Tuesday, August 3, 2010

သန္ဓေ၊ တောထွက်၊ ဓမ္မခဏ်၊ တချက်ပြာဋိဟာ

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ နေ့ထူးနေ့မြတ်ဖြစ်သည်။ ၀ါဆိုလပြည့်နေ့နှင့် ပတ်သက်၍ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ-ဟူ၍ မှတ်သားထားကြသည်။
မဟာသက္ကရာဇ် ၆၇-ခုနှစ် ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက်တုသိတာ နတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်ရှိ သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီး မာယာဒေ၀ီ၏ ၀မ်း၌သန္ဓေတည်ခဲ့သည်။

ဘုရားရှင်ဖွားတော်မူပြီးနောက် သိဒ္ဓတ္ထမင်းသားဘ၀၀ယ် သူအို-သူနာ-သူသေ-ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်၍ သံဝေဂရကာ သက္ကရာဇ် ၉၇-ခုနှစ် ၀ါဆိုလပြည့်နေ့မှာပင် တောထွက်တော်မူခဲ့သည်။
ထို့နောက် ဒုက္ကရစရိယာအကျင့်ကို ပင်ပန်းကြီးစွာခံ၍ ၆-နှစ်ကြာမျှ ကျင့်ပြီးနောက် အစွန်းနှစ်ပါးလွတ်သော မဇ္ဈိမပဋိပဒါဟူသော အလယ်အလတ်လမ်းစဉ်ကို ပြောင်းလဲတရားကျင့်ရာ သက်တော် ၃၅-နှစ်အရွယ်တွင် ဘုရားအဖြစ်သို့ ရောက်ခဲ့သည်။

ထို့နောက် မိဂဒါဝုန်သို့ ကြွတော်မူ၍ သက္ကရာဇ် ၁၀၃-ခု ၀ါဆိုလပြည့်နေ့မှာပင် ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဦးစွာပထမဟောခဲ့သည်။
ဓမ္မစကြာတရားတော်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္ကပ၀တ္တနသုတ္တန်ဟု ခေါ်ဆိုထားသည်။ ဓမ္မစကြာတရားတော်တွင် သစ္စာလေးပါးတရားကို ဖွင့်ဆိုဟောကြားထားသည်။ ထိုသို့ ဟောကြားရာ၌ ရှေးဦးစွာ မလိုလားအပ်သော အစွန်းနှစ်ပါးကို ဟောကြားသည်။ ထိုအစွန်းနှစ်ပါးကား-
(၁) ကာမသုခလ္လိကာနုယောဂနှင့်
(၂) အတ္တကိလမထာနုယောဂ တို့ဖြစ်သည်။

ကာမသုခလ္လိကာနုယောဂ-ဟူသည် အမှန်တရားကို ရှာဖွေရာ၌ ကာမဂုဏ်စည်းစိမ်ချမ်းသာကို ခံစားတွယ်တာကပ်ငြိမှုဟူသော အစွန်းဖြစ်သည်။
အတ္တကိလမထာနုယောဂ-ဟုဆိုရာ၌ အမှန်တရားကို ရရှိရေးအတွက် ခန္ဓာကိုယ်ကို ပြင်းထန်စွာ
ဒုက္ခပေး ကျင့်ပွားမှုဟူသော အစွန်းဖြစ်သည်။

ထိုအစွန်းနှစ်ပါးကို ရှောင်ရှား၍ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်ကျင့်စဉ်ဖြင့် တရားကျင့်ရမည်ဖြစ်ကြောင်း ဟောကြားသည်။ ထိုတရားတို့မှာ-
(၁) သမ္မာဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမှု။
(၂) သမ္မာသင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာဝါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာအာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာသတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာသမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု။
ဟူသော မဂ္ဂင်တရားရှစ်ပါးပင် ဖြစ်သည်။

ထို့နောက် တရားစစ်၏ အခြေခံဖြစ်သော သစ္စာလေးပါးတရားကို အကျယ်တ၀င့် ရှင်းလင်းဟောပြသည်။
ထိုသစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်း အမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဟူသော မဂ္ဂသစ္စာ-တို့ပင် ဖြစ်သည်။

ဤသစ္စာလေးပါးတွင်-
(၁) ဒုက္ခသစ္စာကို ပိုင်းခြားသိရမည်။
(၂) သမုဒယသစ္စာကို ပယ်ပစ်ရမည်။
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။
(၄) မဂ္ဂသစ္စာကို ပွားများရမည်-ဟူ၍ ညွှန်ပြထားသည်။
သုတ်တော်အဆုံး၌ ဤသစ္စာလေးပါးကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ သိမြင်တော်မူသောအခါကျမှ သမ္မာသမ္ဗောဓိဉာဏ်ကို မိမိရရှိတော်မူကြောင်း ဟောကြားတော်မူသည်။

ဤသို့ဟောကြားသည်မှစ၍ ဗုဒ္ဓ၏တရားရတနာ စတင်ပေါ်ပေါက်လာခဲ့ပေသည်။ ၀ါဆိုလပြည့်နေ့သည် တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်သည်ဟု ဆိုကြသည်။

ဤသို့ ဟောကြားရာတွင် ၀ါဆိုလပြည့်နေ့မှာပင် အရှင်ကောဏ္ဍညသည် သောတာပန်တည်ခဲ့သည်။
ထို့နောက် အရှင်ဝပ္ပသည် ၀ါဆိုလပြည့်ကျော် တရက်နေ့တွင် သောတာပန်တည်ခဲ့သည်။
ထို့နောက် အရှင်ဘဒ္ဒိယသည် ၀ါဆိုလပြည့်ကျော် နှစ်ရက်နေ့တွင် သောတာပန်တည်ခဲ့သည်။
ထို့နောက် အရှင်မဟာနာမ်သည် ၀ါဆိုလပြည့်ကျော် သုံးရက်နေ့တွင် သောတာပန်တည်ခဲ့သည်။
ထို့နောက် အရှင်အဿဇိသည် ၀ါဆိုလပြည့်ကျော် လေးရက်နေ့တွင် သောတာပန်တည်ခဲ့သည်။
ဤသို့လျှင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည်။ ဧဟိဘိက္ခု-ဟူသော စကားကို စတင်ကြားရသည်။

ထို့နောက် သက္ကရာဇ် ၁၁၀-ပြည့်နှစ် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် တိတ္ထိတို့နှင့် တန်ခိုးပြိုင်၍ တန်ခိုးပြာဋိဟာ ပြခဲ့သည်။
ရဟန်းတော်များ တန်ခိုးမပြရဟူ၍ ဘုရားရှင်က ပညတ်ထားခဲ့သည်။ သို့ရာတွင် ဘုရားရှင်သည် မလွဲမရှောင်သာသဖြင့် သာဝတ္ထိပြည်၌ မင်းနှင့်ပြည်သူတို့ရှေ့မှောက်ဝယ် တိတ္ထိများနှင့် တန်ခိုးပြိုင်ခဲ့သည်။

ရှေးဦးစွာ ဘုရားရှင်သည် သရက်ဖြူပင်ရင်း၌ သရက်ဖြူသီးကို ဘုဉ်းပေးပြီးနောက် အစေ့ကို အပင်စိုက်စေသည်။ တန်ခိုးတော်ကြောင့် ချက်ချင်းပင် အပင်ပေါက်၍ အသီးသီးသည်။ ဘုရားရှင်သည် ထိုသရက်ဖြူပင်ရင်းမှ ကောင်းကင်သို့ကြွကာ ရေ-မီး အစုံကို ဖြစ်ပေါ်စေလျက် တန်ခိုးပြသည်။ လေကြီးမိုးကြီး တိုက်ခတ်ရွာသွန်းကာ တိတ္ထိတို့၏ မဏ္ဍပ်ကြီးပြိုကျပျက်စီးသွားသည်။ တိတ္ထိတို့လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ထွက်ပြေးသွားကြသည်။

ဤကား ၀ါဆိုလပြည့်နေ့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်တို့ သိရှိခံယူနားလည်ထားသော အချက်များ ဖြစ်ပေသည်။

No comments: