Friday, August 27, 2010

ဦးထိပ်ပန်ဆင် အနန္တဂုဏ်အင်

ကျွန်တော်သည် မြို့တမြို့သို့ နယ်မှ ကျောင်းတက်လာသော ကျောင်းသားတယောက်ဖြစ်သည်။ ကျောင်းတက်သွားခါနီးတွင် ကျွန်တော့် ဘိုးဘွားများက ညစဉ်ညတိုင်း အနန္တငါးဖြာကို ရှိခိုးပြီးမှ အိပ်ရန် မှာကြားပါသည်။ ထို့ကြောင့် ကျွန်တော်သည် အဆောင်ရောက်သည့်နေ့မှစ၍ ညစဉ်ညတိုင်း အနန္တောအနန္တငါးပါးကို ရှိခိုးပြီးမှ အိပ်ရာဝင်ပါသည်။

တနေ့တွင် ကျွန်တော်၏ နားတဖက်သည် မည်သည့်အကြောင်းကြောင့်ဟု မသိရဘဲ လုံးဝမကြားရတော့ပေ။ နားအုံတခုလုံးလည်း အူနေသည်။ သို့အတွက် ကျွန်တော် အလွန်ပင် ထိတ်လန့်သွားပါသည်။ ပညာသင်စအရွယ်လည်းဖြစ်၍ နားကန်းသွားမည်ကို စိုးရိမ်သဖြင့် အဆောင်ရှိ သူနာပြုဆရာမက ဆေးများတိုက်သော်လည်း အခြေအနေ ထူးမလာခဲ့ပေ။ နားထဲသို့ နားကော်တံဖြင့် ကော်ကြည့်သော်လည်း ဘာမျှမတွေ့ရပေ။ သို့သော်လည်း ကျွန်တော်မှာ ညစဉ်ညတိုင်း ဘုရားရှိခိုးတော့ မပျက်ခဲ့ပေ။

တနေ့တွင် ကျွန်တော်သည် အနန္တောအနန္တငါးပါးကို စိတ်ထဲရည်မှန်းပြီး ကျွန်ုပ်သည် ညစဉ်ညတိုင်း အနန္တငါးပါးကို ရှိခိုးပြီးမှ အိပ်ရာဝင်ပါသည်။ ဤသို့ ရှိခိုးရသောအကျိုးကြောင့် ကျွန်ုပ်၏ နားမကြားခြင်းသည် လုံးဝ ပျောက်ကင်း ရပါလို၏-ဟု ဆုတောင်းပြီး နားထဲသို့ နားကော်တံဖြင့် ကော်ကြည့်ရာ အမည်းရောင်ရှိသော အညစ်အကြေးများ နားထဲမှ မယုံနိုင်လောက်အောင် ထွက်လာသည်။ ထိုအညစ်အကြေးများ ထွက်ပြီးနောက်ပိုင်းတွင် ကျွန်တော်၏ နားသည် ရှင်းရှင်းလင်းလင်း ကြားရလေတော့သည်။ ဤတွင် ကျွန်တော်သည် ပြောမပြတ်တတ်အောင် ၀မ်းသာရလေသည်။

အနန္တငါးပါးကို ရှိခိုးခြင်းကြောင့် အနာရောဂါပျောက်ကင်းခဲ့ရပုံကို ကျွန်တော်၏ကိုယ်တွေ့ တင်ပြခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည်လည်း နေ့စဉ်နေ့တိုင်း အနန္တငါးပါးကို ၀တ်မပျက်ရှိခိုးမှု ပြုခဲ့ပါသည်။

ကျော်ရဲသူ
(မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

No comments: