Wednesday, August 25, 2010

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်

အခါတပါး၌ ၀စ္ဆပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ လာရောက်၍ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ ဤသို့မေးလျှောက်၏။

အရှင်ဘုရား၊ အရှင်ဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေ့ရှုထင်၏။ အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏-ဟု ကျွန်ုပ်ကြားဖူးပါ၏။

အရှင်ဘုရား ထိုသို့ပြောဆိုသော သူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သလော၊ အကြောင်းမှန်ကို အကြောင်းမှန်အားလျော်စွာ ပြောကြားကြပါကုန်သလော-ဟု မေးလျှောက်၏။

မြတ်စွာဘုရားက "၀စ္ဆ၊ ထိုသို့ပြောဆိုသော သူတို့သည် ငါ၏စကားအရ ပြောဆိုသူများမဟုတ်ကုန်။ ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်း စွပ်စွဲကုန်၏"ဟု မိန့်တော်မူ၏။

ဝစ္ဆပရိဗိုဇ်က "အရှင်ဘုရား၊ ထိုသို့မဟုတ်ပါမူ အဘယ်သို့ ပြောဆိုသော် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ကုန်သနည်း"ဟု ထပ်မံမေးလျှောက်၏။

မြတ်စွာဘုရားက "၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရရှိသည်ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါး၏စကားအရ ပြောဆိုခြင်းဖြစ်၏။ ငါသည် များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်(ဘ၀များ) ကို အလိုရှိသလောက် အောက်မေ့နိုင်၏။ (ပုဗ္ဗေနိဝါသာဉာဏ်ရှိ၏)။ ငါသည် စင်ကြယ်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေဆဲဖြစ်သော ၊ သို့မဟုတ် ပဋိသန္ဓေနေဆဲဖြစ်သော သတ္တ၀ါ၊ သို့မဟုတ် ယုတ်ညံ့သော သတ္တ၀ါ၊ ကောင်းစွာလားရာရှိသော သတ္တ၀ါ၊ သို့မဟုတ် ကောင်းသောသဘောတရား ရှိသော သတ္တ၀ါတို့ကို အလိုရှိသလောက် မြင်ရ၏။ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသောစိတ်၏ ကိလေသာမှလွတ်ခြင်း၊ ပညာဖြင့် ကိလေသာမှလွတ်ခြင်းကို ယုခုဘ၀၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ရောက်ရှိနေ၏။"

ဤသို့ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိသည်ဟု ပြောဆိုသူသည် ငါ့ကို မဟုတ်မမှန်သောအားဖြင့် မစွပ်စွဲဘဲ ငါ၏စကားအရ အကြောင်းမှန်ကို ပြောဆိုသူဖြစ်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ တေ၀ိဇ္ဇ၀စ္ဆသုတ်။

ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု စက်တင်ဘာလ)

No comments: