Friday, August 27, 2010

ပရိတ်ပဋ္ဌာန်းတန်ခိုး

ဓာရဏပရိတ်တော် ရွတ်ဆိုပူဇော်ရခြင်း၏ ကောင်းကျိုးကို စာရေးသူ ရေးသားခဲ့ပြီးဖြစ်ပါသည်။ ယခုထပ်မံ၍ ဓာရဏပရိတ်တော်သာမက ပဋ္ဌာန်းဒေသနာတော်ကိုပါ ယုံကြည်စွာ ရွတ်ဆိုသောကြောင့် သေလောက်သည့် အန္တရာယ်မှ လွတ်ကင်းခဲ့ရသည့်အကြောင်းကို ရေးသားတင်ပြလိုပါသည်။

စာရေးသူတွင် သမီးလေးနှစ်ယောက် ရှိပါသည်။ သမီးကြီးက ၉-တန်း၊ သမီးငယ်က ၁-တန်း ဖြစ်သည်။ သမီးကြီးကား အေးဆေးစွာ နေထိုင်တတ်၍ ပြောရဆိုရကောင်းသည်။ မိဘစကား နာေးထာင်သည်။ သမီးကြီး လိမ္မာသလောက် သမီးငယ်လေးမှာ တော်တော်ပြောရ ဆိုရ ခက်သည်။ မိဘဆိုဆုံးမသည်ကိုလည်း နားမထောင်၊ မလုပ်နှင့်ဆိုလည်း လုပ်သည်။ မသွားနှင့်ဆိုလည်း သွားသည်။ မိဘနှင့် လူကြီးသူမများကိုလည်း ခံပြောသည်။ သူ့ကို ချော့တလှည့် ခြောက်တလှည့်နှင့် အမျိုးမျိုးဆုံးမကြည့်သည်။ မရ။ ထို့ကြောင့် ခဏခဏ ရိုက်ပြီး ဆုံးမရသည်။

ခုလည်း စက်ဘီးစီးသင်ချင်နေသည်။ ဆိုင်ကယ်များ အလွန်မောင်းသောလမ်းဖြစ်၍ စိတ်မချပါ။ မသင်ပါနဲ့ တားထားသည့်ကြားက လမ်းထဲမှ ကလေးများက သင်ပေးကြသည်။ ပြောမရသည့်အဆုံး ကြည့်နေရတော့သည်။ အမောင်းကြမ်းသော ဆိုင်ကယ်တွေကြောင့်လည်း တခုခုဖြစ်မှာ စိုးရိမ်နေရသည်။

စက်ဘီးကို ကလေးချင်းသင်ပေး၍ မစီးတတ်၊ စီးတတ်ဖြစ်နေချိန်တွင် သမီးကလေးက စီးတတ်အောင် သင်ပေးရန် ပြောသောကြောင့် သမီးကြီးကို လမ်းထိပ်ကစောင့်ခိုင်းပြီး စာရေးသူက အိမ်ရှေ့ကနေ သမီးလေးကို စက်ဘီးနှင့် လွှတ်ပေးရသည်။

သမီးကလေးမှာ မစီးတတ် စီးတတ်ဖြစ်၍ အခြားစက်ဘီး ဆိုင်ကယ်တို့ သူ့အနားမှဖြတ်သွားလျှင် ကြောက်လန့်ပြီး လဲ၍လဲ၍ ကျသွားသည်။ ထို့ကြောင့် သတိကြီးစွာထား၍ စက်ဘီးကို စောင့်လွှတ်ပေးနေရသည်။ သတိထားသည့်ကြားက လမ်းတ၀က်တွင် ဆိုင်ကယ်တစီး ဘွားခနဲပေါ်လာပြီး အရှိန်ပြင်းစွာမောင်းနှင်လာ ပါသည်။ သမီးကလေးမှာ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်သည့်အခါ လန့်ပြီး စက်ဘီးလဲကျရန် ဖြစ်နေသည်ကို စာရေးသူ တွေ့လိုက်ရသည်။

ထိုအခါ စာရေးသူမှာ သတိပေးချိန်မရတော့ဘဲ မျက်နှာကိုသာ လက်နှင့်အုပ်ထားလိုက်တော့သည်။ ချိုင်းခနဲအသံကြား၍ မျက်စိဖွင့်ကြည့်လိုက်သောအခါ စက်ဘီးလဲကျသွားသည်ကို မြင်လိုက်ရသည်။ သို့သော် ဆိုင်ကယ်နောက်ဘီးဘက်တွင်သာ လဲကျသွားခြင်းဖြစ်သည်။ သမီးလေး စီးသောစက်ဘီးသည် ဆိုင်ကယ်ရှေ့ တည့်တည့်တွင် လဲကျရန်ဖြစ်သော်လည်း ဆိုင်ကယ်နောက်တွင်သာ လဲကျခြင်းမှာ ထူးခြားနေပါသည်။ ဤသည်မှာ စာရေးသူရွတ်ဆိုသော ပရိတ်တော်၊ ပဋ္ဌာန်းတော်၊ ဂုဏ်တော်တွေကြောင့်သာ ဖြစ်မည်ဟု ယုံကြည်ယူဆမိပါသည်။

ငြိမ်း (ကျောင်းကုန်း)
( မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

No comments: