Thursday, August 5, 2010

အချိန်မှန်မှန် စည်းချက်ကျကျ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီ မမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာ ဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမိုဖြစ်တတ်သည်။

ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲ ဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လောင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှု များတတ်သည်။ ခန္ဓာကိုယ်၏ အသက်စောင့်ရည်များကို အက်စစ်ဓာတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ် အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ အလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လည်း (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

နံနက်အခါ နေထွက်သည်၊ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊ စည်းချက်ကျကျ ဖြစ်ပျက်နေသည်။ လူ့ခန္ဓာကိုယ်လည်း သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊ စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ခန္ဓာကိုယ်၏ အားဖြည့်ချိန်သည် ည ၉-နာရီမှ နံနက် ၃-နာရီတွင်း ဖြစ်သည်။
ည ၉-နာရီမှ ၁၁-နာရီသည် ရောဂါခုခံကာကွယ်စနစ်အချိန် ဖြစ်သည်။
အထူးသဖြင့် အလယ်တန်းအောက် ကလေးငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံသေးသည့်အရွယ်ဖြစ်၍ ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်း၏။
ည ၁၁-နာရီမှ နံနက် ၁-နာရီသည် ရိုးတွင်းချင်ဆီမှ သွေးနီဥ တည်ဆောက်ချိန်ဖြစ်သည်။
နံနက် ၁-နာရီမှ ၃-နာရီသည် အသည်း၏အချိန်ဖြစ်သည်။
နံနက် ၃-နာရီမှ ၅-နာရီသည် အသက်ရှူစနစ်အတွက် ဖြစ်သည်။

နံနက် ၄-နာရီသည် ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် ဖြစ်သည်။ ဆေးပညာတွင် အန္တရာယ်များသည့် လေးနာရီ-ဟု ပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကျပ်၊ နှလုံး၊ လေဖြတ်၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါစသည်တို့ ရောဂါဖောက်ပြန်သောအချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ထွက်သင့်သည်။

နံနက် ၅-နာရီမှ ၇-နာရီသည် အူမကြီး အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။
နံနက် ၇-နာရီမှ ၉-နာရီသည် အစာအိမ် အလှုပ်အရှားဆုံးအချိန် ဖြစ်သည်။
ထို့ကြောင့် ၇-နာရီမတိုင်မီ နံနက်စာ စားသင့်သည်။
၉-နာရီမှ ၁၁-နာရီသည် သရက်ရွက်အလှုပ်ရှားဆုံးအချိန် ဖြစ်သည်။
တဖန် ၁၁-နာရီမှ နေ့လယ် ၁-နာရီသည် ရိုးတွင်းချင်ဆီ သွေးတည်ဆောက်ချိန်ဖြစ်၍ ကောင်းစွာ အနားယူပါက သွေးအားနည်းရောဂါ မဖြစ်တော့ပေ။ သဘာဝ၏စည်းချက်အတိုင်း လိုက်နာနိုင်ပါက အလုပ်လုပ်သည့်အခါ အားအင်အပြည့်ရှိပြီး အနားယူသည့်အခါ ဖြေလျှော့မှုအပြည့်ရကာ ကျန်းမာပျော်ရွှင်မည်။

နေ့လယ် ၁-နာရီမှ ညနေ ၃-နာရီသည် အူသိမ်အလှုပ်ရှားဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် နေ့လယ် ၁-နာရီမတိုင်မီ နေ့လယ်စာကို စားနိုင်လျှင် ကောင်းသည်။
ယင်းအချိန်တွင် နေ့လယ်စာ မစားသူများ အစာအိမ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ ဖြစ်တတ်သည်။

ညနေ ၃-နာရီမှ ၅-နာရီသညှ်ဆီးအိမ်အလှုပ်ရှားဆုံးအချိန် ဖြစ်သည်။ ဤအချိန်အတွင်း ရေများများသောက်ရန် အရေးကြီးသည်။ အထူးသဖြင့် ဆီးအိမ်ကျောက်ကပ် မကောင်းသူများသည် ဤအချိန်တွင် ရေ ၅၀၀CC ထက် မနည်း သောက်သင့်သည်။

ညနေ ၅-နာရီမှ ၇-နာရီသည် ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။
ည ၇-နာရီမှ ၉-နာရီသည် နှလုံးနှင့် ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန် ဖြစ်သည်။
ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။

စောစောအိပ်ထ၊ ပြုကျင့်က၊ကျန်းမာကိုယ်စိတ် မြဲမည်တည်း-ဟူသော ဆောင်ပုဒ်ကို သဘောပေါက်ကျင့်သုံးကြ၍ အစွမ်းထက်မြက်စွာ လုပ်ငန်းများစီစဉ်ခြင်း၊ အနားယူခြင်း၊ ပညာသင်ယူခြင်း၊ သို့မဟုတ်-ဆေးကုသမှုခံယူခြင်း စသည်တို့ကို အချိန်သတ်မှတ်လုပ်ဆောင်သင့်သည်။ သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုနိုင်ပေသည်။
အကိုး။ ။ လင်ကွမ်ချန်၏ ကျန်းမာရေးစာအုပ်မှ။

ပါမောက္ခ ဒေါ်ခင်ဖြူ
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

1 comment:

khun zuuriya said...

Is it depend on GMT or local time frame?