Thursday, August 19, 2010

သရဏဂုံ ကိုယ်လုံးခြုံသော်

စာရေးသူသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးခန်းပြရန် ရန်ကုန်မြို့သို့ ၁၂-၃-၂၀၀၉- နေ့တွင် သွားခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းတကျောင်း၌ ခေတ္တတည်းခိုခွင့် ရပါသည်။
စာရေးသူတွင် ဆီးချို၊ သွေးချိုရောဂါ၊ အစာအိမ်ရောင်သောရောဂါ၊ အဆုတ်မကောင်းသောရောဂါ နှင့် အဆစ်အမြစ်ရောင်သော ရောဂါများအပြင် မျက်စိမကောင်းခြင်း၊ အာရုံကြော အားနည်း၍ မှတ်ဉာဏ်ချို့ယွင်းခြင်း စသော ရောဂါများ ခံစားနေရသူဖြစ်ပါသည်။

ရန်ကုန်သို့ရောက်သည်နှင့် မေတ္တာဦးမျက်စိဆေးခန်းတွင် သွားရောက်ပြသပါသည်။ မျက်မှန်အသစ်လဲရန် လိုကြောင်း ပြောသဖြင့် လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါသည်။ နောက်တနေ့တွင် ဆီးချို၊ သွေးချိုရောဂါနှင့် နောက်ဆက်တွဲရောဂါများ ကုသခံယူရန် မြေနီကုန်းရှိ ကောင်းမြတ်မွန် ဆေးခန်းသို့ သွားရောက်ပြသခဲ့ပါသည်။ ဆေးခန်းတွင် စမ်းသပ်စစ်ဆေးကုသမှုများ ခံယူကာ ဆေးတလစာ ၀ယ်ပြီး ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ပါသည်။

ရန်ကုန်တွင်ရောက်ရှိနေစဉ် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပါသည်။ စာရေးသူသည် လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ မဟာသရဏဂုံတော်ကြီးကို စာအုပ်ကြည့်ပြီး အစအဆုံး ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ယခုနှစ်ပိုင်းတွင် မျက်စိမကောင်းသဖြင့် မျက်မှန်တပ်သော်လည်း စာကို ကြာကြာကြည့်၍ မရပါ။ ထို့ကြောင့် မဟာသရဏဂုံတော်ကြီးမှ ဒုက္ခသစ္စ၀ဏ္ဏနာအထိသာ အလွတ်ရွတ်ဆိုနိုင်ပါသည်။ အထူးသဖြင့် ဘုရားရှိခိုးတိုင်း ခန္ဓာကိုယ်ကို ဘုရားထံလှူဒါန်းလေ့ရှိပါသည်။

စာရေးသူသည် ဆေးခန်းပြရန် ကိစ္စပြီးစီးသွားသဖြင့် ၁၇-၃-၀၉-နေ့နံနက်တွင် အငှားကားဖြင့် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ လာခဲ့ပါသည်။ ထိုကားမှာလည်း စာရေးသူတည်းခိုသည့်ကျောင်းမှ ဆရာတော်က စေတနာဖြင့် စီစဉ်ငှားရမ်းပေးလိုက်သောကား ဖြစ်ပါသည်။

စာရေးသူသည် ဆရာတော့်ကို ကန်တော့ပြီး ကားရှေ့ခန်းတွင်ထိုင်ပါသည်။ ကားထွက်သည်နှင့် ပုတီးလုံးရေ ၂၇-လုံးပါရှိသော ပုတီးကိုစိပ်ပြီး သရဏဂုံသုံးပါး ပွားများကာ လိုက်ပါခဲ့ပါသည်။ ကားထွက်၍ ဆယ်မိနစ်ခန့် ကြာသောအခါ စာရေးသူထိုင်သည့် ဘယ်ဘက်ရှေ့ဘီးဆီမှ ကလစ်-ကလစ်-ဟူသောမြည်သံကို ကြားရပါသည်။ ဒရိုင်ဘာကိုပြောပြရာ ဒရိုင်ဘာက ကားအရှိန်လျှော့ပြီး မောင်းပါသည်။ ထိုအခါ မြည်သံ မကြားရတော့ပါ။

မြည်သံမကြားသဖြင့် ပုံမှန်အတိုင်း မြန်မြန်မောင်းသောအခါ ကလစ်-ကလစ်-ဟု မြည်သံကြားရပြန်ပါသည်။ ဒရိုင်ဘာက ကားရပ်ပြီး ဆင်းကြည့်ပါသည်။ သို့သော် ဘာမှ မတွေ့ရပါ။ ထို့နောက် ကားကို ဆက်မောင်းပါသည်။ ဒရိုင်ဘာက ကားလက်ကိုင် အနည်းငယ် တုန်ခါနေသည်ဟု ပြောပါသည်။ စာရေးသူက ကားအကြောင်း နားမလည်၍ သတိထားပြီး မှန်မှန်မောင်းရန်သာ ပြောမိပါသည်။ ကလစ်-ကလစ် မြည်သံကလည်း ပိုစိပ်လာပါသည်။ စာရေးသူကတော့ မြည်သံနားထောင်ရင်း သရဏဂုံကိုလည်း မပြတ်ပွားများ၍ လိုက်လာပါသည်။

မြောက်ဥက္ကလာရှိ မယ်လမုဘုရားကိုကျော်ဖြတ်ပြီး သုံးမှတ်တိုင်ခန့် ဝေးသောအခါ ကားမှာ ထိုးရပ်သွားပါသည်။ ဒရိုင်ဘာမှ အောက်ဆင်းကြည့်သောအခါ စာရေးသူထိုင်သည့်ဘက်က ရှေ့ဘီးမှာ နပ်များပြုတ်ထွက်ပြီး ဘီးကျွတ်လုခမန်း ဖြစ်နေသည်ကို တွေ့ရပါသည်။ စာရေးသူလည်း ကံကောင်းထောက်မစွာဖြင့် အန္တရာယ်ဆိုးနှင့် မကြုံတွေ့ရပါ။ အကယ်၍သာ ကားကိုအရှိန်နှင့် မောင်းနေရင်း ရှေ့ဘီးတလုံးများ ကျွတ်ထွက်သွားလျှင်ဖြင့် ယာဉ်အသွားအလာများသော လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ အန္တရာယ်ကိုကား မတွေးရဲခဲ့ပါ။

ယခုကဲ့သို့ အန္တရာယ်ဆိုးမှ လွတ်မြောက်ရခြင်းမှာ မဟာသရဏဂုံတော်၏ အစွမ်းကြောင့်ဟု စာရေးသူ ယုံကြည် ယူဆမိပါသည်။ စာရေးသူသည် ရတနာသုံးပါးကို သိတတ်သည့်အချိန်မှစပြီး ကိုးကွယ်ခဲ့ပါသည်။ အိပ်ရာဝင် အိပ်ရာထအချိန်များတွင် သရဏဂုံယူပြီးမှ အိပ်လေ့ ထလေ့ရှိပါသည်။ ထို့ကြောင့် သေလောက်သည့်အန္တရာယ် ဆိုးမှ လွတ်မြောက်ခဲ့ရသည်ဟုလည်း ထင်မြင်မိပါသည်။

မချိုးဖြူ (ရွှေတောင်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

No comments: