Thursday, August 26, 2010

မန်လည်ဆရားတော်ကြီး ရွတ်ပွားသည့် ရန်အောင်-ရန်ရှောင် ဂါထာ

မဃဒေ၀လင်္ကာသစ် ကျမ်းပြုစာဆို အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ဘုရားကြီးသည် ၁၂၀၃-ခု တန်ခူးလဆန်း ၁၂-ရက် အင်္ဂါနေ့တွင် ကသာစီရင်စု အင်းတော်ကြီးမြို့နယ် မန်လည်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မြို့စာရေးကြီး ဦးညို+မိခင်မှာ ဒေါ်ဖြေ ဖြစ်သည်။ ဆရာတော်၏ ငယ်နာမည်မှာ မောင်မာ ဖြစ်သည်။

ဆရာတော်လောင်းလျာသည် ၁၂၁၉-ခုနှစ် သက်တော် ၁၆-နှစ်အရွယ်တွင် ရှင်သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ ရှင်ဇ၀န ဖြစ်သည်။ စာပေပါရမီရှင်ဖြစ်သဖြင့် ၁၆-နှစ်အရွယ်မှာပင် ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ဆာဝါပြဇာတ်၊ ပဒုမ ပြဇာတ် စသည်တို့ကို ရေးသားခဲ့လေသည်။

၁၂၂၅-ခုနှစ် သက်တော် ၂၂-နှစ်တွင် ရဟန်းအဖြစ်သို့ရောက်သည်။ ရဟန်း ၃-၀ါအရတွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်၌ ၀ါဆို၍ ပိဋကတ်စာပေများကို ဆည်းပူးလေ့လာသည်။ တနှစ်အကြာတွင် မန်လည်မြို့ဝန်က ပြန်လည်ပင့်သဖြင့် မန်လည်သို့ ပြန်ကြွခဲ့ရသည်။

၁၂၃၄-ခုနှစ် သက်တော် ၃၂-နှစ် ရဟန်း ၁၀-၀ါအရတွင် အလွန်ထင်ရှားကျော်ကြားလှသော မဃဒေ၀လင်္ကာသစ်ကို စတင်ရေးသားတော်မူသည်။ ၁၂၄၀-ပြည့်နှစ်အထိ မင်းတုန်းမင်းကြီး လက်ထက်တွင် ၆-နှစ်ကြာမျှ ရေးသားနေခဲ့သော်လည်း နန်းတွင်းရေးများ ရှုပ်ထွေးသဖြင့် မပြီးစီးခဲ့ချေ။ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီအဖြစ်သို့ မြန်မာနိုင်ငံ ကျရောက်ပြီး ၁၂၆၆-ခုနှစ်တွင်မှ ရေးသားပြီးဆုံးသည်။ ထိုအချိန်၌ ဆရာတော်မှာ သက်တော် ၆၃-နှစ် ရှိနေပေပြီ။

ဆရာတော်သည် မဃဒေ၀လင်္ကာသစ် အပါအ၀င် ကျမ်းပေါင်း ၃၀-ခန့် ရေးသားပြုစုတော်မူခဲ့သည်။ ၁၂၇၉-(၁၉၁၇) သက်တော် ၇၆-နှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ကပ်လှူပူဇော်ခြင်း ခံရသည်။
ဆရာတော်ဘုရားကြီးသည် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပြည်၊ ဟင်္သာတ၊ မင်းလှ၊ ပုသိမ်၊ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားမြို့များသို့ ကြွရောက်၍ တရားဓမ္မများ ဟောပြောခဲ့သည်။

၁၂၈၂-ခုနှစ် တော်သလင်းလဆန်း ၁၃-ရက် သက်တော် ၇၉-နှစ် အရတွင် အသက်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ လယ်တီဆရတော်ကြီး၊ မဟာဝိသုဒ္ဓါရာမဆရာတော်ကြီးများနှင့်အတူ သာသနာ့သမိုင်းတွင် နေတဆူ လတဆူပမာ ထင်ရှားတော်မူခဲ့သည်။ ဆရာတော်ကြီးသည် ကိုယ့်မင်းကိုယ့်ချင်း ဘ၀ဖြင့် သက်တော် ၄၄-နှစ်၊ တိုင်းတပါး၏ လက်အောက်ခံဘ၀ဖြင့် သက်တော် ၃၅-နှစ် နေထိုင်တော်မူ၍ နိုင်ငံနှင့် လူမျိုးအကျိုး၊ သာသနာတော်၏ အကျိုးကို သယ်ပိုးထမ်းရွက်တော်မူခဲ့သည်။

အောက်ဖော်ပြပါဂါထာမှာ မန်လည်ဆရာတော်ဘုရားကြီး အမြဲရွတ်ဆိုပူဇော်သော ဂါထာဖြစ်သည်ဟူ၍ ဦးအောင်ညွန့် (ဓမ္မာစရိယ) ပြုစုသော အန္တရာယ်ကင်းပရိတ်တော်များ စာအုပ်တွင် ဖော်ပြထားပါသည်။

( ပါဠိဂါထာ )
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဗုတ်ဓော လောကေ သမုတ်ပန်နော၊ ဟိတာယ သတ်ဗပါဏိနံ။
ဓမ်မော လောကေ သမုတ်ပန်နော၊ သုခါယ သတ်ဗပါဏိနံ။
သံဃော လောကေ သမုတ်ပန်နော၊ ပုညက်ခစ်တံ အနုတ်တရံ။

( ဂါထာတော်၏ အနက် )
မြတ်စွာဘုရားသည် လောက၌ သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ ကောင်းစွာပွင့်တော်မူခဲ့လေပြီ။
တရားတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ ချမ်းသာခြင်းအလို့ငှါ ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။
သံဃာတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်အဖြစ် ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

No comments: