Friday, August 6, 2010

အသုဘ ကုသိုလ်ရှင်

ကျွန်တော်တို့ ချောက်မြို့၏ မြောက်ဖျားတွင် ဈေးတန်းလျားရပ်ကွက် ရှိသည်။ ယင်းရပ်ကွက်တွင် ကျောက်ဖြုံးသန်းမြင့်ကြီး နေသည်။
ကျောက်ဖြုန်းသန်းမြင့်ကြီးသည် ရေနံလုပ်သားဖြစ်သည်။ ပုပု၀၀ နှာခေါင်းပွပွနှင့် မျက်နှာတွင် ကျောက်ပေါက်ခွက်များ ရှိသည်။ ကျောက်ဖြုံးသန်းဖြင့်ကြီး၏ ထူးခြားချက်မှာ အသုဘကိစ္စများကို ထက်ထက်သန်သန် ဆောင်ရွက်ပေးတတ်သည်။

သူနေသော ဈေးတန်းလျားရပ်ကွက်နှင့် အနီးဝန်းကျင် ရပ်ကွက်များတွင် လူသေသည်ကြားက အပြေးအလွှား ချက်ချင်းသွားတတ်သည်။ အသုဘရှင်၏ ခွင့်ပြုချက်ဖြင့် သူကိုယ်တိုင် အသုဘကို ရေချိုးပေးသည်။ လူအများပင် လူသေ (အသုက) ကို ကိုင်ရတွယ်ရမှာကို မလိုလားတတ်ကြပါ။ သေချာကိုင်တွယ် ရေချိုးပေးရမည်ကို တွန့်ဆုတ်တတ်ကြသည်။ ကျောက်ဖြုံးသန်းမြင့်ကြီးကား ဤသို့မဟုတ်ပါ။ စိတ်ပါလက်ပါ ရေချိုးပေးကာ ကုသိုလ်ယူတတ်သည်။ သူ၏အားတက်သရော ကူညီမှုကြောင့် အိမ်ရှင်က ငွေကြေး၊ ပစ္စည်း မည်သည့်အရာ ပေးပေး လုံးဝလက်မခံပါ။ သူ့ဝါသနာ၊ သူ့စေတနာဖြင့်သာ အယုတ်အလတ်အမြတ်မရွေး လုပ်ပေးသွားပါသည်။

ထို့ပြင် အသုဘမြေချရန် သင်္ချိုင်းသို့ ထမ်းစင်ဖြင့် သယ်ရာတွင်လည်း ကျောက်ဖြုံးသန်းမြင့်ကြီးသည် ကိုယ်တိုင်ထမ်းကာ ပါဝင်လေ့ရှိသည်။ အကယ်၍ တစုံတယောက် သေဆုံးသည်ကို သန်းမြင့်ကြီးမသိ၍ မလာလျှင်လည်း သွားခေါ်ပါက ချက်ချင်းလိုက်လာသည်။ ထို့ကြောင့်ပင် လူသေလျှင် သန်းမြင့်ကြီး သွားခေါ်-ဟူ၍ ဆိုစမှတ်ပြုလာပါသည်။

ဤနေရာတွင် သန်းမြင့်ကြီး တခန်းရပ်၍ ကျွန်တော့်အသိ ဆေးဆရာလင်မယားနှစ်ဦးအကြောင်း တင်ပြလိုပါ သည်။ ဂျပန်နိုင်ငံသို့ ၃-၄ နှစ် သွားရောက်ခဲ့ပြီး တလောကပြန်လာကြသည်။ သိန်းပေါင်းများစွာ စုမိဆောင်းမိ လာကြသည်။ ဆေးကုသ၍ ရလာခြင်း မဟုတ်ပါ။ ဂျပန်နိုင်ငံတွင် လူသေလျှင် ရေချိုးပေးရသော စရိတ် ကြီးမားသည်ဟု ဆိုပါသည်။ ယင်းအလုပ်ကို လုပ်ကိုင်လိုသူလည်း နည်းဟန်တူသည်။ အသိ ဆေးဆရာ လင်မယားမှာ ကုသိုလ်လည်းရ ၀မ်းလည်းဝ-ဟု သဘောထားကာ ယင်းအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ကာ ကြီးပွားလာခြင်း ဖြစ်သည်။

ဤအဖြစ်ကို သိရသောအခါ ကျောက်ဖြုံးသန်းမြင့်ကြီးကို သတိရမိသည်။ အသုဘကုသိုလ်ရှင် ကျောက်ဖြုံးသန်းမြင့်ကြီးသည် ယနေ့တိုင် ချောက်မြို့တွင် အသက်ထင်ရှား ရှိပါသည်။ ရေနံလုပ်သားဘ၀မှ ပင်စင်ယူပြီး ဆင်းရဲနွမ်းပါးစွာဖြင့် စားသောက်နေထိုင်လျက် ရှိပါသည်။ သို့သော် ယနေ့တိုင် ရပ်မှုရွာမှု အကျိုးပြုနေသည့်အပြင် အသုဘများကို စေတနာ့ဝန်ထမ်း ရေချိုးပေးလျက်ပင် ရှိပါသည်။

အတိတ်ကံအကျိုးပေး မကောင်း၍သာ ယခုဘ၀တွင် ဆင်းရဲနွမ်းပါးနေရသည်။ သို့သော် ယခု သူပြုနေသော ပစ္စုပ္ပန်ကုသိုလ် အကျိုးပေးသတ္တိကား ဘ၀ဆက်တိုင်း ကောင်းကျိုးချမ်းသာကိုသာ ဆက်ကာဆက်ကာ ပေးနေမည်မှာ ဧကန်ဖြစ်ပါသည်။

စိုးဝင်း (ချောက်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

No comments: