က ဘုရားရှင်ကို ကျောက်မောင်းဆင်၊ ဆင်နဲ့တိုက်စဉ်က ဘုရားရှင်ကိုယ်တော်တိုင် အဋ္ဌာနမေတံဂါထာကို ရွတ်ဆိုခဲ့တယ်လို့ ဖတ်ဖူးမှတ်ဖူးခဲ့ပါတယ်ဘုရား။

တပည့်တော် သိချင်တာကတော့ ထိုအချိန်က အဋ္ဌာနမေတံ ဂါထာအပြင် ယေစဗုဒ္ဓါ ဂါထာကိုပါ ဘုရားရှင် ရွတ်ဆိုတော်မူခဲ့ပါသလားဘုရား။

လေးစားစွာဖြင့်။
အရှင်ဇနက