တံတားလှူရခြင်းအကျိုး ၅-မျိုးရှိသည်။ ယင်းတို့မှာ-
၁။ သစ်ပင် ကမ်းပါး တောင်ထိပ်တို့မှ ကျသော်လည်း ဘေးရန်မရှိ၊ မထိမပါး၊ ကိုးကွယ်မှီခိုရာရခြင်း။
၂။ သူခိုးဓားပြတို့က မနှိပ်စက်နိုင်ခြင်း။
၃။ မင်းအစိုးရတို့က မနှိပ်စက်နိုင်ခြင်း။
၎။ ရန်သူအပေါင်းကို လွှမ်းမိုးအောင်နိုင်ခြင်း။
၅။ လေကဲ့သို့ လျင်မြန်သော ဆင်၊ မြင်း၊ ရထား၊ ကား စသော ယာဉ်တို့ကို ရရှိခြင်း စသည်တို့ဖြစ်သည်။
(ဆောင်ပုဒ်လင်္ကာ)
ကမ်းပါး သစ်ပင်၊ တောင်တွင်ထိပ်က၊ လိမ့်၍ကျလည်း၊ ဘေးမှလွတ်ဘိ၊ မှီခိုရှိ၏။
မှတ်သိတမျိုး၊ သူခိုးမင်းဘေး၊ နှိပ်စက်ဝေးပြီး၊
ရန်ဘေးတဖန်၊ အောင်နိုင်ပြန်၍၊
လျင်မြန် ဆင်မြင်း၊ ယာဉ်ရခြင်းက၊
ဤငါးဝသည်၊ မှတ်ကြတံတားလှူကျိုးတည်း။
( တံတားလှူဒါန်းရခြင်း၏ အကျိုးပြ၀တ္ထု)
လွန်ခဲ့သော ကိုးဆယ့်ကိုးကမ္ဘာထက်၌ အမျိုးကောင်းသား တယောက်သည် အများပြည်သူတို့အသုံးပြုရန် တံတားတခုကို ဆောက်လုပ်လှူဒါန်းခဲ့ဖူးသည်။
ထိုကောင်းမှုကြောင့် ထိုအမျိုးကောင်းသားသည် ထိုဘ၀မှ ကွယ်လွန်လျှင် အပါယ်လေးပါးတို့သို့ လုံးဝကျရောက်ခြင်းမရှိ၊ ငါးဆယ့်ငါးကမ္ဘာအထက်၌ သမောဂဓ အမည်ရှိသော စကြ၀တေးမင်းကြီး ဖြစ်ရသည်။
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်တွင် လူ့ဘ၀ရရှိပြီး သာသနာတော်ကို အလွန်ကြည်ညို၍ ရဟန်းပြုခဲ့ရာ တရဏိယမထေရ်ဟု ထင်ရှားသည်။ သမထ ၀ိပဿနာတို့ကို ကြိုးစားအားထုတ်သဖြင့် တရားထူးရကာ ရဟန္တာဖြစ်ရသည်။
(ကျမ်းကိုး။ ။ အပဒါနပါဠိအဋ္ဌကထာ၊ တရဏိယထေရ၀တ္ထု)
ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment