Wednesday, August 4, 2010

သေဘေးကို တားဆီးခဲ့သော သုံးပါးရတနာ

၂၀၀၈-ခုနှစ် ဒီဇင်္ဘာလ၏ နောက်ဆုံးရက်ဖြစ်၏။ ကျွန်တော်သည် ကိစ္စတခုဖြင့် ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ခဲ့၏။ ဆေးရုံတွင် အရာရှိတဦး ကားရှေ့ဘီးကျွတ်၍ တိမ်းမှောက်ပြီး ကွယ်လွန်သွားသည်ကို တွေ့ခဲ့ရ၏။ မိသားတစု သောကရောက်၍ ငိုကြွေးနေကြ၏။

လွန်ခဲ့သော နှစ်ပေါင်း ၄၀-ခန့်က ထိုကဲ့သို့ပင် ကားဘီးကျွတ်၍ ကားတိမ်းမှောက်ခဲ့၏။ သို့သော် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် ကျွန်တော်သည် သေဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်ကို ပြန်လည်သတိရမိ၏။

ကျွန်တော့်အမည်မှာ ဦးကြင်စိန် ဖြစ်၏။ ပဲနွယ်ကုန်းမြို့ ဂုဏ်တော်ရပ်ကွက် ဒဂုံ-မန်းလမ်းရှိ ယမုံးနာတိုက်တွင် နေပါသည်။ အသက် ၆၆-နှစ်ရှိပြီဖြစ်၏။

ကျွန်တော်၏အဘိုး ဦးဘိုးကျော့သည် ၀ိပဿနာတရားပြ ဆရာတဦးဖြစ်၏။ ပဲနွယ်ကုန်းမှ လူများ သိကြပါသည်။ အသက် ၈၅-နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

ကျွန်တော်သည် အဘိုးနှင့်ကြီးပြင်းခဲ့၏။ ကျွန်တော်ငယ်စဉ်က အဘိုးသည် ကျွန်တော့်ကို ၀ိပဿနာတရားများ ဟောပြောပြသခဲ့ပါသည်။ ထိုစဉ်က ငယ်ရွယ်သူဖြစ်၍ နားမလည်ခဲ့ပါ။
အဘိုး၏ သွန်သင်ဆုံးမမှုကြောင့် ထိုအချိန်မှာပင် ရတနာသုံးပါးကို လေးစားကြည်ညိုခဲ့ပါသည်။

၁၉၇၃-ခုနှစ် ကျွန်တော့်အသက် ၃၀-ကျော်အရွယ်ကဖြစ်၏။ ထိုစဉ်က ကျွန်တော်သည် ကျောက်တံခါးမြို့ သမ၀ါယမအသင်းတွင် မြို့နယ်ကုန်ထုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေ၏။
မြန်မာပြည်အရပ်ရပ်ရှိ စက်ရုံအလုပ်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို မြို့နယ် သမ၀ါယမက ၀ယ်ယူထား၏။ ထိုဝယ်ယူထားသော ကုန်ပစ္စည်းများကို ကျွန်တော် သွားရောက်ထုတ်ယူရ၏။

တနေ့တွင် ကျွန်တော်သည် ဇေယျဝတီသကြားစက်ရုံမှ သကြားအိတ်များကို သွားရောက်ထုတ်ယူရန် တာဝန်ကျ၏။ ထို့ကြောင့် ကျွန်တော်သည် ဖြူးမြို့သို့သွားပြီး ဖြူးမော်တော်ယာဉ်အသင်းမှမော်တော်ယာဉ် ၄-စီးငှါး၍ ဇေယျဝတီသကြားစက်တွင် သကြားသွားရောက်ထုတ်ယူပါသည်။ သကြားတင်ပြီး နေ့ ၁၂-နာရီတွင် ကျောက်တံခါးမြို့သို့ ပြန်ခဲ့ပါသည်။

မော်တော်ယာဉ်ထွက်ခါနီးတွင် ကျွန်တော်ပြုနေကျအတိုင်း ရတနာသုံးပါးနှင့် မိဘဆရာတို့ကို အာရုံပြု၍ ဦးချကန်တော့၏။ ထို့နောက် ကျွန်တော်သွားလေရာ ယူဆောင်ခဲ့သည့် စိပ်ပုတီးကို ထုတ်ပြီး အရဟံဂုဏ်တော် နှင့် သမ္ဗုဒ္ဓေဂါထာတို့ကို ရွတ်ဆို၍ ပုတီးစိပ်ပါသည်။
ကားရှေ့ခန်းတွင် ကျွန်တော်နှင့်အတူ မိတ်ဆွေနှစ်ဦး လိုက်ပါလာ၏။ ကားစပယ်ယာက နောက်ခန်းတွင်စီး၏။ ကျွန်တော်တို့ကားသည် သကြားအိတ် အပြည့်တင်ဆောင်ထားသည်။

ဖြူးမြို့အထွက် ညောင်ပင်သာရွာအနီးရှိ စိုက်ကွင်းနားတွင် ကုံးတံတားတခုရှိ၏။ ထိုတံတားအနီး ကိုက် ၂၀၀-ခန့်တွင် ကျွန်တော်တို့ကားသည် ရှေ့ဘီးတလုံး ကျွတ်ပြီး လှိမ့်ထွက်သွား၏။ ကားကြီးသည် ဘေးတဘက်စောင်းကြီးနှင့် ပေ ၅၀-ခန့် လှိမ့်သွားပြီး ၀ုန်း-ဆိုသည့်အသံနှင့်အတူ ချောက်ထဲထိုးကျကာ တိမ်းမှောက်သွားသည်။

ကျွန်တော်သည် ကားကြီးလှိမ့်သွားနေသည်ကို အံ့သြပြီး ကြည့်နေမိ၏။ ချောက်ထဲသို့ ကားကျသွာသောအခါ ငါ့ဘ၀တော့ နောက်ဆုံးခရီးပဲ-ဟုအောက်မေ့ပြီး ဘုရားကို ဦးသုံးကြိမ်ချကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆိုမိပါသည်။ အချိန်တခဏအကြာတွင်ပင် ကားမှာ ၀ုန်းဆို မြောင်းထဲ ထိုးကျပြီး ဘော်ဒီထက်ပိုင်း ကျိုးသွားသည်။

ထိုသို့ဖြစ်ပြီးခဏမှာပင် ကျွန်တော် မျက်လုံးဖွင့်ကြည့်သောအခါ ကျွန်တော့်အနားရှိ မိတ်ဆွေတဦးမှာ လက်ကျိုး၍ တဦးမှာ နဖူးကွဲပြီး သွေးထွက်နေပါသည်။ ကားမောင်းသမားသည် လက်ကိုင်စတီယာတိုင်နှင့် နောက်မှီ အကြားတွင် ညပ်နေပြီး ပါးစပ်မှလည်း သွေးတွေထွက်နေ၏။ ကျွန်တော်ကတော့ မည်သည့်ဒဏ်ရာမှလည်း မရရှိခဲ့ပါ။ ကားနောက်မှီနှင့် ညပ်နေ၍ မထွက်နိုင်သဖြင့် လက်ကျိုးသွားသော မိတ်ဆွေကို အပြင်သို့ထွက်စေပြီး အနီးရှိလူများကို အော်ဟစ်အသံပေး၍ အကူအညီတောင်းခံစေပါသည်။

ထိုအခါ အနီးအနားမှ လယ်သမား ၁၅-ဦးခန့် ရောက်ရှိလာပါသည်။ ကျွန်တော့်ကို ကားခေါင်းမှ အပြင်သို့ အတော်ခက်ခက်ခဲခဲ ထုတ်ယူရသည်။ ကားနောက်ပိုင်းတွင်စီးသော စပယ်ယာကိုလည်း သကြားအိတ်များ ကြားတွင် ညပ်နေ၍ အတော်ခက်ခက်ခဲခဲ ထုတ်ယူရသည်။

ကျွန်တော် ကားအပြင်သို့ရောက်သောအခါ အနားရှိလူငယ်တဦးက ကျွန်တော့်ကိုယ်ခန္ဓာကို လာစမ်းပြီး-
အကိုကြီး ဘာဖြစ်သွားသေးလဲ။
ဘာမှမဖြစ်ပါဘူး။ အခုလို လာကူညီတာ ကျေးဇူးတင်ပါတယ်။
အကိုကြီး သိပ်ကံကောင်းတာပဲ။ အကိုကြီးထိုင်နေတဲ့နေရာရဲ့ ခေါင်းပေါ်မှာ နောက်က သစ်သားနှစ်ချောင်းက ကားရှေ့မှန်ဘောင်တန်းပေါ်ကို လာတင်နေတယ်။ အဲဒီအပေါ်မှာ သကြားအိတ်တွေဆင့်ပြီးတင်နေလို့ မနည်းရွှေ့ယူရတယ်။

ကျွန်တော် မည်သို့မျှ ပြန်လည် မပြောခဲ့ပါ။ သူတို့၏ အကူအညီဖြင့် ဒဏ်ရာရသူများကို ဆေးရုံသို့ပို့၏။ ထို့နောက် ဖြူးမြို့မှ ကားတစင်းငှါးပြီး ကျောက်တံခါးသို့ နေ့ချင်းပင် သကြားအိတ်မျးကို ပို့နိုင်ခဲ့ပါသည်။
ကျွန်တော်တို့စီးသောကားကြီး ချောက်ထဲကျ၍ တိမ်းမှောက်ခဲ့သော်လည်း ကျွန်တော်သည် မည်သည့် အန္တရာယ်မှ မကျရောက်ခြင်းမှာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

ယခုတိုင် ပဲနွယ်ကုန်းမြို့ ဂုဏ်တော်ရပ်ကွက် ဒဂုံ-မန်းလမ်း ယမုံနာတိုက်တွင် ကျန်းမာစွာဖြင့် ၀ိပဿနာတရားကို အားထုတ်နေထိုင်လျက်ရှိပါသည်။(ဖြစ်ရပ်မှန်ဖြစ်ပါသည်)

မှူးပညာ (ပဲနွယ်ကုန်း)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

No comments: