Wednesday, August 4, 2010

ထူးဆန်းထွေလာ ဖေ့မေတ္တာ

ကျွန်မမိဘများသည် သမီးချည်းမွေးသောကြောင့် မေမေက အိမ်တွင်းနတ်ထံ သားဆုပန်ပါသည်။ ဤတွင် ကျွန်မအောက် သားယောက်ျားလေးတယောက် ရခဲ့ပါသည်။ မေမေက သူ့သားကို အိမ်တွင်းကပေးတဲ့ သား၊ နတ်က ပေးတဲ့ သား-ဟုဆိုကာ အထူးဂရုစိုက်ပါသည်။ မောင်လေးက စိတ်ကြမ်းတမ်းသည်။ အပြောအဆိုလည်း ကြမ်းပါသည်။ လက်မြန်ခြေမြန် ဖြစ်ပါသည်။



ဖေဖေက ၀ပ်ရှော့ဆရာဖြစ်ပါသည်။ မောင်လေးအရွယ်ရောက်လာသောအခါ ဖေဖေနှင့်တွဲလုပ်ပါသည်။ မိန်းကလေးချည်း မွေးသည့်အနက် သာေးလးတယောက် ထွန်းကားလာ၍ အားလုံးက ၀ိုင်းချစ်ကြပါသည်။ ဖေဖေကလည်း စိတ်တိုစိတ်မြန်ဖြစ်သောကြောင့် ဖေဖေနှင့်မောင်လေး တွဲအလုပ်လုပ်တိုင်း မေမေနှင့် ကျွန်မတို့ စိတ်ဆင်းရဲရပါသည်။

ဖေဖေကလည်း မောင်လေးကို စိတ်တိုင်းမကျတိုင်း မြည်တွန်တောက်တီးနေတတ်ပါသည်။ မောင်လေးကလည်း ဖခင်မို့သာ ငြိမ်ခံနေရသည့်သဘောမျိုးပါ။ သူ့မျက်နှာကိုကြည့်လျှင် သူ ဖေဖေ့ကို အလိုမကျမှန်း သိသာပါသည်။ ဖေဖေနှင့် တယောက်တပြန်ဖြစ်မှာ အလွန်စိုးရိမ်မိပါသည်။

ကျွန်မတို့စိုးရိမ်နေသော တနေ့ကို ရောက်လာသည်။ ဖေဖေနှင့်မောင်လေးတို့ စက်တလုံးကိုပြင်ဆင်နေသည်။ ကျွန်မတို့ ညီအမများနှင့် မေမေက အနီးအပါးမှာပင် ကိုယ့်အလုပ် ကိုယ်လုပ်နေကြသည်။ ဖေဖေက ဘာဖြစ်သွားသည်မသိ။ မော်ငလေးကို -ငါ ----တယ်-ဆိုပြီး ပြောလိုက်ရာ မောင်လေးက အနီးရှိ နှစ်တလက်မ တုတ်တချောင်းကိုဆွဲပြီး ဖေဖေ့ကို ပြန်ရိုက်ဖို့ ရွယ်လိုက်ပါသည်။ ထိုအချိန်တွင် မေမေက-

ဟဲ့သား၊ အဲဒါ နှင့်အဖေလေ၊ နင့်အဖေ သား ကံကြီးထိုက်လိမ့်မယ်၊ သား သတိထားပါ။ တုတ်ချလိုက်၊ အခု တုတ်ချလိုက်-ဟု အော်ပါသည်။
ထိုအခါမှ ကျွန်မတို့လည်း ကြောင်ကြည့်နေရာမှ အဖေ့အနား ပြေးသူပြေး၊ မောင်လေးအနား ပြေးသူပြေး ပြေးကြပါသည်။ မောင်လေးကလည်း မေမေ့အသံကြားလိုက်၍ တုတ်ကိုပစ်ချလိုက်ပြီး ချာခနဲ လှည့်ထွက်သွား ပါသည်။ မေမေနှင့် ကျွန်မတို့ညီအမများ ငိုကျန်ခဲ့ပါသည်။ ဖေဖေကမူ ဗျစ်တောက်ဗျစ်တောက် ပြောတုန်းပင်။

နောက်တနေ့တွင် မေမေက မောင်လေးကို ပဉ္စင်းတက်ပေးပါသည်။ အပြစ်များကျေအောင် ဖြစ်ပါသည်။ ပဉ္စင်းတက်ပွဲသို့ ဖေဖေ မလာပါ။ ဖေဖေက ငါခွင့်လွှတ်အောင် ပဉ္စင်းဝတ်တာ။ ငါက သူ့ကို ထိုက်ကန်တော့ရ မှာလား-ဆိုရာ ကျွန်မတို့ ငိုရပြန်ပါသည်။

သည်အဖြစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-ခန့်က ဖြစ်ပါသည်။ သို့သော် ကျွန်မမျက်စိထဲ၌ ရုပ်ရှင်ပြသလို စွဲနေအောင် မြင်ယောင်နေပါသည်။ ဖေဖေနှင့်မေမေလည်း မရှိတော့ပါ။ ကျွန်မမောင်လေးလည်း အိမ်ထောင်ကျပြီး သားလေးများ မွေးပါသည်။ သို့သော် သူ့လိုမဆိုးကြဘဲ လိမ္မာကြပါသည်။ ထို့ကြောင့် ကျွန်မတို့လည်း စိတ်ချမ်းသာရပါတယ်။

သို့သော် မကြာပါ။ မောင်လေးတွင် လူတကာကြောက်သော ကင်ဆာဆိုသည့် ရောဂါဆိုးကြီး ၀င်ရောက်လာ ပါသည်။ ထူးဆန်းသည်မှာ င်ဆာအမည်မတပ်မီ မောင်လေးတွင် နှလုံးရောဂါ အပြင်းအထန် ခံစားရသည်။ ဆေးရုံတက်ကုသရာ ငွေအလွန်ကုန်ပါသည်။ ဆေးရုံက ဆင်းသောနေ့တွင်ပင် လေဖြတ်သွားပါသည်။ လေဖြတ်ပြီး တနှစ်အကြာတွင် သည်းခြေအိတ်ခေါင်း ကင်ဆာ ဖြစ်နေပြီဟု ချောက်ချားစွာ သိလိုက်ရပါသည်။ ခြောက်လလောက်သာနေရတော့မည်ဟုလည်း ပြောပါသည်။

ကျွန်မတို့ညီအမများ ဆောက်တည်ရာမရ အပူမီးတွေတညီးညီး တောက်လောင်ခဲ့ရပါသည်။ မောင်လေးကို တလှည့်စီ ပြုစုယုယကြပါသည်။ ထိုအချိန်တွင် မောင်လေးက ဖေဖေ့ကို တုတ်နှင့်ရွယ်ခဲ့သည်ကို ပြန်သတိရ နေသည်ဟု ပြောပါသည်။ ကျွန်မတို့ အစိုးရိမ်ကြီးကြရပါသည်။ အာသန္နကံ အကျိုးပေးတော့မှာပါလား-ဟုတွေးကြောက်ကြပါသည်။

ဒီအကြောင်းတွေကို စိတ်ထဲမှာ ဖျောက်ပစ်ပါ-ဟု အားပေးရင်း ကျွန်မတို့ မောင်နှမများ ဖေဖေနှင့်မေမေကို တ-ပါသည်။ ဖေဖေက မောင်လေးကို ခွင့်လွှတ်ဖို့ ရင်ထဲတွင် နှစ်နှစ်ကာကာနှင့် ဆုတွေတောင်းကြပါသည်။ နေ့စဉ်လိုဖြစ်ပါသည်။

ထိုရက်များတွင် မောင်လေးရောဂါလည်း သည်းနေပါပြီ။ အသက်ကို ပင်ပန်းကြီးစွာ ရှူနေရသော မောင်လေးကိုလည်း မကြည့်ရက်တော့ပါ။ ညီစို့စို့အနံ့များလည်း လှိုင်လှိုင်ထွက်နေပါသည်။

အင်္ဂါနေ့သည် မောင်လေးမွေးနေ့ဖြစ်ပါသည်။ သတိရတချက် မရတချက်နှင့် မောင်လေးအရိုးပေါ် အရေတင်ပြီး ဦးခေါင်းရိုးပုံပေါ်နေသော မောင်လေးကို မကြည့်ရက်တော့ပါ။ ထိုအချိန်တွင် မောင်လေးကိုစောင့်ရန် ခေါ်ထားသော သူနာပြုဆရာမလေးသည် ဆေးရုံအပြင်သို့ ကွမ်းထွက်ဝယ်ပြီး ပြန်လာပါသည်။ ထိုကွမ်းကို သတင်းစာစက္ကူနှင့် ထုပ်ထားသည်။ ကွမ်းထုပ်ကိုဖြေလိုက်ရာ ကွမ်းထုပ်ထားသည့် စက္ကူမှာ လွန်ခဲ့သော ၁၉၉၈-ခုနှစ်က ကွယ်လွန်ခဲ့သော ဖေဖေ၏ နာရေးကြော်ငြာလေးဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိရပါသည်။

ညီအမများအားလုံး ၀ိုင်းကြည့်ပြီး တယောက်တပေါက်ပြောသံကို မောင်လေးကြားသွားပါသည်။ ဖေဖေသူ့ကို လာကြည့်တယ်။ ဖေဖေ သူ့ကိုခွင့်လွှတ်တယ်-ဟု မပီကလာ ပီကလာ ပြောပြီး ညင်သာစွာ ၀ိညာဉ် ချုပ်သွား သည်နှင့် သူ၏ မကောင်းသောအနံ့အားလုံး ပျောက်သွားသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ဘာအနံ့မှ မရှိတော့ပါ။

အဖြစ်အပျက်အမှန် ဖြစ်ပါသည်။ မိဘမေတ္တာ ကြီးမားလှပါသည်။ လွန်ခဲ့သော ၁၀-နှစ်က တမလွန်ဘ၀ ရောက်သွားသော ဖခင်ကြီးသည် သားဖြစ်သူ ၀ိညာဉ်မချုပ်နိုင်သေးသည်ကို လာပြီး စောင့်ရှောက်ပေးသွား သည်ဟု ယုံကြည်မိပါသည်။

ထို့ကြောင့် သားသမီးတိုင်း မိဘကို ကိုယ်ထိလက်ရောက် မပြောနှင့် စိတ်နှင့်ပင် မပြစ်မှားမိကြရန် ကျွန်မတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ထူးဆန်းထွေလာ ဖေ့မေတ္တာကို လူငယ်များအတွက် စိတ်မကောင်းစွာနှင့် ဖော်ပြလိုက်ရပါသည်။

တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

No comments: