Monday, August 2, 2010

ဘာသာရေး ပြဿနာ ( ၃ )

( အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်)

(မေး) အရှင်ဘုရား၊ အလှူဒါနပြုရာတွင် ပုဗ္ဗ၊ မုဉ္စ၊ ပရ ဟူသော စေတနာသုံးတန်တွင် တပါးပါး သို့မဟုတ် အားလုံး ချို့ယွင်းခဲ့သော် အကျိုးပေး မည်သို့ ထူးခြားပါမည်နည်း။

(ဖြေ)
အားလုံးချွတ်ယွင်းလျှင် ဒါနစေတနာ လုံးဝ မပါရကား ချစ်၍ ပေးခြင်း၊ ကြောက်၍ပေးခြင်း၊ ဂုဏ်လာဘ်ကို မျှော်၍ပေးခြင်း တမျိုးမျိုးသာဖြစ်သောကြောင့် အလှူဒါနဟု မဆိုရ။ ထို့ကြောင့် ဒါနအကျိုးစစ် မရနိုင်၊ တပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ ချို့လျှင်ကား ထိုစေတနာ ချို့သလောက် အကျိုးပေး အားသေးစရာရှိ၏။ အပရစေတနာ ချို့လျှင်ကား ထိုဒါနကြောင့် ရရှိသော စည်းစိမ်ကို မခံစားလိုဘဲ လူဆင်းရဲအနေမျိုးဖြင့် နေရ သေရတတ်လေသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းသံဃာတို့အား လှူဒါန်းရာတွင် သိက္ခာသမာဓိပြည့်စုံ၍ ၀ါတော်အကြီးဆုံးဖြစ်သော ကျောင်းထိုင်ဆရာတော်ကြီးအား လှူဒါန်းခြင်းနှင့် ထိုကျောင်းရှိ သံဃာအား လှူဒါန်းခြင်းတွင် မည်သည်က ပို၍မြတ်ပါသနည်း။

(ဖြေ)
သံဃာတော်အား လှူဒါန်းခြင်းက ပို၍မြတ်ပါသည်။
အကျယ်ပြပါဦးမည်။ အလှူခံပုဂ္ဂိုလ် သံဃာတော်တို့၏ လယ်ယာမြေနှင့် တူပုံကို ပြခဲ့ပြီ။ သံဃဿ ဒေမ-ဟုဆို၍ သို့မဟုတ် စိတ်ထဲ၌မှန်း၍ သံဃာအား လှူဒါန်းရာ၌ ထိုသံဃာအစုအဝေးတွင် သီလ၊ သမာဓိ၊ ပြည့်စုံသော ၀ါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်လည်း ပါဝင်နေ၏။ ထို့ပြင် သံဃာ-ဟူသော အသုံးအနှုန်းဖြင့် သုံးနှုန်းလှူရာ၌ ကျောင်းတိုက်တွင်းဝယ် ရှိဆဲ သံဃာသာမက၊ နောက်နောက်၌ ရောက်လာကြမည့် သီလ၊ သမာဓိ ပြည့်စုံသော ပုဂ္ဂိုလ်ကြီးများလည်း ပါဝင်ရုံသာမက၊ ရှေးရှေးက ပရိနိဗ္ဗာန်စံတော်မူပြီးသော ရဟန္တာများပင် ပါဝင်နိုင်၏။ ထို့ကြောင့် သံဃာအားလှူခြင်းသည် ပုဂ္ဂိုလ်တပါးအား လှူခြင်းထက် မနှိုင်းယှဉ်သာအောင် မွန်မြတ်ပါသည်။ ထို့ကြောင့်ပင် ကထိန်သင်္ကန်းလှူဒါန်းသောအခါ၌ မည်သည့် ဆရာတော်ကြီးကိုမျှ မရည်မှန်းဘဲ သံဃာအားလုံးကို ရည်မှန်းနိုင်မှ ကထိန်သင်္ကန်းအစစ် ဖြစ်နိုင်လေသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ အောက်ပါပစ္စည်းတို့ကို ရဟန်း သံဃာတော်တို့အား လှူအပ်ပါသလား၊ မည်ကဲ့သို့လှူမှ ၀ိနည်းသိက္ခာနှင့် ညီညွတ်ပါသနည်း။
(က) ရွှေ, ငွေ, ရတနာ။
(ခ) ကျောင်း, လယ်, ယာ, မြေ။
(ဂ) အရက်။
(ဃ) ဓား, လှံ, လက်နက်။

(ဖြေ)
(က) ရွှေ, ငွေ, ရတနာ-
ရဟန်းတော်များသည် ရွှေ-ငွေ-ရတနာတို့ကို ကိုယ်တိုင်လည်း မခံယူရ၊ ကပ္ပိယစသူတို့ကို ခံယလူလိုက်ပါ ဟုလည်း မခိုင်းရ၊ အလှူရှင်တို့က အနီးအပါး၌ ချထား၍ လှူသည်ကိုလည်း စိတ်ဖြင့်မသာယာရ၊ နိဿဂ္ဂိယပါစိတ်အာပတ် သင့်၏-ဟု ပညတ်တော်မူပါသည်။ (၀ိနည်းပါဠိတော် ရူပိယသိက္ခာပုဒ်) ဤသိက္ခာပုဒ်တော်အတွက် အာပတ်သင့်သည့်အပြင် ခံယူမိသော ရွှေ-ငွေကိုလည်း စွန့်ပစ်ရသည်။

မစွန့်ပစ်လျှင်-
ခံယူမိသော ရွှေ-ငွေကို မစွန့်ပစ်ဘဲထားလျှင် ကိုင်တိုင်း၊ ကိုင်တိုင်း ဒုက္ကဋ်အာပတ်သင့်၏။ ထိုရွှေ-ငွေဖြင့် ခဲတံ၊ စာအုပ်၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး စသည်ကိုဝယ်လျှင် ၀ယ်သည့်အတွက် အာပတ်ထပ်၍ သင့်ရုံသာမက ထိုဝယ်အပ်သော စာအုပ်, ခဲတံ (ထိုငွေဖြင့် ဆောက်အပ်သောကျောင်း) စသည်ကို သုံးစွဲလျှင် (ပိုင်ရှင်သာမက ရဟန်းအားလုံး) သုံးတိုင်း၊ သုံးတိုင်း အာပတ်ထပ်၍ သင့်ပြန်လေသည်။ (ထို့ကြောင့် ရွှေ-ငွေ ရတနာကို မိမိတပါးအတွက်ဖြစ်စေ၊ သံဃာအများအတွက် ဖြစ်စေ၊ ကျောင်းဆောက်ရန် ကျောင်းပြင်ရန်ဖြစ်စေ၊ စေတီတော်တည်ရန်၊ ပြုပြင်ရန် ဖြစ်စေ အလှူမခံကောင်းချေ)။

အပ်သောလှူနည်း-
ထို ရွှေ-ငွေ ရတနာတို့ကို ရဟန်းသံဃာအား တိုက်ရိုက်မလှူဘဲ ကပ္ပိယလုပ်တတ်သူထံ အပ်နှံ၍ မည်မျှအဖိုးတန်၍ အပ်သောပစ္စည်းကို ကပ္ပိယ မည်သူ့ထံ တောင်းပါ၊ အလှူခံပါ-ဟု လျှောက်ရမည်။ ထိုသို့ အလှူရှင်က မလျှောက်တတ်လျှင် ကပ္ပိယလုပ်သူက တပည့်တော်ထံ မည်မျှအဖိုးတန်အပ်သော ပစ္စည်းတောင်းပါ-ဟု လျှောက်ရမည်။ ထိုသို့လျှောက်မှ ထိုကပ္ပိယထံ တောင်းကောင်းသည်။ ကပ္ပိယထံ ငွေကိုအပ်နှံရုံသာ အပ်နှံ၍ အလှူရှင်(သို့မဟုတ်-ကပ္ပိယလုပ်သူ) က အပ်စပ်သောပစ္စည်းကို တောင်းဖို့၊ အလှူခံဖို့ မလျှောက်လျှင် မတောင်းကောင်းချေ။ (၀ိနည်းတော်နှင့် လျော်သော ပစ္စည်းကို အပ်သောပစ္စည်း-ဟု ခေါ်သည်။ ထို့ပြင် ဤငွေကို ကျောင်းအားလှူပါ၏။ စေတီတော်အား လှူပါ၏-ဟု လျှောက်၍လှူလျှင် လှူကောင်း၏။ ကပ္ပိယလုပ်တတ်သူက ထို ရွှေ-ငွေကို သိမ်းဆည်း၍ ကျောင်းပြင်မှု စသည်ကိုပြုရသည်။ ကပ္ပိယက သံဃာအား (ပုဂ္ဂိုလ်အား) အလိုရှိသလို စီမံပါဟုလျှောက်လျှင် ရဟန်းက ကျောင်းပြင်ရန် စသည်ကို ပြောကောင်း၏။ ငွေကို လက်သမားအား ပေးလိုက်-စသည်ဖြင့်ကား မပြောကောင်း။

(ခ) ကျောင်း, လယ်, ယာ, မြေ-
ထိုပစ္စည်းတို့တွင် ကျောင်းကို ပုဂ္ဂိုလ်တပါးအားဖြစ်စေ သံဃာအားဖြစ်စေ တိုက်ရိုက်လှူဒါန်းကောင်း၏။ မြေကိုလည်း ကျောင်းဆောက်ရန်ဖြစ်လျှင် အာရာမအဖြစ်ဖြင့် အလှူခံကောင်း၏။ လယ်ယာကိုကား တိုက်ရိုက်မလှူကောင်း၊ သုတ္တန်ပါဠိတော်၌ လယ်ယာကို အလှူမခံခြင်းကို သီလအဖြစ်ဖြင့် ဟောတော်မူ၏။ ၀ိနည်းပါဠိတော်၌ ရွှေ-ငွေကို အလှူခံခြင်းနှင့် တန်းတူထား၍ တားမြစ်တော်မူသည်။ (န ကေ၀လံ စ ဟိရည သုဝဏ္ဏမေ၀၊ အညမ္ပိ ခေတ္တ၀တ္ထာဒိ အကပ္ပိယံ န သမ္ပိဋိစ္ဆိတဗ္ဗံ)။
(နိဿဂ္ဂိယပါစိတ် ပထမ၀ဂ် ဒသမသိက္ခာပုဒ် အဋ္ဌကထာ)။

လယ်ယာကို အပ်သောလှူနည်း-
လယ်ယာကို ကျောင်း (ကျောင်းတိုက်)အား လှူပါ၏-ဟု၎င်း၊ ကျောင်း၌ (သို့မဟုတ် ပုဂ္ဂိုလ်တပါး၌) အသစ်အသစ် ပြုဖွယ်ရှိသော န၀ကမ္မအလုပ်အား လှူပါ၏-ဟု၎င်း၊ စေတီအား လှူပါ၏ဟု၎င်း လှူလျှင်ကောင်း၏။ ကပ္ပိယလုပ်သူက ထိုလယ်ယာကိုစီမံ၍ လယ်မှဖြစ်သောစပါးကို ရောင်းပြီးလျှင် ကျောင်း၌ အသုံးလိုသော ပစ္စည်းကို သူ့ဘာသာ အလိုက်သိစွာ လှူလျှင်ဖြစ်စေ၊ သံဃာတော်အား (သို့မဟုတ် ပုဂ္ဂိုလ်တပါးအား) အပ်သောပစ္စည်းကို တောင်းပါ-ဟုလျှောက်လျှင် အလိုရှိရာ တောင်း၍ဖြစ်စေ သုံးစွဲကောင်း၏။ ဤနည်းအားဖြင့် လှူအပ်သောလယ်ယာကို ၀တ္ထုကံ (၀တ္တက) ဟု ခေါ်ဝေါ်ကြသည်။

(ဂ) အရက်-
အရက်သည် အလှူရှင်ကိုယ်တိုင်ကပင် မလှူကောင်းသော ပစ္စည်းဖြစ်၏။ အလှူခံပုဂ္ဂိုလ်က အလှူခံမှု၌ အပြစ်ရှိကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ လောက၌ ကုသိုလ်ကောင်းမှုဟု အများက သမုတ်ထားအပ်ကုန်သော်လည်း အမှန်အားဖြင့် မကောင်းမှု အကုသိုလ်ဖြစ်သော ဒါနတို့သည် သေရည်အရက်အလှူ။
ပွဲလမ်းသဘင်အလှူ။
မိန်းမအလှူ (ခံစားဖို့ရန်ခေတ္တလှူခြင်း)
နွားမအများရှိရာ၌ နွားလားဥသဘကို လွှတ်ပေးသောအလှူ။ (နွားမတို့နှင့် သားစပ်ဖို့ အလှူဖြစ်သည်)။ ကိလေသာတိုးပွားအောင် အဆန်းတကြယ် ပြုလုပ်အပ်သော မိန်းမ၊ ယောက်ျား၊ အရုပ်အလှူ၊
ဤသို့အားဖြင့် ၅-ပါးရှိကုန်၏။
(၀ိနည်းပရိဝါပါဠိတော် ဧကုတ္တရ ပဉ္စက)

(ဃ) ဓား, လှံ, လက်နက်-
ဤလက်နက်များကိုကား အလှူခံဖို့ကို မဆိုထားဘိ-ရဟန်းများမှာ ကိုင်၍မျှ မကြည့်ရ-ဟု ၀ိနည်း၌ တားမြစ်တော်မူပါသည်။ ဥပါသကာ စစ်စစ်ဖြစ်သူများလည်း ထိုလက်နက်ကို အရောင်းအ၀ယ်လုပ်လျှင် ဥပါသကာ အောက်တန်းစား-ဟု ပဉ္စကအင်္ဂ္ဂုတ္တိုရ် ပါဠိတော်၌ ဟောတော်မူပါသည်။

မှတ်ချက်။ ။ ဤ(၆)နံပါတ်၌ပါသော ရွှေ-ငွေ ရတနာစသော ပစ္စည်းများကို အလှူမခံဖို့ရန် ဗုဒ္ဓမြတ်စွာ၏ တားမြစ်တော်မူချက်သည် အလွန် လေးနက်တော်မူ၏။ သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော် (ဂါမဏိသံယုတ်) ၌လည်း ရွှေ-ငွေကို သုံးစွဲကောင်းသူမှာ ကာမဂုဏ်ငါးပါး (သားမယားစသည်များ) လည်း သုံးစွဲကောင်း၏-ဟု သားမယားနှင့် တန်းတူထား၍ ရွှေ-ငွေများကို မခံယူထိုက်ကြောင်း မိန့်တော်မူသည်။ ထိုသို့ လေးလေးနက်နက် တားမြစ်တော်မူချက်၌ မူလအကြောင်းကိုပါ စုပေါင်းစဉ်းစားသင့်၏။

စဉ်းစားချက်-
ရွှေ-ငွေ ရတနာနှင့် လယ်ယာ မိုးမြေတို့သည် အိမ်ရာတည်ထောင် လူဝတ်ကြောင်များ၏ အဖိုးအတန်ဆုံး ပစ္စည်းများဖြစ်၏။ ထိုပစ္စည်းများကို ရဟန်း သံဃာတို့သုံးဆောင်နေလျှင် လူဝတ်ကြောင်များနှင့် ထူးခြားသောအကျင့် မရှိတော့။ ကာမဂုဏ်ခံစားသော လူဝတ်ကြောင်များ၌ ထိုခံစားမှုကြောင့် အ၀ိဇ္ဇာနှင့် တဏှာ (လောဘ, ဒေါသ, မောဟ) မြူမှုန်တွေ နေ့စဉ်နှင့်အမျှ ထူထဲသည်ထက် ထူထဲ၍ နေရကား သံသာရ ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ-ဟု ရည်မှန်းခဲ့သော ရဟန်းတို့မှာ ထိုနည်းအတိုင်းသာ ကိလေသာမြူတွေ ထူပိန်း၍နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် သံသရာမှ ကယ်တင်လိုသော ဘုရားရှင်၏ ရည်မှန်းတော်မူချက် သည်ပင် အခြေကစ၍ ပျောက်ပျက်ပေတော့လတ္တံ့။

တိုက်တွန်းချက်-
ထိုပြခဲ့သော အကြောင်းများကြောင့် သာသနာ့ဝန်ထမ်း ရဟန်းကောင်းမှန်လျှင် ဖခမည်းတော်ဘုရား၏ အမိန့်တော်ကို တရိုတသေ လိုက်နာ၍ ပါရမီဖြည့်လိုကလည်း အားရပါးရ သာသနာပြုလျက်၎င်း၊ ယခုဘ၀တွင်ပင် ကျွတ်တမ်းဝင်လိုကလည်း လူသူမနီး တောမြိုင်ကြီးဝယ် ကျကျနန ၀ိပဿနာကမ္မဋ္ဌာန်း ကြိုးပမ်းလျက်၎င်း ကိုယ်စီကိုယ်င သာသနာ့ဝန်ကို ထမ်းသင့်ကြပါသည်။ သာသနာပြုလိုသော ဒါယကာ ဒါယိကာမအစုတို့လည်း ပကာသန အလှူဒါန အပျော်အပါး ဥပုသ်သီလတို့ကို ရှောင်ရှား၍ ဆရားများနှင့်တူစွာ သံသရာမှ မြန်မြန်ကျွတ်လိုလျှင် မှန်မှန်ကြီး တရားကျင့်၍ ပါရမီဖြည့်လိုလျှင်လည်း သာသနာကို အားရပါးရ ကူညီကာ ရခဲ့သော ဘုရားသာသနာဝယ် ဗုဒ္ဓမြတ်စွာ၏ အလိုတော်ကျအောင် ဒါန, သီလ, ဘာဝနာအမှုကို ပြုသင့်ကြပါသတည်း။

( မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

No comments: