Friday, August 27, 2010

ဘာသာရေး ပြဿနာ ( ၇ )

ဂါဒီယန်း ဦးစိန်ဝင်း မေး၍
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

(မေး)
အရှင်ဘုရား၊ သီလဆောက်တည်ရာ၌ သီလယူရိုးဖြစ်သော ပါဠိအပိုဒ်များကို ရွတ်ဆိုမှ သီလရပါသလား။

(ဖြေ)
ပါဠိအပိုဒ်ကို ရွတ်ဆိုမှ သီလရသည် မဟုတ်ပါ။ မိမိနားလည်သော ဘာသာစကားဖြင့် ရွတ်ဆိုဆောက်တည်လျှင် ဆိုလိုရင်းအကြောင်းအရာကို နားလည်သောကြောင့် သာ၍ ကောင်းပါသေး၏။
(ယခုအခါ ပါဠိလိုဆို၍ သီလယူကြ ဆောက်တည်ကြသောကြောင့် မာလာဂန္ဓ စသည်တို့၏ အဓိပ္ပါယ်ကို နားမလည်ဘဲ ဥပုသ်စောင့်ရင်းပင် ပန်းပန်ထားကြ၊ နံ့သာလိမ်းထားကြသည်ကို တွေ့ရသည့်ပြင်၊ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်အရ လဲဝါ သွတ်ထားသော မွေ့ရာပေါ်ဝယ် မအိပ်မထိုင်ကောင်းပါဘဲလျက် အိပ်မြဲအိပ်နေကြသည်မှာ သိက္ခာပုဒ်၏အဓိပ္ပါယ်ကို နားမလည်သောကြောင့်သာ ဖြစ်လေသည်။)
********************************************************************************

(မေး)
အရှင်ဘုရား၊ တခါသီလယူထားလျှင် နောက်နေ့၌ သီလမယူဘဲ ဆက်၍ ဥပုသ်စောင့်နိုင်ပါသလား။

(ဖြေ)
ဆက်၍ စောင့်နိုင်ပါသည်။ သီလသည် အမြဲကျင့်ရသော နိစ္စသီလ၊ တရံတခါ ဆောက်တည်ရသော ဥပုသ်သီလ ဟု နှစ်မျိုးရှိ၏။
ငါးပါးသီလသည် နိစ္စသီလ ဖြစ်၏။ သီလဆောက်တည်သည် ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ခါးဝတ်သဖွယ် အမြဲလုံခြုံစေရသည့် သီလဖြစ်၏။
ရွတ်ဆို၍ဆောက်တည်လျှင်လည်း ဆောက်တည်မှုကုသိုလ် ပို၍ရ၏။
ဥပုသ်သီလကား အပိုတန်ဆာဆင်သကဲ့သို့ အပိုကျင့်ရသော သီလဖြစ်၏။
ထိုဥပုသ်သီလကို မိမိကျင့်နိုင်သလောက် ရက်ပိုင်းခြား၍ တခါဆောက်တည်ထားလျှင် ထိုရက်မကုန်မချင်း သီလတည်နေ၏။
(မှန်းထားသောရက် မကုန်မီအကြား၌ မိမိက မစွမ်းနိုင်တော့၍ ထိုသီလအကျင့်ကို ရပ်နားဦးမည်ဆိုလျှင်လည်း ရပ်နားခွင့်ရှိပါ၏)။
ရက်အပိုင်းအခြား စေ့သောအခါ၌ကား ရှစ်ပါးသီလသိက္ခာ အလိုလိုကျ၍ ငါးပါးသီလသာ (အထူးမဆောက်တည်ရဘဲ) ကျန်ရှိပါသည်။
********************************************************************************

(မေး)
အရှင်ဘုရား၊ မိမိကြောင့် သုတပါးအသက်သေတိုင်း ပါဏာတိပါတကံ ထိုက်ပါသလား။

(ဖြေ)
ပါဏာတိပါတကံ မထိုက်နိုင်ပါ။ ဥပမာ-ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌ (မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့် သေသော်လည်း သေစေလိုသော စေတနာမပါ။ တချို့မှာ ထိုနင်းမိချိန်၌ အလွန်ပင် သနားကရုဏာဖြစ်သေး၏။ တချို့က ဆိုကြသေး၏။ လူတွေက စားသောကြောင့် သတ်သူက သတ်ရသည်။ လူတွေမစားလျှင် မသတ်နိုင်၊ ထို့ကြောင့် စားသူများလည်း ပါဏာတိပါတ အပြစ်မကင်း-ဤသို့ ဆိုကြသေး၏။

ထိုသို့ဆိုရာ၌ စိစစ်ပြပါဦးမည်။
(က) ခွေးသည် ကြက်ကို ကိုက်သတ်၍ ချီလာ၏။ ထိုကြက်သားကို ချက်၍ လူက စားသည်။ လူမှာ ပါဏာတိပါတကံ ထိုက်ရဦးမည်လော။ မထိုက်ပါ။

(ခ) အိမ်ရှင်တယောက်သည် သူ၏၀မ်းရေးအတွက် ပါဏာတိပါတအမှုကို ပြု၏။ ထိုသူက သတ်၍ ယူလာအပ်သော အစာကို တအိမ်လုံး စားကြ၏။ သတ်သည်ကို သဘောမတူကြ။ ထိုသို့ဖြစ်လျှင် ထိုသူ၏ အိမ်သားအားလုံး ကံထိုက်မည်လော။ မထိုက်ပါ။

(ဂ) အခါတပါး မုဆိုးကြီးတေယောက်သည် အသားတချို့ကို သမာပတ်ဝင်စာေးနသော ဥပ္ပလ၀ဏ်ထေရ်မအား လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါ-ဟု ကြွေးကြော်၍ ပံ့သကူပစ်ထား၏။ ဥပ္ပလ၀ဏ်ဘိက္ခုနီသည် သမာပတ်မှထစဉ် ထိုအသံကြား၍ ပံ့သကူကောက်ယူပြီးလျှင် ကောင်းမွန်စွာစီစဉ်၍ ဘုရားရှင်အား ကပ်လှူ၏။ ဘုရားရှင် ဘုဉ်းပေးတော်မူသည်။( ၀ိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်)

(ဃ) ကုက္ကုရမိတ္တ မည်သော အကြီးစားမုဆိုးတယောက်၏ မယားသည် အပျိုဘ၀ကပင် သောတာပန်ဖြစ်ခဲ့၏။ ထိုသူမသည် လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေ-ဟုဆိုလျှင် လေးကို ယူပေးရ၏။
ဓား-လှံ ယူခဲ့ပါရှင်မရေ-ဟုတောင်းလျှင်လည်း ယူပေးရ၏။ သို့သော် သူမ၌ သတ်စေလိုသော စေတနာမရှိ။ မယားဝတ္တရားကို ဆောင်းခြင်းသာဖြစ်၏။ ထို့ကြောင့်ပါဏာတိပါတကံ မဖြစ်ပါ။

(င) ဘုရားရှင်သည် ထိုသူမ၏ ပါဏာတိပါတကံ ထိုက်-မထိုက်ကို စဉ်းစားကြသော ရဟန်းတို့အား တရားဟောတော်မူသည်မှာ-လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ် မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါ-ဟု ဟောတော်မူသည်။ (ဓမ္မပဒ ပါဠိတော်၊ ကုက္ကုရမိတ္တ ၀တ္ထု)

ပါဏာတိပါတအင်္ဂါ
(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း။
(၂) သက်ရှိသတ္တ၀ါဟု သိခြင်း။
(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။
(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။
(၅) သေခြင်း။
ဤအင်္ဂါ ၅-ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်သည်။
ထို့ကြောင့်ဤအင်္ဂါနှင့် မညီသော်၎င်း၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်း ၄-မျိုးတွင် တမျိုးမျှမပြုသော်၎င်း၊ ပါဏာတိပါတကံ မထိုက်-ဟု မှတ်ပါ။
********************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များသည် မိမိ၏ပစ္စည်းလေးပါး ဒါယကာမဟုတ်သောသူ၏ အိမ်တွင်းသို့ဝင်၍ ဆွမ်းစသောပစ္စည်းကို အလှူခံနိုင်ပါသလား။

(ဖြေ)
ရဟန်းတို့နှင့်သင့်လျော်သော ပစ္စည်းကို အလှူခံနိုင်ပါ၏။ သို့သော် (ဆွမ်းခံရပ်သလို) အိမ်အနီးအပါး၌ ရပ်၍နေရရ၏။ ဘာအလိုရှိပါတုန်းဘုရား-ဟု မေးမှ အလိုရှိသော ပစ္စည်းကို ပြောရ၏။ မလှူနိုင်ပါ-ဟုဆိုလျှင် ထပ်၍ လှူချင်အောင် ပြောမနေရ၊ ထပ်၍ လှူချင်အောင်ပြောမှ လှူသောပစ္စည်းသည် ထိုရဟန်းနှင့်တကွ ရဟန်းသာမဏေအားလုံး မသုံးစွဲကောင်း။(၀ိနည်းပါဠိတော် အညာတက ၀ိညတ္တိသိက္ခာပုဒ်၊ သူပေါဒနသေခိယ သိက္ခာပုဒ်)။
********************************************************************************

(မေး)
အရှင်ဘုရား၊ မိမိအားလှူလိုက်သော ပစ္စည်းကို ဒီဟာ မကြိုက်ဘူး၊ ဟိုဟာပေးပါ-ဟူ၍ ရဟန်းတော်များ ပြောနိုင်ပါသလား။

(ဖြေ)
မပြောကောင်းပါ။ ထိုသို့ပြောလျှင် ထိုဟာကို တောင်းရာရောက်နေသည့်အတွက် ပြခဲ့သောသိက္ခာပုဒ်များအရ အပြစ်ရှိ၏။ သို့သော် လှူလိုက်သောပစ္စည်းက တန်ဖိုးများလျှင် သို့မဟုတ် တန်ဖိုးညီမျှလျှင် ငါ့မှာ ဒီပစ္စည်းတော့ အသုံးမ၀င်၊ ဟိုပစ္စည်းသာ အသုံးဝင်၏-ဟု ပြောကောင်း၏။ ကပ္ပိယတယောက်ကို လဲပေးပါ-ဟုလည်း ခိုင်းကောင်း၏။
********************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းများသည် တရားသဖြင့် မိမိပိုင်သော ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တို့အား ပေးလှူနိုင်ပါသလား။
(က) ကျောင်းရှိသံဃာအားလုံး။
(ခ) မိမိနှစ်သက်လိုလားသော ရဟန်းသာမဏေ တပါးပါး။
(ဂ) ကျောင်းသား။
(ဃ) မိဘဆွေမျိုး။
(င) လူ့ဘ၀က ဇနီး၊ သား၊ သမီး။
(စ) ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ။
(ဆ) ပစ္စည်းလေးပါး ဒါယကာမဟုတ်သော ဒါယကာ ဒါယိကာမ။

(ဖြေ)
(က-ခ) အမှတ်တွင် ပါဝင်သူတို့အား လှူနိုင်ပါ၏။
(ဂ) အမှတ်တွင် ပါဝင်သူတို့အားလည်း ပေးကောင်း၏။
သို့သော် လူတို့က လှူထားသောပစ္စည်းကို ခဏမျှဖြစ်စေ၊ နည်းနည်းဖြစ်စေ မိမိသုံးပြီးမှ ပေးကောင်း၏။
(ဃ) အမှတ်တွင် မိဘကို ပေးကောင်း၏။ ဆွေမျိုးကိုကား အကြောင်းထူးမရှိဘဲ မပေးကောင်း၊ အကြောင်းရှိ၍ တောင်းလာလျှင် တစုံတခုကို စေခိုင်းပြီးမှ ဝေယျာဝစ္စလုပ်သူအနေဖြင့် နည်းနည်းပါးပါး ပေးရသည်။ သူတို့မှာ ၀တ်ဖို့ စားဖို့ အရင်းအနှီးလုပ်ဖို့ကား မပေးရ။
(င) လူ့ဘ၀က ဇနီးမှာ ပစ္စည်းလေးပါး ဖိတ်ထားလျှင်၊
(စ) အမှတ်တွင် ပါဝင်၍ မဖိတ်လျှင်၊
(ဆ) အမှတ်တွင် ပါဝင်သွား၏။
သားသမီးတို့ကား (ဃ) အမှတ် ဆွေမျိုးတွင် ပါဝင်သည်။
(စ) အမှတ်၊ (ဆ) အမှတ်ပါ ဒကာ ဒကာမတို့အားလည်း အကြောင်းအထူးမရှိလျှင် မပေးကောင်း။
တောင်းလာလျှင် ဝေယျာဝစ္စ အလုပ်ခိုင်း၍ ကပ္ပိယအနေအားဖြင့် သစ်သီးသစ်ရွက်စသော နည်းနည်းပါးပါးကို ပေးကောင်း၏။

မှတ်ဖွယ်။ ဤနေရာ၌ ရဟန်း၊ သာမဏေတို့က-
(က) တောင်းသာတောင်းကောင်း၊ မပေးကောင်း။
(ခ) ပေးသာပေးကောင်း၊ မတောင်းကောင်း။
(ဂ) တောင်းလည်းတောင်း ပေးလည်းပေးကောင်း။
(ဃ) မတောင်းလည်း မတောင်းကောင်း၊ မပေးလည်း မပေးကောင်းသော လူဝတ်ကြောင် ၄-မျိုးကို မှတ်သားထိုက်၏။ ထိုတွင်-

(က) တပည့်တော်အထံ မည်သည့်ပစ္စည်းကို (သို့မဟုတ် ပစ္စည်း ၄-ပါးကို) အလိုရှိသောအခါ တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူကို ပ၀ါရိတ-ဟုခေါ်၏။ ထို ပ၀ါရိတနှင့် (မိဘမှတပါး ဆွေခုနစ်ဆက် စပ်၍ရသော) ဉာတိတို့အထံ၌ တောင်းသာတောင်းကောင်း၏။ မိမိပိုင်ပစ္စည်းကိုကား မပေးကောင်း။
(သွေးမစပ်သော သမက်၊ ချွေးမ၊ မယားတို့သည် ဆွေမျိုးမဟုတ်ကြ)။

(ခ) ကိုးကွယ်ရာမဲ့၍ ဆင်းရဲနေသူ (သို့မဟုတ် သူတောင်းစား) စစ်ရှုံး၍ ကျောင်းသို့ပြေးဝင်လာသော အစိုးရရိက္ခာမပါသော ခရီးသွားဧည့်သည်၊ ဤသို့သော လူဝတ်ကြောင်တို့အား ပေးသာပေးကောင်း၍ မတောင်းကောင်း။

(ဂ) မိဘတို့အား တောင်းလည်းတောင်းကောင်း၊ ပေးလည်း ပေးကောင်း၏။

(ဃ) ဉာတိပ၀ါရိတ မဟုတ်သောလူတို့အား တောင်းလည်းမတောင်းကောင်း၊ ပေးလည်း မပေးကောင်း၊ သူတို့ပိုင်ပြီးဖြစ်သော ရေကိုသော်မျှ မတောင်းကောင်း၊ သူတို့အထံမှ ပစ္စည်းတစုံတခုကို အလိုရှိလျှင် ဆွမ်းရပ်သလို ရပ်၍ဖြစ်စေ၊ မိမိရှိသောပစ္စည်းဖြင့် လူဝတ်ကြောင်တယောက်ကို အလဲခိုင်း၍ဖြစ်စေ ယူရသည်။

မှတ်ချက်။ ။ အချို့ပုဂ္ဂိုလ်များက ဉာတိပ၀ါရိ မဟုတ်သူအထံ မိမိအတွက်သာ မတောင်းကောင်း၊ သူများအတွက်ကား တောင်းကောင်း၏-ဟု ယူဆ၍ မြို့ကြီးများ၌ အခြားရဟန်း တပါးအတွက် ရဟန်းတပါးက ဆွမ်း(ဆွမ်းဟင်း) လောင်းဖို့ရန် ဖိတ်ကြ (တိုက်တွန်းကြ)၏။ ရှင်ဒကာ ခံလိုက်ပါ၊ ရဟန်းဒကာ လုပ်လိုက်ပါ-ဟု တိုက်တွန်းကြ၏။ ထိုကဲ့သို့လည်း မတိုက်တွန်းကောင်းပါ။ ထိုသို့ တိုက်တွန်းမှုကြောင့် အာပတ်သင့်၍ ပစ္စည်းကိုရသောအခါ ပစ္စည်းရှင်နှင့်တကွ ရဟန်းအားလုံး (သာမဏေများပါ) မသုံးထိုက်၊ သုံးတိုင်း သုံးတိုင်း အာပတ်သင့်၏။

(မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

No comments: