Thursday, August 19, 2010

ဘာသာရေး ပြဿနာ ( ၅ )

အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

(မေး) အရှင်ဘုရား၊ ဘုရားပွဲကျင်းပခြင်းကြောင့် မည်သို့အကျိုးရှိပါသနည်း။ ဘုရားပွဲကျင်းပခြင်း အစဉ်အလာသည် မည်သည့်လက်ထက်မှ ဆင်းသက်လာပါသနည်း။

(ဖြေ)
ဘုရားပွဲ ကျင်းပခြင်းကြောင့် (ဘုရားဂုဏ်တော်ကို အာရုံပြုလိုသူမှာ) အကျိုးမထူးပါ။ ကျမ်းစာတို့၌ ဘုရားဖူးသွားလိုသော ရဟန်းသည် ဘုရားပွဲအချိန်၌ သွားခြင်းငှာ မသင့်လျော်ဟုပင် တားမြစ်ပါသည်။
ကျမ်းစာ၌ ဘုရားပူဇော်ပွဲများ ပါရှိသောကြောင့် ဘုရားပွဲအစဉ်အလာသည် အလွန်ရှေးကျသော အခါကပင် ဖြစ်ပေါ်လာခဲ့ဟန်တူသည်။ သို့သော် ယခုခေတ်ကဲ့သို့ ဘုရားဝင်းအတွင်း၌ အငှားကပွဲများ ကျင်းပခြင်း၊ ကာလ သားသမီးတို့ အလွန်အကျူး သောင်းကျန်းခြင်းတို့ကား ရှိခဲ့မည်မဟုတ်ပါ။ ယခုခေတ်ဘုရားပွဲများ၌ ကုသိုလ်ဖြစ်ဖို့ထက် အကုသိုလ်ဖြစ်ဖို့က များနေပါသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းဖြင့် အကျိုးမည်သို့ရှိပါသနည်း။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူစဉ်က တပည့်သား သာဝကနှင့် ဒါယကာ ဒါယိကာမတို့ မည်ကဲ့သို့ ပူဇော်ခဲ့ကြပါသနည်း။

(ဖြေ)
ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ၌ ယခုကာလကဲ့သို့ ပွဲမျိုးစုံထည့်သွင်း၍ ကျင်းပခြင်းမှာ ဆရာသမား၏ ဂုဏ်ကျေးဇူးကို ပူဇော်ရာမရောက်ဘဲ ဆရာဘုန်းကြီး ပျံတော်မူသည့်အတွက် ပျော်ပွဲရွှင်ပွဲတခု ပြုခွင့်ရသကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ယခုခေတ် ကျင်းပနည်း၌ ကုသိုလ်အကျိုးရ နည်း၍ အကုသိုလ် အပြစ်တွေသာ အရများ၏။

အကယ်ပင် ဆရာသမား၏ ဂုဏ်ကျေးဇူးကို အမှတ်တရပူဇော်လိုကြလျှင်ကား ပျော်ပွဲရွှင်ပွဲ မပါစေဘဲ သံဝေဂ ဖြစ်ရာ (ရုပ်နာမ်အပေါ် ငြီးငွေ့စရာ) ငြိမ့်ညောင်းသော တေးဂီတဂါထာတို့ကို ရွတ်ဆို၍၄င်း၊ တပည့်တပန်း ရဟန်းသံဃာ ဒကာ၊ ဒကာမအားလုံး သန့်ရှင်းသော သက်သတ်လွတ် ဆွမ်းဒါနကို ပြု၍၄င်း၊ တတ်နိုင်ပါမူ ရက်အပိုင်းအခြား၊ အချိန်အပိုင်းအခြားဖြင့် ဘာဝနာပွား၍၄င်း၊ ရက်ပေါင်းများစွာ ကြာချင်တိုင်းကြာအောင် ဘုန်းကြီးပျံပွဲ ဆင်နွှဲသင့်ကြပါသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာက အလောင်းတော်ကို မည်သို့ပူဇော်ရပါမည်နည်း-ဟု လျှောက်သောအခါ ဘုရားရှင်ကိုယ်တော်တိုင် အာနန္ဒာ-သင်တို့သည် မြတ်စွာဘုရား၏ ကိုယ်တော်ကို ပူဇော်ဖို့ရန် ကြောင့်ကြမစိုက်ရစ်ကြနဲ့၊ အနှစ်သာရဖြစ်သော အရဟတ္တဖိုလ် ရဖို့ကိစ္စ၌သာ မမေ့မလျော့ မပေါ့မဆ ကြောင့်ကြစိုက်ရစ်ကြ-ဟု မိန့်တော်မူပါသည်။

ထိုအမိန့်တော်အတိုင်းပင် ရဟန်းတော်များ အထူးကြောင့်ကြမစိုက်ကြပါ။ ဒါယကာ၊ ဒါယိကာမတို့ကသာ အ၀တ်အသစ်တထပ်၊ ၀ါဂွမ်းတထပ်၊ အစုံပေါင်းငါးရာဖြင့် အလောင်းတော်ကို ရစ်ပတ်၍ ဆီလောင်းထားသော ရွှေခေါင်းတော်၌ထည့်ကာ မီးပူဇော်ကြလေသည်။
(ထိုမီးပူဇော်သည့်ရက်အထိ ရက်ပေါင်း ၁၄-ရက်သာ ကြာ၏။ ပထမ ၇-ရက်သည် ပြင်ဆင်ရင်း ပူဇော်ခြင်းဖြင့် ကုန်သွား၏။ ပူဇော်ရာ၌ ကိုယ်တိုင်ကမှု၊ သံဝေဂသီးချင်းဆိုမှု၊ တီးမှုတ်မှုများ ပါဝင်၏။ ဒုတိယ ၇-ရက်ကား စန္ဒကူးနံ့သာပုံပေါ်၌ မီးပူဇော်ဖို့ပြင်ဆင်ရင်း ကြာသွားလေသည်။ တချို့ကလည်း မီးပူဇော်ရာ၌ ၇-ရက်မကြာ၊ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ၈-ရက်မြောက်မှာပင် မီးသင်္ဂြိုဟ်ပြီးဖြစ်သည်-ဟု ဆိုကြသေး၏။)
*******************************************************************************************

(မေး) အရှင်ဘုရား၊ ရှင်ပြုရာတွင် ရှင်လောင်းလှည့်ကာ ရှင်ပြုပွဲအခမ်းအနားဖြင့် ရှင်ပြုခြင်း၊
ဘုန်းကြီးကျောင်း၌ ခေါင်းတုံးရိပ်၊ သင်္ကန်းဝတ်၍ ရှင်ပြုခြင်း ၂-မျိုးဝယ် ကုသိုလ်အကျိုးပေး မည်သို့ထူးပါသနည်း ။ သားတော်ရာဟုလာ မည်ကဲ့သို့ ရှင်ပြုပါသနည်း။ ရှင်လောင်းလှည့်ခြင်း အစဉ်အလာသည် မည်သည့်ခေတ်က စ၍ ဖြစ်ပေါ်လာပါသနည်း။

(ဖြေ)
ကုသိုလ်အကျိုးရခြင်း မထူးပါ။
ကပိလ၀တ်ပြည် နန်းတော်၌ ဘုရားရှင် ဆွမ်းဘုဉ်းပေးတော်မူပြီး ပြန်ကြွလာတော်မူသောအခါ ရာဟုလာသည် ဘုရားရှင်၏ နောက်တော်မှ လောကီအမွေတောင်းရင်း ပါလာ၏။ ကျောင်းတော်သို့ ရောက်သောအခါ ရာဟုလာအား လောကုတ္တရာအမွေ ပေးတော်မူရမည်-ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာကို ရှင်ပြုပေးစေတော်မူ၏။ အရှင်သာရိပုတ္တရာသည် အမိန့်တော်အတိုင်း ဦးခေါင်းကိုရိတ်ပေး၍ သင်္ကန်းဝတ်စေတော်မူပါသည်။

ရှင်လောင်းလှည့်ခြင်း၊ မဏ္ဍပ်အတွင်း၌ အဘိသိက်သွန်းခြင်းစသော အစဉ်အလာကို မည်သည့်ခေတ်က ဆင်းသက်လာသည်ဟု မသိပါ။ တချို့က ဓမ္မာသောကမင်း၏ သားတော် မဟိန္ဒမင်းသားကို ရှင်ပြုရာမှ ဆင်းသက်လာသည်-ဟု ပြောကြ၏။ ပါရာဇိကအဋ္ဌကထာမဟိန္ဒမင်းသား ရှင်ပြုခန်း၌ ထိုအသိုင်းအ၀ိုင်း မပါချေ။
*******************************************************************************************

(မေး) အရှင်ဘုရား သင်္ကန်းပရိက္ခရာဖိုးမျှ မရှိ၊ ရှင်ပြုအခမ်းအနားလည်း မလုပ်နိုင်သော မိဘသည် သားကို မည်ကဲ့သို့ ရှင်ပြုနိုင်ပါသနည်း။

(ဖြေ)
သနားတတ်သော (သပိတ်သင်္ကန်းလည်း ပေးနိုင်လောက်သော ) ဆရာသမားထံ အပ်နှံ၍ ရှင်ပြုနိုင်ပါသည်။ အမှန်အားဖြင့် ရှေးခေတ်က ရှင်ပြုရာ၌ သပိတ်၊ သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်က မိမိမှာရှိလျှင် ပေးရပါသည်။ မရှိလျှင်လည်း ရဖို့ရန် အားထုတ်ရပါသည်။
(ဘုရားရှင်သည် ရဟန္တာဖြစ်လောက်သော အရည်အချင်းရှိပါလျက် ကြွေးတင်နေသော ပုဏ္ဏားကို ရဟန်းပြုတော်မူပြီးလျှင် ကောသလမင်းအထံ ခေါ်သွား၍ အကျိုးအကြောင်း ပြောပြတော်မူ၏။ ကောသလမင်းက ကြွေးတာဝန်ကို ယူပါသည်။ ထိုရဟန်းလည်း တရားအားထုတ်၍ ရဟန္တာဖြစ်လေသည်။ သဂါထာဝဂ္ဂ၊ ဗြဟ္မဏသံယုတ်။)
*******************************************************************************************

(မေး) အရှင်ဘုရား မိမိသားကိုသော်၎င်း၊ သူတပါးသားကိုသော်၎င်း၊ ရှင်ပြုပေးရာတွင်လည်း ကလေးမည်သည့်အရွယ်တွင် ရှင်ပြုသင့်ပါသနည်း။

(ဖြေ)
ဗုဒ္ဓမြတ်စွာသည် ပထမခွင့်ပြုတော်မူစဉ်က ၁၅-နှစ် အသက်ပြည့်မှ ရှင်ပြုပေးရမည်-ဟု မိန့်တော်မူ၏။
ထို့နောက် မိဘများ သေဆုံးသွားသဖြင့် ကိုးကွယ်ရာမဲ့ဖြစ်နေသော ကလေးညီနောင်နှစ်ယောက်ကို အကြောင်းပြု၍ မိမိထမင်းစားပွဲကို ကျီးနှိုက်စားလျှင် ခြောက်နိုင်သောအရွယ်ရှိသူကို ရှင်ပြုပေးနိုင်၏-ဟု ခွင့်ပြုတော်မူပြန်သည်။
(၀ိနည်းမဟာဝါ၊ ပဗ္ဗဇ္ဇခန္ဓက ပါဠိတော်)

မှတ်ချက်။
မလွှဲသာ၍ ခွင်ပြုတော်မူရသော ဤဒုတိယခွင်ပြုတော်မူချက်ကို ကောက်ချက်ချ၍ ယခုကာလ၌ အတော်ငယ်သော ကလေးများကို ရှင်ပြုပေးကြ၏။ ထိုကလေးများသည် ဆယ်ပါးသီလနှင့် ထိုက်တန်သောကျင့်ဝတ်ကို မကျင့်နိုင်ကြ။ တချို့မှာ ဇာတရူပ သိက္ခာပုဒ်ကို အပျက်ခံ၍ ပိုက်ဆံကို လက်ထဲထည့်ပြီးလျှင် ကျောင်းလိုက်ချင်အောင် မိဘတို့က ချော့ကြရ၏။
မဏ္ဍပ်အတွင်းမှာပင် သင်္ကန်းမနိုင်ဘဲ သိက္ခာပုဒ်များစွာ အပျက်အစီး ခံကြရ၏။ တချို့ကား ကျောင်း၌ မအိပ်လိုကြဘဲ အိမ်မှာပင် အိပ်ကြ၏။ ဤအားလုံးအတွက် သာမဏေများရထိုက်သော သေခိယသိက္ခာပုဒ် သီလတွေ အတော်များစွာ ပျက်လေပြီ။ ထိုသို့ သီလတွေအပျက်ခံ၍ ရှင်ပြုပေးရာ၌ မိဘတို့မှာ ငွေလည်းထောင်ကုန်၊ သောင်းကုန် ကုန်ရှာကြသေး၏။ အချို့သော ဗုဒ္ဓဘာသာဝင်တို့၏ မသိနားမလည်ချက်ကား ဘာသာဖျက်ရာရောက်ရုံသာမက ဘာသာခြားတွေနှင့် နောင်လာနောက်သားတို့ စဉ်းစားဝေဖန်ကြတော့မည့် အတွက် အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။

ဖြစ်သင့်သော ရှင်ပြုနည်း
သားကို ရှင်ပြုပေးရာ၌ မိဘတို့သည် အရင်းအနှီးနည်းပါးသွားအောင် (သို့မဟုတ်-ကုန်သွားအောင်) ရှင်ပြုပွဲ မကျင်းပသင့်ပါ။ သင့်တော်သောအရွယ်ရောက်မှ အနေအထိုင် အချိုးကျသောကျောင်းသို့ပို့၍ သင့်တော်ရုံ၊ ငွေကုန်ကြေးကျခံရုံဖြင့် ရှင်ပြုပေးသင့်ပါသည်။ ရှင်သာမဏေအဖြစ်ဖြင့် နေခိုက်၌ လူဝတ်ကြောင်တို့၏ သီလယူနည်း၊ ဒါနပြုနည်း၊ ဥပုသ်စောင့်နည်းနှင့်တကွ ရဟန်း၊ သာမဏေတို့၏ အမြဲကျင့်ရသောသိက္ခာပုဒ်များကို နားလည်၍ ကျင့်တတ်အောင်၎င်း၊ ဘာသာရေးကိစ္စတို့၌ အသားကျနားလည်အောင်၎င်း၊ လေ့လာသင့်၏။။

သို့မှ မိမိတို့က ဒကာအဖြစ်ဖြင့် လှူရသောအခါ ပုဂ္ဂိုလ်အကောင်းအဆိုး ရွေးချယ်တတ်၍ သာသနာထောက်ပံ့သောဒါယကာတယောက် ဖြစ်လာဖွယ် ရှိပေသည်။

( မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

No comments: