Friday, September 10, 2010

ဆီးချိုသမား

ရောဂါတခုဖြစ်လာလို့ ဆရာဝန်ပြရပြီဆိုမှဖြင့် ဓာတ်ခွဲခန်းတွေကိုလည်း မလွဲမသွေ သွားရတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ လူနာတယောက်ရဲ့ ရောဂါကို အသေးစိတ် စစ်တမ်းကောက်ယူမှုဟာ ဓာတ်ခွဲခန်းက စမ်းသပ်ချက်တွေ မပါဘဲနဲ့ မပြည့်စုံလို့ပါဘဲ။
ကျွန်တော်တို့ ဆီးချိုသမားတွေ အမြဲတမ်းမကြာခဏ အဓိကစစ်ဆေးကြည့်နေရမှာက ဆီးနဲ့သွေးပါပဲ။ အင်္ဂလိပ်လို URINE လို့ခေါ်တဲ့ ဆီးကို R/E အနေနဲ့ စစ်ရင် ခုဆို နှစ်ရာလောက်ကျပါတယ်။ U-R/E ကို ဓာတ်ခွဲခန်းတွေမှာ အတိုကောက်ရေးထားတာ URINE- ROUTIONG EXA-MINATION ပါပဲ။

ဟိုတုန်းက BPL ယခု MPF က သကြားဓာတ်စစ်ဆေးတဲ့ဆေးရည် Benedict Solution ဟာ ပြာလဲ့လဲ့အရောင်လေးတွေ ရှိပါတယ်။ ခုလာတဲ့ဆေးရည်တွေက အစိမ်းနုရောင်လေးတွေ သန်းနေပါတယ်။ အမှန်က Tube ထဲကို အဲဒီဆေးရည် 5CC ထည့် အစက်ချစုတ်တံနဲ့ ဆီးကို ၈-စက်ထည့်ပြီး အောက်ကမီးနဲ့ အပူပေးစစ်ရမှာပါ။ တချို့ဓာတ်ခွဲခန်းတွေမှာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ပြီး စစ်ဆေးပေးပါတယ်။ ဒါပေမဲ့ ခုဓာတ်ခွဲခန်းတွေမှာ 5CC မဟုတ်ပဲ သူ့တ၀က်လောက်ပဲ ဆေးရည်ထည့် ဆီးကို ၄-စက်ဘဲထည့်ပြီး စစ်လို့ရတဲ့အဖြေသာ လူနာတွေကို ပေးနေတာပါ။

အထူးကုဆေးခန်းတခုမှာ ကျွန်တော်ပြောသလိုပဲ ဆေးရည်တ၀က်မှာ ဆီးက လေးစက်ထည့်ပြီး အောက်က အရက်ပြန်မီးနဲ့ အပူပေးလို့ ဆေးရည်တွေခန်းခြောက်သွားတာ ကျွန်တော်မြင်တော့ ဟ-ဒီအတိုင်းဆို နင်တို့ ရေးပေးနေတဲ့ အဖြေတွေက မှန်ပါ တော့မလား-လို့ ကျွန်တော်ကပြောတော့ ဓာတ်ခွဲခန်းက ကောင်မလေး မျက်စိမျက်နှာ ပျက်သွားပါတယ်။ ကြားဖူးကြမှာပါ ရောဂါတမျိုးတည်းကိုပဲ ဓာတ်ခွဲခန်းလေးခုသွားစစ်တာ အဖြေလေးမျိုးထွက်နေတာပါ။ ကျွန်တော့မျက်စိကို ဆေးရုံကကွန်ပျူတာနဲ့ စစ်တော့ အဖြေကတမျိုး ဆရာဝန်က သူ့ဆေးခန်းကို ခေါ်သွားပြီး သူ့ဆေးခန်းက ကွန်ပျူတာနဲ့ ပြန်စစ်တော့ တမျိုးမို့ အဖြေကလည်း တမျိုးစီထွက်နေပါလား-လို့ ကျွန်တော်ကပြောတော့ စစ်ဆေးတဲ့လူမျိုးခြားက ပြန်ပြောပါတယ်။ ဒီလောက်တော့ ရှိမှာပေါ့တဲ့။

တချို့ကျတော့လည်း ဆီးချိုသွေးချိုတွေကို စစ်ပေးပြီး အဖြေကို ရေးထားတဲ့ ဂဏန်းတွေက ရုပ်ရှင်ရုံတွေ ထဲမှာ ထိုင်ခုံနံပါတ်ရေး ထားသလို သဲသဲကွဲကွဲ ဖတ်မရပါဘူး။ ဆရာဝန်တွေက ဒီဂဏန်းတွေကိုကြည့်ပြီး လူနာတွေကို ဆေးဘယ်လောက်စားလို့ ညွှန်ကြားပေးမှာမို့ တွေးကြည့်တိုင်း ရင်လေးစရာကောင်းလှပါတယ်။ ဆီးချိုရော သွေးချိုကိုပါ တခါတည်းရောစစ်ရင် တချို့ဓာတ်ခွဲခန်းတွေက အခုဆို ငါးရာကျပ်၊ ခြောက်ရာကျပ် လောက်ပဲ ယူပေမယ့် တချို့ သိပ်စီးပွားရေးဆန်တဲ့ ဓာတ်ခွဲခန်းတွေကတော့ တထောင်ကျော်လောက် ယူပါတယ်။ ဘာဆေးတွေနဲ့ ဘယ်လိုစစ်သလဲတော့မသိ အဖြေကလည်း သူတို့ချိန်းတဲ့အချိန်မှ ကိုယ်က တကူးတကသွားပြန်ယူရတာကိုး။
*****************************************************************************************************

ဆီးချိုရောဂါကို ထိန်းချုပ်ကုသရာမှာ ၁၂-နာရီ အစာမစားဘဲ နေခိုင်းပြီး တိုင်းတဲ့သွေးထဲက သကြားအဆင့်ကို (၇၀-၁၂၀) မီလီဂရမ် သွေး(၁၀၀) မီလီမီတာနဲ့ အဖြစ်နိုင်ဆုံးနီးနီး အမြဲတမ်း ထိမ်းထားနိုင်ဖို့ လိုပါတယ်။
ဒါကြောင့် သွေးထဲမှာ သကြားဓာတ်ပါရှိတဲ့နှုန်းကို စစ်ဆေးတဲ့အခါမှာ တညလုံး အချိုဓာတ်မစားဘဲ မနက်အိပ်ရာထချိန်မှာ တိုင်းတော့ သွေးထဲရှိအချိုဓာတ် Fasting Blood Gulcose ပမာဏသည် 8M Moilထက်ကျော်လျှင် ဆီးချိုရှိတယ်။ 6M Moilထက်နည်းလျှင် ဆီးချိုမရှိဆိုတာကို ကျွန်တော်တို့လူနာတွေ ယေဘုယျသိထားရပါမယ်။

လူနာတဦးတွင် မနက်အိပ်ရာထ မည်သည့်အစာမျှ မစားခင် သွေးထဲရှိ သကြားဓာတ် Fasting Blood Glucose သည် 8M Moil ထက်များလျှင်၊ သို့မဟုတ် နေ့လယ်နေ့ခင်း အစာစားပြီး တိုင်းသော သွေးထဲရှိ သကြားဓာတ် Random Blood Glucose သည် 11M Moil ထက်များလျှင် ဆီးချိုရောဂါရှိနေပြီလို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ လူနာတွေ သိမ်းထားရတဲ့ ဆီးချို သွေးချို စစ်ချက်မှတ်တမ်း စာအုပ်လေးတွေထဲမှာ ဓာတ်ခွဲခန်းက ဆရာတွေရေးမှတ်ထားတဲ့ Refvalue(F) ၆၅-၁၈၀ mg တချို့ကလည်း ၇၀-၁၂၀ အတွင်းပေါ့ 3.7-6.2 M Moil အတွင်းရအောင် ထိန်းထားနိုင်ရပါမယ်။ (R) ဆိုရင် ၆၅-၁၈၀ mg တချို့ကလည်း ၉၀-၁၈၀ အတွင်းပေါ့။ 3.7 ကနေ 10.0 M Moil အတွင်းရအောင် ထိန်းနိုင်ရပါမယ်။ (F) Fasting (R) က Random ကို ဆိုလိုတာပါ။

င်္Fasting ကိုပဲစစ်စစ် ၊ Random ကိုပဲစစ်စစ် ဒီလို သူ့သတ်မှတ်ချက်အတွင်း ရှိနေအောင် အစားအသောက်ကို ဆင်ခြင်စားသောက်ရပါမယ်။ အစားအသောက်ဟာ ဆီးချိုရောဂါဝေဒနာရှင်များအတွက် အရေးကြီးဆုံးသော ကဏ္ဍမှာရှိပါတယ်။ အစားအစာမစားသောက်ဘဲ လိုအပ်တဲ့သကြားဓာတ် မပေးပါက လူဟာအသက်ရှင်မည် မဟုတ်ပါ။ သကြားဓာတ်ကို လိုအပ်သည်ထက် မပိုရန်သာ အဓိကဖြစ်ပါတယ်။

ဆီးချိုရောဂါကုသရာမှာ အစားအသောက်ဆင်ခြင်မှုဟာ အမာခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီအစားအသောက် ဆင်ခြင်မှုကို ခဏတဖြုတ်လောက်ပဲ လုပ်လို့မရပါဘူး။ ကာလအပိုင်းအခြား အကန့်အသတ်မရှိ ကျင့်သုံး သွားရမယ့် လမ်းစဉ်ဖြစ်ပါတယ်။

ဆီးချိုသမားတယောက်အနေနဲ့ အဆီစားသုံးမှုကို တတ်နိုင်သမျှ ရှောင်ရန်လိုပါတယ်။ စားသုံးဆီနှင့် အခြားဆီများကို ဆီးချိုရောဂါ၏ ရန်သူသဖွယ် မှတ်ယူထားနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ အချိန်လွန်မှ စားသောက်ခြင်းနှင့် အကြော်အလှော်နဲ့ ပရိုတင်းများတဲ့ အစားတွေကိုလည်း ရှောင်ပါ။

ဒါကြောင့် ဆီးချိုရောဂါမဖြစ်သေးသူတွေအဖို့ မိမိနေ့စဉ် စားသောက်နေသည့် အစားအသောက်များကို သတိကြီးစွာနှင့် သာမန်ထက်မပိုအောင် စားသောက်ခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အစားအသောက်လွန်ကြူးခြင်းဟာ သာမန်ထက်ပိုဝနေခြင်းများကြောင့် အင်ဆူလင်ကိုလည်း ဖြုန်းတီးရာ ရောက်ပါတယ်။

ကျွန်တော်တို့လို ဆီးချိုသမားများအဖို့ ဆီးချိုကို ထိန်းသိမ်းသည့် ပုံစံသည် သုံးချောင်းထောက် ခွေးခြေခုံလေး တလုံးနဲ့တူပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို-
၁။ မိမိတို့နဲ့ သင့်တင့်မယ့်အစာမျိုး စားခြင်းဖြင့် ဓာတ်စာသဘောမျိုး ဖြစ်ပါတယ်။
၂။ လေ့ကျင့်ခန်းတခုအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်ရပါမယ်။
၃။ ဆေးဝါးအဖြစ် အင်ဆူလင်၊ သို့မဟုတ်-ဆီးချိုသောက်ဆေး အစရှိသည်တို့ဟာ ခြေထောက်သုံးချောင်း ဖြစ်ပါတယ်။ ခြေထောက်တချောင်း ကျိုးသွားရင် ခွေးခြေခုံလည်း လဲပြီပေါ့။

လေ့ကျင့်ခန်းဟာ အသည်းနဲ့ ပန်ကရိယတို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကိုလည်း တိုးတက်စေပါတယ်။ အမြန်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းမှန်မှန် ပြေးခြင်းနဲ့ ယောဂကျင့်စဉ်တို့လို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများဟာ သိပ်အကျိုးရှိပါတယ်။
********************************************************************************

လျှာပေါ်ဝဲမယ့် တဒင်္ဂ အရသာလေးကိုသာကြည့်ပြီး အစားအသောက်တွေကို မဆင်မခြင်စားသုံးကြမယ် ဆိုလျှင် အချိန်ကာလ ကြာမြင့်လာသောအခါ ဆီးချိုသမားများသည် အတွင်းတိမ်၊ သို့မဟုတ်-ရေတိမ် ဖြစ်လာနိုင်ပါတယ်။ အဓိက အဖြစ်များသည်ကတော့ မျက်လုံး၏ နောက်ဘက်ရှိမြင်လွှာ (Retina) ၏ သွေးကြောမျှင်များပျက်စီးမှု ဖြစ်ပါတယ်။ ဆီးချိုရောဂါကို အနည်းဆုံး ၂၅-ရာခိုင်နှုန်းခန့် ခံစားခဲ့ရသူများ၏ ၇၀-ရာခိုင်နှုန်းမှာ တွေ့ရတတ်ပါတယ်။ ဆီးချိုသက် ၂၅-နှစ် ကျော်လာသော ရောဂါရှင်များတွင် ၆၅-ရာခိုင်နှုန်းခန့်သည် နာဗ်ကြောပျက်စီးမှု အထူးသဖြင့် ခြေထောက်ပိုင်းတွင်း ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ခြေထောက်နဲ့မတော်ဘဲ ကျပ်နေတဲ့ဖိနပ်များကို မစီးမိဖို့ သတိထားရပါမယ်။ ဖိနပ်ကျပ်ကျပ်များကို စီးမိပါက သွေးအသွားအလာ မကောင်းသဖြင့် ခြေမ,ပုပ်ခြင်း၊ ခြေထိပ် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ အနာဖြစ်လျှင် ပစ်မထားဘဲ ဂရုတစိုက်ပြုစုရပါမယ်။

ပြီးတော့ ဆီးချိုသမားတွေမှာ ဖြစ်နိုင်တဲ့ မျက်စိရောဂါ အကြောင်းတွေကို ရေးပြပါဦးမယ်။
ဆီးချိုရောဂါဟာ မျိုးရိုးလိုက်ပြီးဖြစ်တာ ရှိသလို အစားအသောက်ကို ခန္ဓာကိုယ်အတွက် လိုအပ်တာထက် ပိုမိုစားသုံးတဲ့အတွက် ကိုယ်အလေးချိန်တွေ တက်လာပြီး အလွန်ဝလာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု နည်းလာတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာတတ်ပါတယ်။ သွေးထဲမှာ လိုအပ်တာထက် ပိုနေတဲ့ အချိုဓာတ်တွေကို ကျောက်ကပ်က တာဝန်ယူပြီးတော့ ဆီးထဲကတဆင့် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို ထုတ်ပစ်လိုက်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရသူတဦးရဲ့ သွေးချိုနှုန်း အနည်းအများကိုပါလိုက်ပြီး မျက်မှန်ပါဝါအပြောင်းအလဲ ဖြစ်တတ်ပါတယ်။ သွေးထဲမှာ အချိုဓာတ်ပါဝင်မှုနှုန်း များလာရင် မျက်စိမှာ အနုတ်ပါဝါတိုးလာပြီး အစာကို ထိန်းဆေး စားခဲ့လို့ သွေးထဲမှာအချိုဓာတ် ပြန်နည်းသွားရင် အပေါင်းပါဝါဘက် ပြန်ပြောင်းသွားပါတယ်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုကတော့ ဆီးချိုရောဂါသည်များ အနေနဲ့ သက်တူရွယ်တူ ဆီးချိုရောဂါ မရှိသူများနှင့် နှိုင်းစာလျှင် အတွင်းတိမ် (Cataract) စောစောဖြစ်တတ်ပါတယ်။ သက်ငယ် ဆီးချိုရောဂါရှိတဲ့ လူနာဟာ ဆီးချိုရောဂါ စတင်ဖြစ်ပွားပြီး ၁၀-နှစ်နဲ့ အနှစ် ၂၀-အတွင်းမှာ အတွင်းတိမ် ဖြစ်တတ်ပါတယ်။

နောက်ထပ်ဆီးချိုရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အရေးကြီးသော နောက်ဆက်တွဲ ဆိုးကျိုးတခုက ဆီးချိုရောဂါကြောင့် ရေတိမ်ရောဂါ ဖြစ်လာတတ်ပါတယ်။ ဆီးချိုရောဂါကြောင့် အဲဒီလိုဖြစ်လာတဲ့ ရေတိမ်အမျိုးအစားဟာ အလွန်ဆိုးရွားပြီး ကြောက်စရာကောင်းလှပါတယ်။

ဆီးချိုရောဂါ စတင်ဖြစ်ပွားတဲ့ ရောဂါသက်တမ်း နှစ်ပေါင်း ၂၀-ကျော်လာရင် ၆၀-ရာခိုင်နှုန်းမှ ၇၀-ရာခိုင်နှုန်းရဲ့ အမြင်အာရုံလွှာတွေဟာ ပျက်စီးယိုယွင်းပြီး မျက်စိကွယ်သွားတာဟာ အသက်ကြီးမှ ဆီးချိုရောဂါဖြစ်လာတဲ့ လူနာတွေအဖြစ်များပါတယ်။ သွေးချိုကို စနစ်တကျထိန်းချုပ်မထားသူများအနေနဲ့ကတော့ ပိုမိုလျင်မြန်စွာ မျက်စိကွယ်သွားနိုင်ပါတယ်။ မျက်စိရောဂါကို ကာကွယ်ရန် နည်းလမ်းမှာ ဆီးချိုသမားများဟာ ခြောက်လ၊ သို့မဟုတ်-တနှစ်လျှင် အနည်းဆုံး တကြိမ် မျက်စိအထူးကုသမားတော်နှင့် ပြသစစ်ဆေးသင့်ပါတယ်။
**************************************************************************************

ကဲ-အဲဒီဝေဒနာမျိုေးတွ စောစောစီးစီး မခံစားချင်ရင်တော့ ဆီးနဲ့သွေးကို မှန်မှန်စစ်ပြီး အင်ဆူလင် ထိုးတန်ထိုး၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားသလို သောက်ရပါမယ်။ အကြောင်းကတော့ ဆီးချိုရောဂါဟာ ဂရုမစိုက်လျှင် ကြောက်စရာကောင်းလို့ပါပဲ။ ဂရုစိုက်ပြီး ကောင်းစွာထိမ်းသိန်းနိုင်ရင်တော့ ကြောက်စရာမလိုတော့ပါဘူး။ ဆီးချို သက်တမ်း ၁၀-နှစ်ကျော်လာလျှင် ဆီးချိုရောဂါ ကြာရှည်လာရင် ကျောက်ကပ်ကို ရောဂါရလာစေနိုင်ပါတယ်။

ကျွန်တော်ကတော့ လောလောဆယ် အင်ဆူလင်အပေါ် မမှီခိုရသေးတဲ့ ဆီးချိုရောဂါသည် အမျိုးအစား ၂-ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေရဲ့ အများဆုံး တိုက်ကျွေးနိုင်တဲ့ ပမာဏကို တိုက်ကျွေးပေမယ့် အကျိုးမထူးတော့တဲ့အခါမှာ အင်ဆူလင်ထိုးပေးဖို့ လိုအပ်လာပါတယ်။ ဒါကလည်း သွေးထဲက သကြားဓာတ် အဆင့်တွေကို ထိန်းချုပ်နိုင်ဖို့ပါပဲ။ အဲ-တချက်သတိထားဖို့ကတော့ အင်ဆူလင်ထိုးနေရတဲ့ အခြေအနေ ရောက်လာပြီးမှတော့ ဆေးပြန်စားလို့ မထိရောက်နိုင်တော့ဘူးဆိုတာပါပဲ။

အခု ကျွန်တော်သောက်နေတဲ့ Diabena တို့ Reclide တို့ဆိုတာ Glicalazide အုပ်စုကတော့ Sulphonylurea ဆာဖိုနိုလ်ယူရီးယားအုပ်စုဝင် ဆေးတွေပါပဲ။ သူနဲ့မထိန်းချုပ်နိုင်လို့ Biguanide ဘိုင်ဂါနိုက်အုပ်စုဝင် Metro-Rmin မက်ဖော်မင်ကို တွဲစားရကတည်းက ကျွန်တော်တို့လူနာတွေ သတိထားရမယ့်အဆင့် ရောက်ပါပြီ။ နို့မဟုတ်လို့ကတော့ မကြာခင် အင်ဆူလင်ထိုးဖို့ လိုလာတော့မှာပါ။

ဆာဖိုနိုင်လ်ယူရီးယား အုပ်စုဝင်ဆေးတွေဟာ အင်ဆူလင်ကို မမှီခိုရတဲ့ ဆီးချိုရောဂါကို ကုသတဲ့နေရာမှာ ပထမဆုံးရွေးချယ်လေ့ရှိကြတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေဟာ မလိုလားအပ်တဲ့ ဘေးထွက်အကျိုး သက်ရောက်မှု Side-Effects တွေ နည်းပါတယ်။

အစာစားပြီး နှစ်နာရီအကြာမှာ သွေးထဲကသကြားအဆင့်တွေကို လျော့ကျစေရာမှာ အကောင်းဆုံးရလဒ်ကို ရရှိစေဖို့အတွက် ပုံမှန်အားဖြင့် Sulphonylurea ကို အစာမစားမီ နာရီဝက်လောက်အလိုမှာ စားဖို့ ညွှန်ကြားလေ့ရှိပါတယ်။

Biguanide ဘိုင်ဂွါနိုက်တွေဟာ တချို့လူနာတွေမှာ မောပန်းနွမ်းနယ်တာ၊ ကြွက်သားတွေ အားနည်းတာ ကိုယ်အလေးချိန် အရမ်းကျသွားသာတွေလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံး၊ အသည်း၊ သို့မဟုတ်-ကျောက်ကပ် ရောဂါတွေရှိရင် ပုံမှန်အားဖြင့် ဒီဆေးတွေညွှန်းလေ့မရှိပါဘူး။ ဆာဖိုနိုင်လ်ယူရီးယားဆေးတွေနဲ့ သွေးထဲက သကြားဓာတ် မြင့်မားမှုကို ထိရောက်အောင် မထိန်းချုပ်နိုင်တဲ့အခါမှာ ဘိုင်ဂွါနိုက်ကို ဆာဖိုနိုင်လ်ယူရီးယားနဲ့ တွဲပေးတတ်ပါတယ်။

ကဲ-နိဂုံးချုပ်ရရင် ကျွန်တော်ပြောခဲ့သလိုပဲ ဆီးချိုကို ထိန်းသိမ်းပုံစံဟာ သုံးချာင်းထောက် ခွေးခြေခုံကလေး တလုံးနဲ့တူပါတယ်။ ဓာတ်စာ ကိုယ်လက်လှုပ်ရှားမှု အင်ဆူလင်၊ သို့မဟုတ်-ဆီးချိုသောက်ဆေး အစရှိသည်တို့ဟာ ခြေထောက်သုံးချောင်း ဖြစ်ပါတယ်။ အဲ-ခြေထောက်တချောင်း ကျိုးသွားရင် ခွေးခြေခုံလေးလည်း လဲတော့မယ်ပေါ့။

ဒီတော့ ပါးစပ်အလိုကို အရမ်းမလိုက်ကြပါနဲ့။ တပိုင်တနိုင် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးကြပါ။ အဲ-လေ့ကျင့်ခန်းလုပ်ဖို့ သုံးရက်ဆက်တိုက် ပျက်ကွက်ရင် လေ့ကျင့်ခန်းကြောင့် ရရှိထားတဲ့ အကျိုးကျေးဇူးတွေ ဆုံးရှုံးသွားတတ်ပါတယ်။ ခရီးဝေးသွားလည်း လုံလောက်တဲ့ဆေးဝါးလေးတွေ ယူဆောင်သွားကြပါ။ ဘာကြောင့်လဲဆိုတော့ ဆီးချိုရောဂါဟာ ထိပ်တန်း စားရင်းဝင် လူသတ်ရောဂါ ဆယ်မျိုးအနက် တမျိုးဖြစ်လို့ပါပဲ။

မောင်ငွေလှိုင် (အဲယား)
(ငွေတာရီ ၂၀၀၃-ခု ဖေဖော်ဝါရီလ)

No comments: