Wednesday, August 25, 2010

ဘာသာရေး ပြဿနာ ( ၆ )

( ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည် )

(မေး)
အရှင်ဘုရား၊ ဥပုသ်သီလဆောက်တည်ရာတွင် လပြည့်လကွယ်ဥပုသ်နေ့တွင် ဆောက်တည်ခြင်းသည် အခြားသောနေ့များတွင် ဆောက်တည်ခြင်းထက် အကျိုးများပါသလား။

(ဖြေ)
ဥပုသ်သီလအတွက် ထူးခြား၍ အကျိုးမများပါ။ သို့ရာတွင် ရှေးအစဉ်အလာဖြစ်၍ ဥပုသ်နေ့ဟု သတ်မှတ်ထားရာနေ့၌သာ စောင့်သုံးလေ့ ရှိကြပါသည်။

အကျယ်ပြပါဦးမည်။
ဥပေါသထ-ဟူသော ပါဠိကို ဥပုသ်-ဟု မြန်မာပြန်ကြ၏။
ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်း စသော ကောင်းသောအကျင့်နှင့် ပြည့်စုံ၍၊
ဝသထ-နေထိုင်ခြင်း-ဟု အနက်ထွက်၏။
ထိုသို့ နေထိုင်ခြင်းကိုပင် သီလ-ကို မပျက်အောင် စောင့်ခြင်း၊ ကျင့်သုံးခြင်း ဖြစ်သောကြောင့်
ဥပုသ်စောင့်သုံးခြင်း-ဟု ခေါ်စမှတ်ပြုကြသည်။ ထိုဥပုသ်စောင့်ပုံအကျယ်ကို ရတနာ့ဂုဏ်ရည်၌ ပြထားပြီးဖြစ်ပါသည်။

( နေ့ရက် )
ထိုဥပုသ်စောင့်ဖို့ရာ နေ့ရက်ကို ဘုရားပွင့်တော်မမူမီ ရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏။
တလလျှင် (၁) အဋ္ဌမီ (ရှစ်ရက်မြောက်နေ့) ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် ၁၄-ရက်မြောက်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅-ရက်မြောက်နေ့) ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်-ဟု အကျဉ်းအားဖြင့် ၄-မျိုး ရှိ၏။

ပါဋိဟာရိက (အကြိုဥပုသ်၊ အပိုဥပုသ်) သည် ထို ၃-ရက် မရောက်မီ ကြိုတင်၍ စောင့်ရသော ၇-ရက်မြောက်၊ ၁၃-ရက်မြောက်၊ ၁၄-ရက်မြောက် ဥပုသ်၊
ထို ၃-ရက်၏နောက်၌ အပိုဖြည့်စွက်၍ စောင့်ရသော ၉-ရက်၊ လပြည့်ကျော် ၁-ရက်၊ လဆန်း ၁-ရက် ဥပုသ်၊
ထို့ပြင် ၀ါတွင်း၌ ၀ါ၏အလယ်ဝယ် ၁၅-ရက်မျှဖြစ်စေ၊ တ၀ါတွင်းလုံးဖြစ်စေ စောင့်သုံးကြသော ဥပုသ်များဖြစ်၏။
ဤသို့အားဖြင့် ဥပုသ်စောင့်ရက်ဟု ရှေးရှေးက သတ်မှတ်ထားအပ်သော ရက်တွေအတော်များစွာ ရှိပေသည်။

( စဉ်းစားဖွယ် )
ဥပုသ်စောင့်ဖို့ရာ ရက်တွေများလှချေတကား၊ ဘာကြောင့် ထိုမျှလောက် များပြားအောင် ရှေးက သတ်မှတ်ခဲ့လေသနည်း-ဟု စဉ်းစားဖွယ်၊ မေးမြန်းဖွယ် ရှိ၏။
အဖြေကား လူများ၏ စိတ်အစဉ်၌ ကိလေသာမြူတွေ နေ့စဉ်တင်နေရကား ထိုကိလေသာမြူတွေကို ဆေးကြော သုတ်သင်ဖို့ရာ ထိုကဲ့သို့ မကြာမကြာ ဥပုသ်စောင့်ဖို့ရက်ကို သတ်မှတ်ခဲ့ကြပေသည်။

ချဲ့ပါဦးမည်-
ဗုဒ္ဓမြတ်စွာသည် ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနှင့် ဥပမာပြ၍ ၀ိသာခါအား သြ၀ါဒပေးတော်မူ၏။ လဆန်း ၁-ရက်နေ့၌ နေရောင်ရှိသဖြင့် ဆံပင်ခြောက်သွေ့မည်ကို မြင်သော အမျိုးသမီးသည် ရေချိုးခေါင်းလျှော်၏။ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်း၍ ဆံပင်လည်း သွေ့ခြောက်သောကြောင့် ဦးခေါင်းသည် သန့်ရှင်းပေါ့ပါး၏။ နောက်နောက်ရက်များ၌ ဦးခေါင်းဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းထက်၌လည်း ထွက်ခြင်းကြောင့် ၇-ရက်လောက်ကြာလျှင် ဦးခေါင်းသည် လေးလံလာပြန်၏။ ထိုအခါ တကြိမ် ခေါင်းလျှော်ရပြန်၏။

ထို့အတူ လူဝတ်ကြောင်တို့၏ စိတ်၌ ရာဂ ဒေါသ စသော မြူမှုန်တွေသည် ပျော်ပျော်ရွှင်ရွှင် နေစဉ်လည်း ကျရောက်၏။ အလုပ်အကိုင်လုပ်ကိုင်ရင်း ရောင်းရင်း ၀ယ်ရင်းလည်း ကျရောက်၏။ ထို့ကြောင့် ထိုစိတ်အစဉ် ထိုမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးကာ မေထုန်ကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်စောင့်သောအားဖြင့် ဆေးကြောပစ်ရလေသည်။

တနေ့တရက်စောင့်ရုံဖြင့် ကောင်းစွာမရှင်းတတ်သောကြောင့် အကြိုရက်၊ အပိုရက်များ၌လည်း စောင့်ရ၏။ တကြိမ်စောင့်ပြီးနောက် ၇-ရက်လောက်ကြာလျှင် ကိလေသာမြူတွေ အတော်များစွာ တင်ပြန်သောကြောင့် ဥပုသ်စောင့်၍ ဆေးကြောရပြန်သည်။ ထို့ကြောင့် ဥပုသ်စောင့်ဖို့ရက်ကို ရှေးရှေးကပင် သတ်မှတ်ထားခဲ့ကြ ပေသည်။
ယခုခေတ်အလိုက် ဥပုသ်နေ့မဟုတ်ဘဲ စနေ၊ တနင်္ဂနွေ ၂-ရက်မျှ ဆက်လက်၍ စောင့်ကြလျှင်လည်း ထိုရှေးရှေးစံချိန်ကို မီနိုင်ပါ၏။ သို့သော် စောင့်နိုင်ကြမည်တဲ့လော။
********************************************************************************

(မေး)
အရှင်ဘုရား၊ သီလယူရာ၌ ရဟန်းသံဃာတော်များထံတွင် ယူခြင်း၊ ဘုရားဆင်းတုတော်ရှေ့တွင် မိမိဘာသာ ယူခြင်းတို့ မည်သို့ ထူးခြားပါသနည်း။

(ဖြေ)
မထူးခြားပါ။ သို့သော် ဆရာဘုန်းတော်ကြီးက ရိုသေလေးစားလောက်ပါလျင် ထိုဆရာကို ရိုသေသောအားဖြင့် သီလကို မကျိုး မပေါက်အောင် စောင့်ရှောက်တတ်ကြပါ၏။
ဆင်းတုတော်ရှေ့မှာ ယူခြင်းလည်း ဤသဘောပင် ဖြစ်နိုင်ပါသည်။
(ရှေးက ဒါယကာတယောက်သည် ရိုသေလောက်သော ဆရာတော်၏ အထံ၌ ခံယူပြီးနောက် အလုပ်မလုပ်ဘဲ မနေသာ၍ လယ်ထွန်ရရှာ၏။ လယ်ထွန်ပြီးနောက် နွားတို့ကို လွှတ်လိုက်ရာ နွားတွေ ခရီးလွန်သဖြင့် လိုက်ရှာရ၏။ ထိုသို့ရှာရင်း တောင်ပေါ်သို့ရောက်သွားလေသော် စပါးကြီးမြွေက သူ့ကို ဖမ်းယူလေ၏။ ထိုအခါ ဓားဖြင့် မြွေ၏ဦးခေါင်းကို ဖြတ်အံ့-ဟုကြံပြီးမှ ငါသည် အလေးပြုလောက်သော ဆရာတော်၏ အထံ သီလခံယူခဲ့ပါလျက် သီလကို ဖျက်ခြင်းငှါ မသင့်တော်ချေ-ဟု အကြံဖြစ်၍ ဓားကို လွှင့်ပစ်လိုက်လေရာ စပါးကြီးမြွေလည်း အလိုအလျောက် သူ့ကိုလွှတ်၍ ပြေးလေသည်)။အဋ္ဌသာလိနီ အဋ္ဌကထာ၊ ဒွါရကထာ။
********************************************************************************

(မေး)
အရှင်ဘုရား၊ သိမ်အတွင်း၌ ဒါယိကာမများ ၀င်နိုင်ပါသလား။ မ၀င်ရဟု တားမြစ်ထားပါလျက် ၀င်လာပါက မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)
သိမ်အတွင်း၌ ဒါယိကာမတို့ ၀င်နိုင်ပါ၏။ မည်သူကမျှ မတားမြစ်ထိုက်ပါ။ တားမြစ်စေကာမူ တရားတော်နှင့် မညီသောကြောင့် ၀င်သူမှာ အပြစ်မရှိပါ။ သိမ်-ဟူသော ပါဠိပျက်စကားသည် အပိုင်းအခြား-ဟူသော အဓိပ္ပါယ်ကိုပြ၏။ ထိုသိမ်သည် အငယ်ဆုံးအားဖြင့် ၂-ကျိပ် ၁-ယောက် ထိုင်လောက်သောနေရာ ဖြစ်၏။
အကြီးအားဖြင့် ၃-ယူဇနာတိုင်အောင် ကြီးကျယ်နိုင်၏။
ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့ကို ပတ်ဝိုက်၍ ကျောင်းတိုက်ပေါင်း တဆယ့်ရှစ်တိုက် ရှိ၏။ ထိုကျောင်းတိုက်အားလုံးကို ခြုံမိအောင် အရှင်သာရိပုတ္တရာသည် သိမ်သမုတ်တော်မူ၏။
(၀ိနည်းမဟာဝါ၊ ဥပေါသထက္ခန္ဓက အဋ္ဌကထာ)။
ထိုသို့ သိမ်သမုတ်လိုက်သောအခါ ရာဇဂြိုဟ်မြို့ကြီးသည် သိမ်အတွင်း၌ ပါဝင်နေ၏။ ထိုသိမ်အတွင်းမှာပင် အိမ်ထောင်ပြုကျ၊ မွေးဖွားကြရလေသည်။
********************************************************************************

(မေး)
အရှင်ဘုရား၊ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း၊ အလှူလုပ်ရန် သားငါး ကြိုတင်မှာထားခြင်း၊ မိမိအတွက် သတ်၍ ချက်ပေးသော အသားဟင်းများကို သိလျက်နှင့် စားခြင်းတို့ကြောင့် ပါဏာတိပါတကံ ထိုက်ပါသလား။

(ြေုဖ)
ဒုစရိုက် မကောင်းမှုပြုရာ၌
(၁) ကိုယ်တိုင်ပြုခြင်း။
(၂) သူတပါးကို ခိုင်းခြင်း။
(၃) သူတပါး ပြုချင်လာအောင် အကျိုးကျေးဇူးဂုဏ်ကို ပြောခြင်း။
(၄) သူတပါးပြုသည်ကို သဘောတူခြင်း။
ဤသို့ ၄-ပါးရှိ၏။
ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်းသည် ထို ၄-ပါးတွင် မပါဝင်သောကြောင့် ပါဏာတိပါတကံ မထိုက်ပါ။

အလှူလုပ်ရန် ကြိုတင်၍မှာခြင်းကား ပို၍ သတ်လိုက်ပါ-ဟု စေခိုင်းရာလည်း ရောက်၏။ ငွေပေးမည်ဖြစ်သောကြောင့် ပို၍ သတ်ချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောရာလည်း ရောက်၏။
ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်။
(ဤအလုပ်မျိုးကို အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ အလှူရှင်၏ လူယုံတော်ဖြစ်စေ လုပ်တတ်ကြလေသည်။ ၀မ်းနည်းဖွယ် ကောင်းလေစွ)။

မိမိအတွက် သတ်၍ ချက်ပေးသည်ကို သိလျက် စားခြင်း၌ လူဝတ်ကြောင်များအတွက် ထိုသို့ပြုသည်ကို သဘောတူလျှင် ပါဏာတိပါတကံ အဖြစ်သို့ မရောက်သော်လည်း သဘောတူခြင်းကြောင့် ပါဏာတိပါတ ဒုစရိုက် (မကောင်းမှု) ဖြစ်၏။ ရဟန်းတော်များကား ထိုသို့သိလျက်စားလျှင် အာပတ်လည်းသင့်သည်။ မသိ၍ စားလျှင် မည်သူမျှ အပြစ်မရှိ။ (ကံထိုက်လျှင် အပါယ်ကျခွင့်ရှိ၏။ ကံမထိုက်ဘဲ မကောင်းမှု ဒုစရိုက်ဖြစ်ရုံကား အပါယ်ကျ လောက်အောင် အပြစ်မကြီးဟု သာမညအားဖြင့် ခွဲခြားရသည်။)
********************************************************************************

(မေး)
အရှင်ဘုရား၊ ပါဏာတိပါတကံ ကျူးလွန်ရာတွင် လူသတ်ခြင်း၊ ဆင်သတ်ခြင်းနှင့် ပုရွက်ဆိတ်သတ်ခြင်းတို့၌ မည်သို့ အပြစ်ခြားနားပါသနည်း။

(ဖြေ)
ပါဏာတိပါတကံ၏ အပြစ်အကြီးအငယ်ကို စိစစ်ရာ၌
အသတ်ခံရသူ၏ ဂုဏ်၊
သို့မဟုတ် သတ်သူ့အပေါ်မှာ တင်နေသော ကျေးဇူး၊
သတ်ရာ၌ လုံ့လထုတ်မှု၊
သတ်အပ်သော သတ္တ၀ါ၏ အကြီးအငယ် ဤအချက်များကိုလိုက်၍ စိစစ်ရပါသည်။ ထို့ကြောင့်-

(က) လူသတ္တ၀ါနှင့် တိရစ္ဆာန်သတ္တ၀ါ ၂-မျိုးတွင် လူသတ္တ၀ါသည် ကုသိုလ်ကံကြောင့် ဖြစ်လာသော ရုပ် နာမ်ခန္ဓာဖြစ်၍ သဘာဝအားဖြင့် တိရစ္ဆာန်ထက် ဂုဏ်ရှိ၏။ အသိအလိမ္မာလည်း အထိုက်အလျောက် သာနေတတ်သေး၏။ ထို့ကြောင့် တိရစ္ဆာန်ကို သတ်ခြင်းထက် လူကိုသတ်ခြင်းက အပြစ်ပိုကြီး၏။

လူတွင်လည်း သီလ စသော ဂုဏ်အဆင့်ဆင့်မြင့်သူကို သတ်ခြင်းက အပြစ်ကြီး၏။
ဘုရား-ရဟန္တာကို သတ်လျှင်၎င်း၊ ကျေးဇူးကြီးလှသော မိဘကိုသတ်လျှင်၎င်း အ၀ီစိအကျိုးကို မုချပေး၏။

(ခ) တိရစ္ဆာန်တို့တွင် အကောင်ကြီးကို သတ်ရာ၌ လုံ့လစိုက်မှု ပယောဂကြီးမားရကား အကုသိုလ်စေတနာ တွေလည်း ရှေ့အဖို့၌ အများအပြား ဖြစ်ရလေ၏။
ပယောဂချင်း (သေနတ်တချက်အားဖြင့်) တူစေကာမူ အားစိုက်အားထုတ်မှု မတူသေး။
အားစိုက်အားထုတ်မှု တူစေကာမူ အကောင်ကြီး၌ ရုပ်အစုများစွာကို ဖျက်ဆီးရာရောက်၏။
ထို့ကြောင့် ပုရွက်ဆိတ်ကို သတ်ခြင်းထက် ဆင်ကိုသတ်ခြင်းက အပြစ်ကြီးသည်။

(မြတ်မင်္ဂလာ ၂၀၀၉-ခု စက်တင်ဘာလ)

No comments: