Friday, September 3, 2010

ဗုဒ္ဓ နှင့် ရောင်ခြည်တော်

အမေရိကန်လူမျိုး ဗုဒ္ဓဘာသာဝင် အငြိမ်းစားဗိုလ်မှူးကြီး အော်လကော့ (၁၈၃၂-၁၉၀၇) သည် ဗုဒ္ဓတရားတော် ပြန့်ပွားရေးကို အထူးဆောင်ရွက်ခဲ့သူ နိုင်ငံခြားသားတဦး ဖြစ်သည်။ ယခုခေတ်တွင် အသုံးပြုနေသော သာသနာ့အလံတော်သည် အော်လကော့၏ အကြံပေးချက်အရ ရောင်ခြည်တော် ၆-ပါးကို ဖော်ကျူးထားသော အလံတော်ဖြစ်သည်။

ရောင်ခြည်တော်နှင့်ပတ်သက်သော အောက်ပါဖော်ပြချက်မှာ အော်လကော့ အင်္ဂလိပ်ဘာသာဖြင့်ရေးသော ဗုဒ္ဓဘာသာ အမေး-အဖြေကျမ်း-တွင် ဖော်ပြချက်ဖြစ်သည်။ ယင်းကို ဆရာမင်းယုဝေ-က သူ၏ အတ္ထုပ္ပတ္တိထူး စာအုပ်တွင် ဖော်ပြရာ ယင်းစာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

(မေး)
ဗုဒ္ဓသည် မိမိကိုယ်တော်မှထွက်သော ရောင်ခြည်တော်အကြောင်းကို မည်သည့်ဒေသနာ၌ ဟောကြားပါသနည်း။
(ဖြေ)
မဟာပရိနိဗ္ဗာနသုတ်တွင် ဟောကြားတော်မူပါသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓဘုရားရှင်၏ ကိုယ်တော်မှ ရောင်ခြည်တော်ထွက်သည်ကို ဖူးမြင်ရပါသည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်က ဤထူးဆန်းသော ရောင်ခြည်တော်သည် မိမိကိုယ်တော်မှ နှစ်ကြိမ်ထွက်ကြောင်း၊
ဉာဏ်အလင်းရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်သောအခါ ကိုယ်တော်မှ ပထမအကြိမ် ရောင်ခြည်တော်ထွက်ကြောင်း၊ ထို့နောက် ပရိနိဗ္ဗာန်စံယူမည့်ညတွင် ဒုတိအကြိမ် ရောင်ခြည်တော်ထွက်ကြောင်း မိန့်မြွက်ပါသည်။

(မေး)
ဥရောပတိုက်သားများ ဤရောင်ခြည်တော်ကို အင်္ဂလိပ်ဘာသာဖြင့် မည်သို့ခေါ်ကြပါသနည်း။
(ဖြေ)
(The human aura) ဟူ၍ ခေါ်ကြပါသည်။

(မေး)
လူ့ကိုယ်၌ ဤထူးဆန်းသော ရောင်ခြည်များ အမှန်တကယ် တည်ရှိကြောင်း သိပ္ပံဆရာများ ကိုယ်တိုင်သေချာစွာ စမ်းသပ်စစ်ဆေးကြည့်ခဲ့ဖူးပါသလား။
(ဖြေ)
စမ်းသပ်ကြည့်ခဲ့ဖူးပါသည်။ ဂျာမန်သိပ္ပံဆရာကြီး ဗွန်ရိုက်ခင်းဘတ် (Von Reichenbach) သည် သေချာစွာ စမ်းသပ်ကြည့်ရာတွင် တွေ့ရှိခဲ့ကြောင်းကို ၁၈၈၄-ခုနှစ်တွင် ထုတ်ဝေသော သူ၏ သုတေသနစာတမ်းတွင် ဖော်ပြထားပါသည်။ ထို့ပြင် ပါရီမြို့မှ သိပ္ပံဆရာကြီး ဒေါက်တာဘာရာဒူး (Dr.Baraduc) သည် ထိုရောင်ခြည်ကို ဓာတ်ပုံရိုက်ကူး၍ပင် မှတ်တမ်းပြုခဲ့ပါသည်။

(မေး)
ဤထူးခြားသော အရောင်များသည် သဘာဝအလျောက်ကို တည်ရှိပါသလော၊ သို့တည်းမဟုတ်-ဖန်ဆင်းသည့်အရာ ဖြစ်ပါသလော။
(ဖြေ)
ဖန်ဆင်းသည့်အရာ မဟုတ်၊ သဘာဝအလျောက် ဖြစ်ပါသည်။ လူသားတို့၌သာမက သစ်ပင်များ၊ ကျောက်တုံးများတွင်လည်း အရောင်များရှိတတ်ပါသည်။

(မေး)
ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် ရဟန္တာတို့ကိုယ်မှ ထွက်ပေါ်ထွန်းလင်းသော ရောင်ခြည်တော်သည် အခြားသူနှင့် အခြားအရာတို့မှ ထွက်ပေါ်သောအရောင်များနှင့် မည်သို့ ခြားနားပါသနည်း။
(ဖြေ)
ဗုဒ္ဓဘုရားရှင်နှင့် ရဟန္တာတို့ကိုယ်မှ ထွက်သော ရောင်ခြည်တော်များသည် အခြားသူများနှင့် အခြားအရာများမှ ထွက်သော အရောင်များထက် သာလွန်ထူးကဲစွာ တောက်ပခြင်း၊ အလင်းရောင်ပိုမို ကျယ်ပြန့်ခြင်း ရှိပါသည်။ ဤသို့ဖြစ်ရသည်မှာ ဗုဒ္ဓနှင့် ရဟန္တာတို့၏ ထူးကဲသော ပညာဉာဏ်တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ကိန်းဝပ်စံပယ်ရာ ပုထိုးစေတီများမှလည်း ရောင်ခြည်တော်များ ထွက်ပေါ်သည်ကို ဖူးမြင်ခဲ့ကြရပါသည်။
အကိုး။ ။ အတ္ထုပ္ပတ္တိထူး (မင်းယုဝေ)

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: