Sunday, August 22, 2010

အနာ နှင့် ဆေး တွေ့ပြီ

လွန်ခဲ့သည့် ၇-နှစ်ခန့်က ဖြစ်သည်။ ကျွန်ုပ်သည် ဇီဝိတဒါန သံဃာဆေးရုံကြီးထဲသို့ ၀င်သွားရာ လက်ဝဲဘက်ရှိ အပြင်လူနာပြသရန် ဆေးရုံလူနာမှတ်တမ်းစာအုပ် ပြုလုပ်ပြီးလျှင် အလှည့်ကျ၍ ၀င်ရောက်စမ်းသပ်ခံသည်။

ဆရာဝန်ကြီးက မေးသည်။ ဘာဖြစ်တာလဲဘုရား။
ဦးပဉ္ဇင်းမှာ ညာဘက်ဇက်ကြောတက်တာ မနေနိုင်လောက်အောင်ပဲ။ ငယ်ထိပ်နားမှာလည်း လက်နဲ့ဆုပ်ကိုင်ထားသလို နာနေတယ်။ ခေါင်း အောက်ငုံ့လိုက်ရင် ခေါင်းအုံပြီး မူးတာပဲ ဆရာကြီး။

ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
၁၀-နှစ်ကျော်ပြီ၊ ဦးပဉ္ဇင်းက ပြည်တွင်းမှာ မြို့ကြီး မြို့သေး တောရွာတွေအထိ တော်တော်များများ ရောက်ဖူးပါတယ်။ ကျောင်းပြီးသွားတော့ ကျောင်းဆရာဘ၀နဲ့ ၃-နှစ်၊ မြေစာရင်း ဦးစီးဌာနမှာ ၁၅-နှစ်၊ ရောက်လေရာအရပ်မှာ ဒီဝေဒနာဖြစ်တိုင်း ဆရာများနဲ့ ကုသတာ မပျောက်ခဲ့ပါဘူး။ ဒီနေ့ ထိပေါ့။ စားဆေး၊ ထိုးဆေး။ တိုင်းရင်းဆေး စုံနေပြီဆရာ။ အနှိပ်သည်တောင် မလွတ်ဘူးဆိုပါတော့။

သည်တွင် ဆရာဝန်ကြီးက နားကျပ်ကိုင်၍ စမ်းသပ်သည်။
သွေးပေါင်တော့ နည်းနည်း ရှိတယ်။ ဒီဝေဒနာကြောင့် စိတ်ထိခိုက်ပြီး သွေးတိုးနည်းနည်းကလေးတော့ ရှိမှာပေါ့ဘုရား။

ကျွန်ုပ်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆေးစာရေးပေးမည်ဟု အထင်နှင့် မျှော်လင့်နေ၏။ ကျွန်ုပ်ထင်သည်မှာ မှား၏။
ဆရာဝန်ကြီးက ပြုံးလျက် ဤသို့လျှောက်၏။
အရှင်ဘုရား ရောဂါပျောက်ချင်သလား။
ဟာ-ဆရာကြီး ဘယ့်နယ်ပြောပါလိမ့်၊ ပျောက်ချင်တာပေါ့။

၁၀-နှစ်တာခံစားခဲ့ရသော ဝေဒနာသည်တို့မှာ အထူးပျောက်ချင်လှသလို ဆရာ၏ ညွှန်ကြားသော ဆေးစွမ်းပကားများကိုလည်း မျှော်လင့်နေကြ၊ စောင့်မျှော်နေမြဲဖြစ်ကြသည်။ သို့သော် ယခု ကျွန်ုပ်ထင်သကဲ့သို့ ဆေးစာရွက်တွင် ဆေးမညွှန်ကြားဘဲ လက်နှစ်ဖက် စားပွဲပေါ်တင်၍ စိတ်ရှည်လက်ရှည်ဖြင့် ပြောပါတော့သည်။

အရှင်ဘုရား၊ ရောဂါပျောက်ချင်ရင် တပည့်တော်ပြောတာကို အသေအချာ နားထောင်ပါ။ တပတ်တခါ ခေါင်းရိတ်တယ်ဆိုကြပါစို့၊ အဲဒီနေ့ တနေ့တည်းသာ ခေါင်းကို ရေနဲ့ဆေးပါ။ ကျန်တဲ့ ၆-ရက်မှာ ခေါင်းကို ရေမထိပါစေနဲ့။
ဒါမှဆက်ပြီး ရောဂါလက်ကျန်ရှိနေသေးရင် နှစ်ပတ်တခါ ခေါင်းရိတ်ပါဘုရား။ အဲဒီတော့မှ ခေါင်းကိုဆေးပါ။ ရေကတော့ နေ့စဉ်ချိုးလို့ရတယ်နော်။ ချိုးပါ။ ဒါပေမယ့် ခေါင်းကဖြိုပြီး မလောင်းမိဖို့ သတိတော့ထားပါ။ အဲဒီနောက်တော့ အရှင်ဘုရား ရောဂါပျောက်ပြီ။ ပျောက်သွားပြီဆိုတော့မှ ခေါင်းကို ဟိုတုန်းကလိုပဲ ပုံမှန် ရေချိုးတိုင်း ဆပ်ပြာတိုက်ပြီး ရေကို ခေါင်းကနေဖြိုလောင်းနိုင်ပြီပေါ့။ ထပ်ဖြစ်ရင် ခုပြောသလို ပြန်ပြီးတော့ တစ်က ပြန်စလုပ်ရမယ်။

ကျွန်ုပ် အံ့သြစွာဖြင့် ဆရာဝန်ကြီး၏ ညွှန်ကြားချက်ကို မယုံကြည်နိုင်လောက်စွာသော မျက်လုံးများနှင့် ကြည့်နေသည်ကို ဆရာဝန်ကြီး သိသွားဟန်တူသဖြင့် ဆက်၍ ညွှန်ကြားပြန်ပါသည်။

အရှင်ဘုရား ခေါင်းမှာ ရေအိတ်တည်နေတာ၊ ဆံပင်ကို နုတ်ကြည့်လိုက်တော့ အရင်းမှာ စိုရွှဲတဲ့ အသီးကလေးလို တွေ့ရမယ်။ အဲဒီမှာ ရေအိတ်နေတယ်။ ဒီရေအိတ်ကြောင့် ဖြစ်နေတယ်။ တခေါင်းလုံး ဆံပင်ရင်းမှာ ဒီလိုပဲဖြစ်နေလို့ ခွဲစိတ်ကုသရရင် အရှင်ဘုရား ၁၁-သိန်းလောက် အနည်းဆုံး ကုန်သွားလိမ့်မယ်။ အရှင်ဘုရား စိတ်ချမ်းသာစွာနဲ့သာ ပြန်ကြွပါ။ ရောဂါပျောက်ပါပြီ။ ဟိုရောက်လို့ ဒကာ ဒကာမတွေ ဒီလိုရောဂါမျိုး ဖြစ်နေတာရှိရင်လည်း အရှင်ဘုရားက ခုလိုပြောပြပေးလိုက်ပါလို့ တပည့်တော်မှာလိုက်ရပါစေ။

ကျွန်ုပ်သည် သေချာမှတ်သားနေရင်းမှ အခန်းအပြင်သို့ ထွက်ရန်ဟန်ပြင်နေတုန်းတွင်-
အရှင်ဘုရား ဆေးအလိုရှိရင် ဆေးထုပ်ယူဖို့ ဆေးစာရေးပေးလိုက်မယ်။ ဒါပေမဲ့ မသောက်နဲ့ဦး။ တပည့်တော်ပြောတာ လုပ်ကြည့်လို့ မပျောက်တော့မှ ဆေးကိုသောက်ပါ-ဟုဆိုကာ ဆေးစာရွက်ကိုလည်း ရေးလိုက်သေးသည်။

တပည့်တော်တို့က အရှင်ဘုရားတို့ရဲ့ ရောဂါကို ပျောက်အောင် ကုတာနော်။ ရောဂါပျောက်မှ တပည့်တော်တို့ ကုသိုလ်ရမှာ။ အဲသည့်ကုသိုလ်ဟာ နောင်ဘ၀အထိ သုံးလို့မကုန်နိုင်ဘူး မဟုတ်လား။ ပိုက်ဆံယူပြီးကုရင် ဒီဘ၀ ခဏပဲ အသုံးခံမယ်။ တပည့်တော်တို့ ပိုက်ဆံနဲ့ကုလာတာ ကြာပြီ၊ ခု အသက်ကြီးလာတော့ ကုသိုလ်ဖြစ် အခမဲ့ဆေးကုပေးဖို့ ဒီဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ရောက်လာတာပါ။ ပါရမီရှင် အလှူရှင်တွေနဲ့ နိုင်ငံတော်ရဲ့ အားပေးမှုကြောင့် ဒီဆေးရုံကြီး ဖြစ်လာတာ။ အရှင်ဘုရားရဲ့ရောဂါ ခုချက်ချင်း ပျောက်ရင် တပည့်တော်တို့ ခုကုသိုလ်ရတယ်။ နောက် ၁၀-နှစ်လောက်ကြာမှပျောက်ရင် အဲသည့် ၁၀-နှစ်ကြာမှ ကုသိုလ်ရမှာ။ အရှင်ဘုရားလည်း ၁၀-နှစ်လောက် မကြာခဏ လာနေရတော့မပေါ့။ တပည့်တော်ပြောတဲ့အတိုင်း လုပ်ကြည့်ပါ။ မပျောက်တော့ ပြန်လာခဲ့ပါဘုရား။

ဤသို့ စေတနာဆရာဝန်ကြီး ညွှန်းသည့်အတိုင်း ကျွန်ုပ်ပြုခဲ့ရာ ဝေဒနာပျောက်ခဲ့ပါသည်။ ကျွန်ုပ်၏ဝေဒနာ ပျောက်ခဲ့သည်မှာ ၇-နှစ်ရှိပေပြီ။ တခါဘူးမျှ ခေါင်းကိုက်၊ ဇက်ထိုး၊ ခေါင်းမူးခြင်း မရှိတော့ပြီ။ ဒီဝေဒနာမျိုးမှာလည်း ယောက်ျား မိန်းမ အတော်အဖြစ်များတတ်သည်။ ၇-နှစ်အတွင်း ကျွန်ုပ်သည် လူပေါင်း ၅၀-ခန့်လောက်ကို ဤဆေးနည်းကို ပြောပြရာ အားလုံးပျောက်ကင်းကြသည်။

ဓမ္မာလင်္ကာရ (B.Ag) အိမ်မဲ
(မြတ်မင်္ဂလာ ၂၀၀၉-ခု စက်တင်ဘာလ)

No comments: