Thursday, July 15, 2010

ဗောဓိညောင်ပင် ခုတ်လှဲသူ

ကျွန်ုပ်တို့ ကိုးကွယ်ရာဖြစ်သော ဂေါတမဗုဒ္ဓဘုရားရှင်သည် ညောင်ပင်ကိုအမှီပြုပြီး ပွင့်တော်မူခဲ့သည်။ ထိုအပင်ကို အမှီပြု၍ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာဖြစ်သောကြောင့်လည်း ဗောဓိပင်ကို မဟာဗောဓိပင်ဟု ပညတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထိုဗောဓိညောင်ပင်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့သည်လည်း ဗောဓိညောင်ပင်ကို အမြတ်တနိုး စိုက်ပျိုးထားကြသည်။

မကောင်းသောစိတ်ဖြင့် မြတ်စွာဘုရား၏ စေတီတော်၊ ရုပ်တုတော်၊ ဗောဓိပင်တို့ကို ပျက်စီးအောင်လုပ်သော ပုဂ္ဂိုလ်တို့သည် သေခြင်း၏အခြားမဲ့၌ အ၀ီစိငရဲသို့ ကျရောက်တတ်သည်ဟု ကျမ်းဂန်အဆိုရှိသည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ ဗောဓိညောင်ပင်ကို ခုတ်လှဲ၍ မကောင်းကျိုးခံရသူတဦး၏ ဖြစ်ရပ်မှန်ကို တင်ပြလိုပါသည်။

၁၉၉၀-ပြည့်နှစ် ၀န်းကျင်လောက်က ကျွန်ုပ်တို့ နေထိုင်ရာ ကျေးရွာလေးသည် အိမ်ခြေတရာပင် မရှိပေ။ ရွာဦးတွင် ဘုန်းတော်ကြီးကျောင်းတကျောင်း ရှိသည်။ ကျောင်းထိုင်ဆရာတော်မှာ ဦးဝဏ္ဏ ဖြစ်သည်။
ကျောင်းဝင်းထဲတွင် သီးပင်စားပင်များနှင့် အရိပ်အာဝါသကောင်းသော သစ်ပင်များ ပြည့်စုံစွာရှိသည်။ သို့သော်လည်း ဗောဓိညောင်ပင်မရှိသဖြင့် ဗောဓိညောင်နှစ်ပင်ကို နေ့ကောင်း ရက်ကောင်းရွေး၍ ဆရာတော် ဦးဝဏ္ဏနှင့် တပည့်များသည် ကျောင်း၏အရှေ့အရပ်တွင် စိုက်ပျိုးခဲ့ကြသည်။

ရွာသူရွာသားအပေါင်းတို့သည်လည်း ကြီးပြင်းလာသော ညောင်ပင်နှစ်ပင်ကို နှစ်စဉ် ကဆုနန်လပြည့်နေ့တိုင်း ညောင်ရေသွန်းလောင်းခဲ့ကြသည်။ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဗောဓိညောင်ပင်နှစ်ပင်မှာလည်း အရိပ်အာဝါသ ကောင်းမွန်ရုံမက ပင်စည်လုံးပတ်ကြီးများမှာလည်း လူကြီးနှစ်ယောက် ဖက်လို့မမီအောင် တုတ်ခိုင်ကြီးမားသည်။ ထို့ပြင် ဗောဓိညောင်ပင်ကြီးမှာ သက်တမ်းရလာသည်နှင့်အမျှ လပြည့်-လကွယ်၊ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်၊ အဖိတ် ဥပုသ်နေ့များတွင် လူများ လေချွန်သကဲ့သို့ အသံများမြည်ပြီး ညောင်ရွက်များလည်း အလိုလိုလိပ်ပြီး ကန်တော့ထိုးသလို ဖြစ်သည်။ ရွာသူရွာသားများမှာလည်း ဗောဓိညောင်ပင်ကို ပိုပြီး အလေးထားလာကြသည်။

ထိုဖြစ်ရပ်ကို မရှုစိမ့်နိုင်သူကား ဦးသာအောင်ပင် ဖြစ်သည်။ ရွာသူရွာသားများက ဆီမီးတိုင်၊ အမွှေးတိုင် ထွန်းညှိပူဇော်ကြ၊ ညောင်ထောက်ကြနှင့် ပူဇော်သမှု ပြုသော်လည်း ဦးသာအောင်မှာမူ ဗောဓိညောင်ပင်ခြေရင်း ရောက်အောင် စပါးများ စိုက်ပျိုးထားသည်။ စပါးခင်းသည် ဗောဓိညောင်ပင်မှ လောင်းရိပ်ကျခြင်း၊ ဗောဓိညောင်ရွက်များ ကြွေကျခြင်းတို့ကြောင့် စပါးပင်များ ထင်သလောက် မကောင်း ဖြစ်နေသည်။

ထို့ကြောင့် ညောင်ပင်ကြီးကို သူ့သဘာဝအလျောက် သေသည့်သဘောဖြစ်အောင် ဗောဓိညောင်ပင်ခြေတွင် အမှိုက်များစုပုံ၍ နေ့စဉ် မီးရှို့တော့သည်။ ရွာလူကြီးများက ဦးသာအောင်ကို ဤကဲ့သို့ မပြုလုပ်သင့်ကြောင်း အမျိုးမျိုး ပြောဆို၍ တားမြစ်ကြသည်။ သို့သော် တားမရပါ။ လုပ်မြဲ လုပ်သည်။

ဆောင်းနှင့် နွေတွင် ဦးသာအောင် မီးရှို့သော ညောင်ပင်ကြီးကား သေသွားသယောင်ရှိသော်လည်း မိုးကျလာသည်နှင့် စိမ်းစိုစည်ကား ဝေဆာမြဲ ပြန်ဖြစ်သည်။ ဤတွင် ဦးသာအောင် နည်းအမျိုးမျိုး ကြံစည်ပြီး ဗောဓိညောင်ပင်ကို သေအောင် လုံ့လပြုသည်။

နောက်ဆုံး ဦးသာအောင်သည် ဗောဓိညောင်ပင်ကို ခုတ်လှဲရန် ကြံစည်တော့သည်။ ကိုယ်တိုင်တာ့ မခုတ်ရဲပေ။ နောက်ဆုံး တနေ့လုပ် တနေ့စား ဦးစံမြ ဆိုသူနှင့် ဈေးတည့်ပြီး ခုတ်လှဲမည့်ရက်ကို သတ်မှတ်လိုက်သည်။ ဦးစံမြကား မိသားစု များခြင်းကြောင့် ကြုံရာ အလုပ်ကို လုပ်ကိုင်သူဖြစ်သော်လည်း ဗောဓိညောင်ပင် ခုတ်ရမည်ကိုကား စိုးတထိတ်ထိတ် ဖြစ်နေသည်။ ခုတ်လှဲမည့်နေ့တွင် ဦးစံမြသည် မခုတ်မီ ဗောဓိညောင်ပင်စောင့် ရုက္ခစိုးနတ်တို့အား ကောက်ညှင်းမုန့်၊ ဆီမီး၊ အမွှေးတိုင်များဖြင့် ပူဇော်ပသသည်။ ထို့နောက် အပြစ်ရှိရင် ခွင့်လွှတ်ပါ-ဟူ၍ တောင်းပန်ပြီး ဗောဓိညောင်ပင်ကြီးကို ခုတ်လှဲဖြတ်တောက် လိုက်ပါသည်။

ဗောဓိပင်ကြီး ခုတ်လှဲပြီး တနှစ်မပြည့်မီ ဦးသာအောင်မှာ အနာကြီးရောဂါ ဖြစ်လာသည်။ ဗိုက်ကြီးလည်း ပူတက်လာသည်။ ဆေးဆရာမျိုးစုံနှင့် ကုသပါသော်လည်း မပျောက်တော့ပေ။ နောက်ဆုံး အနာကြီးရောဂါ၊ ဗိုက်ပူရောဂါတို့ဖြင့် သေဆုံးသွားလေတော့သည်။
(တကယ့်ဖြစ်ရပ်မှန်အား အမည်နာမ ပြောင်းလွှဲ၍ ရေးသားတင်ပြထားသည်။)

ဆောင်းဟေမာန်-မြတ်ကြေးမုံ
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: