Thursday, August 5, 2010

ဘာသာရေး ပြဿနာ ( ၄ )

( အမရပူရ မဟာဂန္ဓာရုံ ဆရာောတ်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည် )

(မေး) အရှင်ဘုရား အောက်ပါပစ္စည်းတို့ကို မွန်းလွဲပိုင်းအချိန်၌ ရဟန်းသံဃာတို့အား ကပ်လှူနိုင်ပါသလား။
(က) အဖျော်ရည်, ယမကာ, ဘိလပ်ရည်။
(ခ) သစ်သီး, မုန့်သေတ္တာ, ငါးသေတ္တာ။
(ဂ) နောက်နေ့စားရန် ဆွမ်းဟင်း။
(ဃ) ဆွမ်းဆန်, ဆီ, ဆား, ငါးပိ, ငါးခြောက်။
(င) မကျန်းမာလျှင် သုံးစွဲရသော စားဆေး, လိမ်းဆေး, သောက်ဆေး။

(ဖြေ)
(က) အဖျော်ရည်, ယမကာ, ဘိလပ်ရည်။
ယာမကာလိက-ဟူသော ပါဠိကို မြန်မာလို ယမကာ-ဟုခေါ်ကြ၏။ မွန်းလွဲသည်မှစ၍ အရုဏ်တက်သည့် တိုင်အောင် ညဥ့်ကာလ၌ သုံးဆောင်ကောင်းသော သောက်ဖွယ်ဟု အဓိပ္ပါယ်ရ၏။
ထို့ကြောင့် အဖျော်ရည် ဘိလပ်ရည်များသည် ယမကာတွင် ပါဝင်၏။ မန်ကျည်းသီး စသော အသီးကို ထန်းလျက်ဖြင့် ရောနှော၍ဖြစ်စေ၊ သီးခြားဖြစ်စေ ရေစိမ်၍ အမှုန်မပါအောင် ကြည်လင်စွာစစ်ပြီးသော အခါ ရဟန်းတော်များအား မွန်းလွဲသောအခါ ကပ်လှူကောင်း၏။
ဘိလပ်ရည်လည်း ထိုနည်းတူ။ သို့သော် ရဟန်းသာမဏေများသည် ထိုယမကာကို မွတ်သိပ်ဆာလောင်သော အခါမှ အဆာပြေအောင် သောက်ကောင်း၏။ မဆာဘဲ အရသာခံသက်သက်ကား မသောက်ကောင်း။ (မီးဖြင့်ချက်ထားသော ဖျော်ရည်များကိုကား ဆရာတို့ ဘုဉ်းပေးတော်မမူကြပါ)။

(ခ) သစ်သီး, မုန့်သေတ္တာ, ငါးသေတ္တာ။
ဤပစ္စည်းများကိုကား နေလွဲသောအခါ၌ အကပ်ပင် မခံကောင်းပါ။ သို့သော် ရဟန်းများစားဖို့ မရည်စူးဘဲ သာမဏေ, ကျောင်းသား, ကပ္ပိယတို့ စားဖို့ရည်စူးလျှင်ကား ကပ်လှူသည်ကို ခံယူကောင်း၏။
(သစ်သီး-ဟူရာ၌လည်း ငှက်ပျောသီး, ရှောက်သီး, စသော နံနက်၌စားလေ့ရှိသော သစ်သီးကို ဆိုလိုသည်။ သံပရာသီးကဲ့သို့ သစ်သီးကိုကား မွန်းလွဲအခါ ခံယူကောင်းပါ၏)။

(ဂ) နောက်နေ့စားရန် ဆွမ်းဟင်း။
ဤဆွမ်းဟင်းများကိုလည်း မုန့်သေတ္တာနှင့် သဘောတူပင် စီစဉ်ရပါသည်။

(ဃ) ဆွမ်းဆန်, ဆီ, ဆား, ငါးပိ, ငါးခြောက်။
ဆွမ်းဆန်နှင့် ငါးပိ, ငါးခြောက်တို့ကိုလည်း မုန်သေတ္တာကဲ့သို့ပင် စီစဉ်ရ၏။ ဆီနှင့်ဆားကိုကား နောက်ရက်၌ ဆွမ်းဟင်းတို့နှင့် ရော၍ မစားဘဲ ဆေးအရာ၌ အသုံးပြုမည်ဖြစ်လျှင် အကပ်ခံကောင်းပါ၏။ ဆွမ်းဟင်းတို့နှင့် ရော၍ ချက်ပြုတ်စားသောက်ဖို့ကား အကပ်မခံကောင်းပါ။

မှတ်ချက်။ ။ ယခုအခါ ညနေပိုင်း၌ ဆွမ်းဆန်စိမ်း လောင်းသော အလေ့အထကို တွေ့ရ၏။ ထိုသို့ လောင်းရာ၌ ရဟန်းကိုယ်တိုင် မခံယူဘဲ သာမဏေ၊ ကပ္ပိယ၊ ကျောင်းသားတို့ ခံယူမှသာ နောက်နေ့၌ စားသောက်ခွင့်ရှိ၏။ (သာမဏေ ကပ္ပိယတို့က ချက်ပြုတ်ပေးသော်လည်း) ရဟန်းမှာ မစားကောင်းပါ။ ထိုသို့ မအပ်မှန်းသိပါလျက် လှူဒါန်းသော ဒါယကာ ဒါယိကာမတို့မှာလည်း ဒါနအကျိုးမရဘဲ အပြစ်သာ ရစရာရှိပါသည်။

(င) မကျန်းမာလျှင် သုံးစွဲရသော စားဆေး, သောက်ဆေး, လိမ်းဆေး။
စားဆေး, သောက်ဆေးတို့မှာ နေလွဲလျှင် အကပ်ခံကောင်းတာလည်း ရှိ-မခံကောင်းတာလည်း ရှိ၏။ နေမလွဲမီ တရက်သာ စားကောင်းသော မန်ကျည်းမှည့် ပါသောတေဆေး၊ မန်ကျည်းရေပါသော သောက်ဆေးမျိုးကို နေလွဲအခါ အကပ်မခံကောင်းပါ။
စတုမဓူကဲ့သို့သော စားဆေးမျိုး၊
သံပုရာရည်ကဲ့သို့သော သောက်ဆေးမျိုးကိုကား နေလွဲအခါ အကပ်ခံကောင်းပါ၏
လိမ်းဆေးကိုကား နေလွဲအခါ ကပ်လှူနိုင်ပါသည်။
အမှာ။ ။ ဤ ၇-နံပါတ်၌ပါသော ပြဿနာအဖြေကို အတိအကျနားလည်ဖို့မှာ ၀ိနည်းလေးစားသော ဆရာသမားများနှင့်အတူနေ၍ ကိုယ်တိုင်လေ့လာမှ ဖြစ်နိုင်ပါသည်။)
********************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းသံဃာတော်တို့အား အောက်ပါပစ္စည်းများ လှူဒါန်းနိုင်ပါသလား။
(က) ငွေထုတ်ချက်လက်မှတ်၊ ငွေလွှဲစာ၊ တံဆိပ်ခေါင်း။
(ခ) ထီလက်မှတ်၊ ငွေစုလက်မှတ်၊ အသက်အာမခံစာချုပ်။
(ဂ) စာတိုက်မှ မန်နီအော်ဒါနှင့် ပို့လှူသောငွေ။

(ဖြေ)
(က) ချက်လက်မှတ်၊ ငွေလွှဲစာတို့သည် ငွေမဟုတ်သေးသောကြောင့် လှူရုံကား လှူကောင်းမည်ဟုထင်၏။
သို့သော် အလှူခံရသော ပုဂ္ဂိုလ်ကမူ ထိုလက်မှတ်ဖြင့် ကိုယ်တိုင်လည်း ငွေမထုတ်နိုင်၊ ကပ္ပိယကိုလည်း သွား၍ ထုတ်ပါချေဟု မစေခိုင်းနိုင်၊ မိမိမှာ ချက်လက်မှတ် ငွေလွှဲစာရရှိကြောင်းမျှကိုသာ ကပ္ပိယအား ပြောနိုင်၏။ ထိုသို့ ပြောသည့်အတွက် ကပ္ပိယလုပ်တတ်သူ လူဝတ်ကြောင်က ထိုလက်မှတ် (ထိုစာကို) ယူ၍ ငွေထုတ်ပြီးလျှင် -တပည့်တော်အထံ မည်၍ မည်မျှတန်သော၊ အပ်သော ပစ္စည်းကို တောင်းခံတော်မူပါ-ဟုလျှောက်မှ ထိုပစ္စည်းကို တောင်းခံကောင်းသည်။ တံဆိပ်ခေါင်းကိုကား လှူကောင်း၏ဟုသာ အယူရှိ၏။

(ခ) ထီလက်မှတ်၊ ငွေစုလက်မှတ်၊ အသက်အာမခံစာချုပ်များလည်း ချက်လက်မှတ်နှင့်သဘောသွားအတူဟုပင် ယူဆပါသည်။

(ဂ) မန်နီအော်ဒါနှင့် ပို့လှူသောငွေ၌ မိမိနာမည်ကို လက်မှတ်ထိုးရုံကား ထိုးကောင်း၏=ဟု ယူဆပါသည်။ ငွေကိုမူ မခံယူကောင်းပါ။ ကပ္ပိယကိုလည်း ယူထားလိုက်ပါဟု မပြောကောင်းပါ။ မန်နီအော်ဒါရောက်လာကြောင်း ကိုသာ ပြောပြ၍ ကပ္ပိယလုပ်တတ်သူက ယူပြီးလျှင် (သို့မဟုတ် စာပို့လုလင်က ကပ္ပိယထံပေးသွားလျှင်) ထိုကပ္ပိယက အခြားငွေ ထုံးစံအတိုင်းလျှောက်မှသာ အပ်သောပစ္စည်းကို သုံးစွဲကောင်းပါသည်။

အမှာ။ ။ ဤ (၈) နံပါတ်မေးခွန်းများ၏အဖြေမှာ ကျမ်းစာတို့၌ တိုက်ရိုက်မပါသောကြောင့် မိမိယူဆချက်ကိုသာ ဖြေလိုက်ပါသည်။ အခြားသော ၀ိနည်းဓိုရ်ဆရာတော်များကိုလည်း လျှောက်ထားပါလေ။
********************************************************************************

(မေး) အရှင်ဘုရား၊ ရုပ်ပွားတော်များ၊ စေတီများကို ပူဇော်ကန်တော့ရာ၌ မည်ကဲ့သို့ အာရုံပြုရပါမည်နည်း။ တန်ခိုးကြီးသောဘုရားကို တကူးတက သွားရောက်ဖူးမြော်ခြင်းနှင့် အိမ်တွင် ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြော်ခြင်းတွင် မည်သည်က ပို၍ အကျိုးရှိပါသနည်း။

(ဖြေ)
ရုပ်ပွားတော်သည် သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ကို အတုပွား၍ ထားသော (အဆင်းသဏ္ဍာန်တော်ကို အတုပြုလုပ်ထားသော) ဆင်းတုတော်ဖြစ်၏။ ထို့ကြောင့် ထိုရုပ်ပွားတော်ဆင်းတုတော်လောက်တွင် စိတ်အာရုံမပြီးစေဘဲ သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာအောင် ပူဇော်ကန်တော့နိုင်မှ သာ၍ အကျိုးရပါသည်။

စေတီတော်ဟူသည် ဘုရားရှင်၏ အရိုးတော်ဓာတ်များကို သွင်းနှံဌာပနာထားသောကြောင့် ပူဇော်ကန်တော့ ထိုက်သော ဌာနတမျိုးတည်း။ ထို့ကြောင့် စေတီတော်ကို ပူဇော်ရာ၌လည်း သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်မှ သာ၍ အကျိုးရပါသည်။ သို့သော် ရုပ်ပွားတော်၊ စေတီတော်လောက်တွင် စိတ်အာရုံယူနိုင်သော ပုဂ္ဂိုလ်များအတွက် လုံးလုံး အကျိုးမရဟုကား မဆိုလိုပါ။

ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏ ကိုယ်တော်စားချည်းဖြစ်ကြသော ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးကြီး၊ တန်ခိုးငယ်ဟု မခွဲခြားလိုပါ။ လူအသွားအလာများသည်ကို တန်ခိုးကြီးသည်၊ လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟုဆိုလိုလျှင် တောကြီးတောင်ကြီး၌ လူတယောက်မျှ အရောက်အပေါက်မရှိသော ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးမရှိသောဘုရား-ဟု ခေါ်ရမလို ဖြစ်နေပါသည်။ ထို့ကြောင့် ဤပြဿနာအတွက် အထူးဖြေဖွယ် မလိုပါ။ မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါ၊ ပညာ အတိမ်အနက်လိုက်၍သာ အကျိုးရ ကွဲပြားဖွယ် ရှိပါသည်။ အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုနိုင်ပါမူ သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးမြင်ရသောအကျိုးနှင့် ရုပ်ပွားတော် စေတီတော်များကို ဖူးမြင်ရသော အကျိုးသည် တန်းတူပင်ဖြစ်နိုင်ပါသည်။

ဥပမာ-အသက်ရှိသော မိဘကို တွေ့မြင်ရခြင်းနှင့် မိဘမရှိ၍ ဓာတ်ပုံကိုသာ ကြည့်ရခြင်း၌ ရိုသေလေးစားမှု မကွာလျှင် အကျိုးပေး မကွာနိုင်သကဲ့သို့တည်း။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊
သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိ ဟေတုံ ဟိ၊
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

တိဋ္ဌန္တေစာပိ-သက်တော်ထင်ထင်၊ တည်ရှိစဉ်ဝယ်၊ ဖူးမြင်ရငြား၊ မြတ်ဘုရား၌လည်းကောင်း။
နိဗ္ဗုတေစာပိ-ရွှေပြည်နိဗ္ဗူ၊ စံတော်မူသည့်၊ သုံးလူ့ထွဋ်ထား၊ မြတ်ဘုရား၌လည်းကောင်း။
စိတ္တေ-ဂုဏ်တော်အာရုံ၊ ကောင်းစွာထုံ၍၊ တလုံလဲလဲ၊ မှီဝဲစွဲသုံး၊ စိတ်နှလုံးသည်။
သမေ-သဒ္ဓါပညာ၊ အရာရာဝယ်၊ မကွာတန်းတူ၊ ညီမျှပါမူကား။
သမံဖလံ-အကျိုးပေးဟန်၊ အတန်တန်လည်း၊ ဧကန်ညီမျှ၊ တန်းတူရလေတော့၏။
ဟိ ယုတ္တံ-မမှားဧကန်၊ ယုတ္တိတန်လှပါပေ၏။
သတ္တာ-ယုတ်မြတ်မဟူ၊ သူငါကစ၊ သတ္တ၀ါဟူသမျှတို့သည်။
စေတောပဏိဓိဟေတုံ-စိတ်နေစိတ်ထား၊ ကြီးမားဖြူစင်၊ ကြည်လင်သန့်ရှင်း၊ အကြောင်းရင်းကြောင့်။
သုဂ္ဂတိံ-လူ့ရွာနတ်ထံ၊ ချမ်းသာစံလျက်၊ နိဗ္ဗာန်အထိ၊ အကောင်းဆုံးဂတိသို့။
ဂစ္ဆန္တိ-ပါရမီစွမ်းသလောက်၊ စခန်းထောက်၍၊ လှမ်းရောက်နိုင်ကြပေသတည်း။
(မဉ္ဇိဋ္ဌက၀ဂ်၊ ပီတ၀ိမာန၀တ္ထု ပါဠိတော်)
********************************************************************************

(မေး) အရှင်ဘုရား၊ ယခုခေတ် ရဟန်းသံဃာတော်များနှင့် ရတနာသုံးပါးတွင် ပါဝင်သော သံဃာတော်များသည် မည်သို့ ထူးခြားပါသနည်း။

(ဖြေ)
ရတနာသုံးပါးတွင်ပါဝင်သော သံဃံ သရဏံ ဂစ္ဆာမိ-ဟု သရဏဂုံ ဆောက်တည်ရာ၌ အာရုံပြုရသော သံဃာသည် အရိယာဖြစ်ပြီးသော ပရမတ္ထသံဃာ (အစစ်အမှန်၊ မဖောက်ပြန်နိုင်သော သံဃာ) တည်း။
ယခုခေတ်၌လည်း အရိယာအစစ်ဖြစ်လျှင် ထိုရတနာဝင် ပရမတ္ထသံဃာပင် ဖြစ်၏။
အရိယာမဖြစ်သေးသော သံဃာဟူသမျှကို သမ္မုတိသံဃာ-ဟုခေါ်၏။
အရိယာသံဃာအစစ်နှင့် ၀ိနည်းသိက္ခာချင်းမှစ၍ အရာရာတူသောကြောင့် သံဃာဟူ၍ သမုတ်အပ်သော သံဃာတော်-ဟု ဆိုလိုသည်။
ဥပမာ-သက်တော်ထင်ရှား ဘုရားအစစ်နှင့် ရုပ်တု၊ ဆင်းတုတော်ဘုရားတို့ ကွဲပြားသကဲ့သို့တည်း။

(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

No comments: