Tuesday, August 3, 2010

ကိုယ့်ထံပြန်သော အရိပ်

ကိုဘမောင်၊ သူ့အသက်မှာ လေးဆယ်ကျော် ငါးဆယ်နီးပါး ဖြစ်သည်။ တောင်စုရွာတွင် နေထိုင်၏။ အသားညိုညို လူထည်တုတ်တုတ်နှင့် သဘောကောင်းသူဖြစ်သည်။ သူတပါးကိုလည်း ကူညီတတ်၏။ ပျော်ပျော်နေတတ်သည်။ အရက်သေစာ အနည်းငယ်သောက်စားပြီး ဆိုတတ်၊ ကတတ်သည်၊ လူချစ်လူခင် ပေါများသည်။

တနေ့ သူတို့ရွာတွင် မင်္ဂလာဆောင်ကြီးတခုရှိ၏။ ရပ်ရွာမျက်နှာဖုံးများ၏ မင်္ဂလာဆောင်ပွဲဖြစ်သဖြင့် အကြီးအကျယ် ချက်ပြုတ်ကျွေးမွေးကြသည်။ ချက်ရေးပြုတ်ရေးတွင် ကိုဘမောင်လည်း ပျော်ပျော်ပါးပါး ၀ိုင်းဝန်းကူညီနေသည်မှာ ချွေးတလုံးလုံးနှင့်ပင် ဖြစ်သည်။

ရွာငယ်များ၏ ဓလေ့အတိုင်း လူငယ်တို့သည် အပျော်ဖွဲ့၍ အနည်းငယ် ယမကာလေးများ သောက်စားချင်ကြ၏။ ရပ်ရွာလူကြီးများနှင့် ကာယကံရှင် မိဘများသည် ထိုအမှုကို မကြိုက်ကြပေ။ သို့ပါ၍ လူငယ်ပိုင်းက သူတို့၏ အစီအစဉ်ဖြင့် ကိုဘမောင်ကို အားကိုး၍ မီးတောက်ရက်အဆီ အနည်းငယ် ခိုးဝယ်ထား၏။ ထိုအဆီကို ၀ယ်၍ ရေဖြင့် ရောစပ်ရပေမည်။ ထိုတာဝန်ကို ကိုဘမောင်က ယူထား၏။ ရွာသားသုံးလေးယောက်ဖြင့် လုပ်ကိုင်သော ထိုနေ့ညတွင် လူကြီးများ၏မျက်ကွယ်၌ အရက်စပ်ကြ၏။

အရက်အဆီများမှာ အလွန်ပြင်း၏။ တောမီးတောက်အရက်ပီပီ ဓာတ်ဆီကဲ့သို့ မီးနှင့်ထိလျှင် ဟုန်းဟုန်းတောက် တတ်၏။ ကိုဘမောင်သည် အရက်နှင့်ရေ ရောစပ်သူတို့အား လက်နှိပ်ဓာတ်မီးနှင့် မီးထိုးပြရမည့်အစား ဂက်(စ်) မီးခြစ်ကိုခြစ်၍ လက်တဆန့် မြှောက်ပြလိုက်၏။ အရက်၏ အပူရှိန်နှင့် ဂက်(စ်) မီးတို့ တွေ့ထိကာ မီးက ဟုန်းခနဲ ထတောက်ပြီး အရက်ပုံးလည်း ပေါက်ကွဲတော့သည်။

ရွာသားသုံးလေးယောက်က လွှတ်ချပြီးပြေးကြ၏။ ကိုဘမောင်ခမျာ ကျန်ခဲ့ပြီး မီးလောင်ခံရသည်။ ၀တ်ထားသော အင်္ကျီ၊ လုံချည်များကို မီးကစွဲ၍ ဟုန်းဟုန်းတောက်လောင်နေသည်။ ကျန်လူသုံးယောက်ကိုလည်း မီးက ဟပ်လေ၏။ သူတို့က ကိုဘမောင်လောက် မများပေ။ အပြေးအလွှားသွားပြီး ဗွက်အိုင်ထဲ လူးလှိမ့်ချကြသည်။ ထိုအခါ မီးက ငြိမ်းသွားသည်။

ကိုဘမောင်မှာမူ မီးလောင်နေသော အင်္ကျီ လုံချည်ကို သွေးရူးသွေးတမ်းဖြင့် ဆွဲဖြဲ၊ ချွတ်ချ၏။ သို့သော် မီးတောက်က အရှိန်ကောင်းစွာ လောင်နေ၍ ကွာမကျ၊ အတင်းဆွဲချွတ်ရာ အသားစများပါ ကပ်ပါသွားကုန်၏။
လူအများက ၀ိုင်းအော်သတိပေးမှသာ ဗွက်အိုင်ထဲ လူးလှိမ့်ချ၏။ ထိုအခါတွင်မှ မီးများငြိမ်းကုန်၏။ သို့သော် ပူလွန်းလှသဖြင့် အုတ်ရေကန်ထဲ ခုန်ချပြန်သည်။ မရပါ။ အပူရှိန်ဒဏ်က ပြင်းသဖြင့် အော်ဟစ်လူးလိမ့်နေ၏။

မီးလောင်သူတို့ကို ရွာသားများက ၀ိုင်းဝန်းပြုစုကြသည်။ ငှက်ပျောရည်ညှစ်လောင်းပေးကြသည်။ ကိုဘမောင်မှာမူကား တကိုယ်လုံး မည်းတူးသွားကာ အသားနီလန်သည့်နေရာက လန်၍ တကိုယ်လုံး မြင်မကောင်းပေ။ ကျန်သူများမှာ အနည်းအကျဉ်းသာ ဖြစ်ကြ၏။ ကိုဘမောင်ခမျာမှာတော့ တကိုယ်လုံး ငါးမီးဖုတ်ထားသကဲ့သို့ မည်းမည်းတောင့်တောင့်ကားကားကြီး ဖြစ်သွား၏။

သူတို့ကို ရွာသားများက ထွန်စက်တွေလာကြီးဖြင့် ငှက်ပျောဖက်များခင်းပတ်ကာ တိုက်နယ်ဆေးရုံဆီသို့ ခေါ်တင်သွားကြ၏။ မှောင်မည်းသော ညသန်းခေါင်ကျော် လမိုက်ညဖြစ်၍ မြောက်ဘက်လမ်းသို့ မောင်းရမည့်အစား တောင်ဘက်လမ်းကို မောင်းထွက်သွားကြသည်။ အတော်အလှမ်းဝေးမှ လမ်းမှားသည်ကိုသိ၍ ပြန်လှည့်မောင်းကြရပြန်သည်။ ခရီးသည် မကြာသင့်ဘဲ ကြာရပြန်၏။ ကိုဘမောင်သည် ဆေးရုံ၌ ငါးရက်မျှကြာသော် ဆုံးသွား၏။ ကျန်သူများကား ကောင်းမွန်သွားကြ၏။

ရွာသူရွာသားများ စိတ်မကောင်းကြပေ။ အရက်ကြောင့် ဖြစ်သည်မို့ အရက်သမားများ အလွန်လန့်ဖျပ်သွားကြ၏။ သင်ခန်းစာရကြကုန်သည်။ သူ့ဘ၀၀ဋ်ကြွေးလည်း ရှိပေလိမ့်မည်။ တောသူတောင်သားအချို့သည် လယ်ယာလုပ်ငန်း စိုက်ပျိုးချိန်ပြီးလျှင် လယ်ထဲချောင်းထဲ၌ ငါးရှာ ဖားရှာလုပ်တတ်ကြ၏။ ယခုအခါ ရေထဲသို့ လျှပ်စစ်လွှတ်ကာ ငါးများကို ဖမ်းတတ်ကြသည်။ ရေထဲရှိ ငါးသည် လျှပ်စစ်အပူကြောင့် မသေမရှင်ငါးများ ရေပေါ်ပေါ်လာကြ၏။ ပလိုင်းထဲကောက်ယူထည့်ရုံသာ ဖြစ်သည်။ သူတို့၏ ငါးဖမ်းပုံမှာ ကြက်သီးထစရာ ကောင်းလှ၏။ ထို့ပြင် ကိုဘမောင်နှင့် အပေါင်းအသင်းများသည် ထိုသို့ လျှပ်စစ်နှင့် ငါးဖမ်းသည့်အပြင် ငါးများကို အလွယ်တကူပင် မီးဖုတ်၍ စားသောက်တတ်ကြသေးသည်ဟု သိရ၏။

ဘ၀၀ဋ်ကြွေးများသည် အလွန်ကြောက်စရာကောင်းလှပေ၏။ ကိုယ်ပြုသောကံသည် ကိုယ့်ထံသို့ အနှေးနှင့်အမြန် ပြန်လာကြသည်မှာ ဖြစ်ရပ်မှန်များက လက်တွေ့ပြသဆုံးမနေသည့်နှယ်၊ သို့ပါ၍ ကံ၏အရိပ်များက ထက်ကြပ်မကွာ လိုက်တတ်ကြောင်း ဖြစ်ရပ်မှန်များကို အမည်နာမလွှဲပြောင်း၍ တင်ပြအပ်ပါသည်။

နန္ဒခင် (သက္ကလမြေ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

No comments: