Thursday, August 19, 2010

ရုပ်တုရိုက်ချိုး ကံအကျိုး

လွန်ခဲ့သော ၁၃၅၅-ခုနှစ်က စစ်ကိုင်းတောင် မဟာမဏ္ဍလချောင်တွင် ဆရာတော်ဦးကောဏ္ဍည သီတင်းသုံးတော်မူခဲ့သည်။ ထိုချောင်နှင့် မနီးမဝေးရှိ မင်းပျိုဘုရားလိုဏ်ဂူထဲတွင် ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်တဆူနှင့် ထိုဆင်းတုတော်၏ ၀ဲယာတို့တွင် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် ရုပ်တုတော်နှစ်ဆူ သီတင်းသုံးတော်မူလျက်ရှိသည်။

ဆရာတော်သည် ၄င်းဆင်းတုရုပ်တုတော်များကို သွားရောက်ဖူးမြော်ရာ အရှင်မောဂ္ဂလာန် ဆင်းတုတော်မှာ ခြေ-လက်များ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ မည်သို့သောအကြောင်းများကြောင့် ယခုလိုပျက်စီးနေရသည်ကို မသိခဲ့ရပေ။
ထိုနည်းတူစွာ စစ်ကိုင်းတောင်ရိုးနှင့် ခြောက်မိုင်မျှဝေသော ကျောက်တာရေခါးရွာ ဘုရားလိုဏ်ဂူအတွင်း၌လည်း အရှင်မောဂ္ဂလာန် ဆင်းတုတော်မှာ ခြေ-လက်များ ကျိုးပဲ့နေသည်ကို တွေ့ခဲ့ရပြန်သည်။

ထို့ကြောင့် အရှင်မောဂ္ဂလာန်သည် သက်ရှိထင်ရှားရှိစဉ်က လူဆိုးများ၏ ရိုက်နှက်ခြင်းကိုခံရ၍ ပရိနိဗ္ဗာန် ၀င်စံခဲ့ရသည်ကို သတိရမိသည်။ ထိုကံကြမ္မာတို့သည် ဆင်းတုတော်အဖြစ်ရောက်သည့်တိုင် ဆက်လက် အကျိုးပေးနေရော့သလားဟု မင်းပျိုဘုရားရောက်တိုင်း ဆရာတော် အတွေးဝင်နေမိလေသည်။

တနေ့တွင် ဆရာတော့်အား ကြက်ထောင့်ရွာမှ အသုဘရှုရန် လာရောက်ပင့်သဖြင့် ကြွရသည်။ ကွယ်လွန်သူမှာ မိုးကုတ်မြို့တွင် ၀ပ်ရှော့ဆရာလုပ်နေသော ကြက်ထောင့်ရွာသား ကိုမိုးဝေ ဆိုသူဖြစ်သည်။
ကိုမိုးဝေသည် အရက်မူးပြီး ဆိုင်ကယ်စီးလာရာ ကားနှင့် တိုက်မိခြင်းဖြစ်သည်။ မန္တလေးဆေးရုံသို့ ပို့၍ ဆေးကုသပါသော်လည်း အသက်ရှင်ခွင့် မရတော့ပေ။ ခြေ-လက်များကျိုးပဲ့ကာ မရှုမလှနှင့် ဘ၀ဇာတ်သိမ်းသွားရရှာသည်။

ထိုအချိန်တွင် ရင်းနှီးကျွမ်းဝင်သော ဒကာတဦးက ဆရာတော်ဦးကောဏ္ဍညအား မိုးဝေအကြောင်း လျှေက်ထားသည်။ ထိုအခါ ဆရာတော် သိလိုသမျှ အကြောင်းအရာအားလုံး သိခွင့်ရလိုက်ပေတော့သည်။

ဆရာတော်ဘုရား၊ ယခု ကားတိုက်ပြီး သေဆုံးရတဲ့ မိုးဝေဟာ ၀ဋ်လိုက်တာဖြစ်မယ်ဘုရား။ သူနဲ့ တပည့်တော်က ငယ်သူငယ်ချင်းတွေပါ။ ကစားဖော်ကစားဖက်၊ ပြီးတော့ နွားကျောင်းဖက်ပါဘုရား။ ငယ်ငယ်က နွားကျောင်းသွားရင်း မင်းပျိုဘုရားထဲက ဘုရားဆင်းတုောတ်တဆူနှင့် ရဟန္တာရုပ်တု တဆူကို ကျောက်ခဲနဲ့ထုပြီး ခြေ-လက် ချိုးခဲ့ဖူးတယ်။ တပည့်တော်တို့က မလုပ်ဖို့ တားပေမယ့် မရဘူး။ ဒါကြောင့် သူလည်း အခုလို ခြေ-လက်ကျိုးပြီး မရှုမလှသေဆုံးရတယ်လို့ တပည့်တော်တို့ ယူဆမိပါတယ်ဘုရား။

အကြောင်းစုံလျှောက်ထားသော ဒကာ၏စကားကို ဦးကောဏ္ဍညက တည်ငြိမ်စွာနားထောင်ပြီး ဘာစကားမှ ပြန်မပြောဖြစ်ပေ။
သို့သော် စိတ်ထဲတွင် ရုပ်တုတော်ပင်ဖြစ်လင့်ကစား ခင်ပွန်းကြီးဆယ်ပါး အပါအ၀င် ရဟန္တာအရှင်သူမြတ်တို့အား မစော်ကားသင့်ကြောင်း ကောင်းကောင်းသဘောပေါက်မိလေသည်။
(ဆရာတော်ဦးကောဏ္ဍည၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ပါသည်။)

ဘုန်းနွယ်ဆွေ (မုံရွာ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

1 comment:

uku said...

စစ်ကိုင်းမြို့နယ် ဆင်မြေရွာမှ မောင်စောသည် ဦးကျော်၏ သူငယ်ချင်းဖြစ်သည်။ ၁၂-နှစ်သားအရွယ်တွင် မောင်စောသည် သူငယ်ချင်းများနှင့်အတူ စောကစားနေရာမှ အပျော်သဘောဖြင့် ဘုရားဆင်းတုတော်ကို ဖုန်မှုန်များဖြင့် ပက်ကစားသည်။ ရည်ရွယ်ချက်ကား ဘုရားဆင်းတုတော်ခေါင်းတော်ကို ညစ်ပေသွားစေရန် ဖြစ်ဟန်တူသည်။ ကစားဖော်ကလေးများ “အဲဒီလို မလုပ်ရန်၊ ကျောင်းထိုင်ဘုန်းဘုန်းသိယင် ရိုက်လိမ့်မယ်“ ဟု တားသော်လည်း ဆက်လက် ပက်ကစားခဲ့သည်။ ညနေချမ်း အိမ်သို့ ပြန်သော်အခါ မျက်စိမှုန် အဖွားတစ်ယောက် သယ်ဆောင်လာသော ဟင်းရွက်ပြုတ် မြေအိုးအပူကို ခေါင်းဖြင့်တိုက်မိ၍ အထက်ပိုင်းကိုယ်တစ်ခုလုံး လောင်းကျွမ်းသွားခဲ့ပါသည်။ ဆေးကုသလျှင် ပျောက်နိုင်သော်လည်း လည်ပင်းတွင် အကြောများဆိုင်း၍ အမာရွတ်ကြီး ကျန်ရစ်ခဲ့သည်၊ နှုတ်ခမ်းလည်း ရွဲ့နေသည်။ ရုပ်ရည်ကြည့်ကောင်းသော်လည်း နှုတ်ခမ်းရွဲ့ကလေးက သူ့ဘ၀အတွက် ရှက်စရာဖြစ်ကာ အမြဲတမ်း အ၀တ်ဖြင့် အုပ်ဖုံးထားလေ့ရှိသည်။ ယခုအခါ အသက်အားဖြင့် (၄၁) နှစ်ရှိပီး လူပျိုကြီးဘ၀ဖြင့် အရိုးထုတ်မည် ထင်ပါသည်။
ဦးကျော်