Monday, September 13, 2010

တုပ်ကွေးအဖျားကို ကာကွယ်နည်း

မိုးအကုန် ဆောင်းအကူးကာလမှာ လူတော်တော်မျာများ တုပ်ကွေးမိတတ်ကြပါတယ်။ တချို့ပုဂ္ဂိုလ်များက နှစ်စဉ်နှစ်တိုင်း ဒီအချိန်ရောက် တုပ်ကွေးဖျားတတ်ကြပါတယ်။ တုပ်ကွေးကို ကာကွယ်နိုင်မယ့်နည်းလမ်း မရှိတော့ဘူးလား မေးလာရင် မိမိကိုယ်တိုင် ဆောင်ရွက်ခြင်းအားဖြင့် တုပ်ကွေးသံသရာကနေ လွတ်ကင်းနိုင်တယ်လို့ ဆိုပါရစေ။ ဖူးငုံပွင့်သစ်များအနေနဲ့ ပွင့်လင်းရာသီမှာ အလည်အပတ်များရင်း တုပ်ကွေးမမိကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(သကြားကို ရှောင်ပါ)
သကြားဓာတ်က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ခုခံကာကွယ်အားကို ရုတ်ချည်းဆိုသလို ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ခုခံကာကွယ်အား တောင့်တင်းမှသာ ပြင်ပမှာ ဝင်ရောက်လာမယ့် ဗိုင်းရပ်စစ်များကို ခုခံတိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက် ကိုယ်ခံအား မကျဆင်းဖို့ လိုအပ်ပါတယ်။ သကြားကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး စားသုံးမယ်ဆိုရင် မိမိခန္ဓာကိုယ်အင်အားဟာ ပိုမိုတောင့်တင်းလာပြီး တုပ်ကွေးအဖျားကိုပါ ကာကွယ်နိုင်တဲ့အင်အား ရှိလာနိုင်ပါလိမ့်မယ်။

သကြားဆိုတဲ့နေရာမှာ စားကုန်များမှာသာ ပါတာမဟုတ်ပါဘူး။ အချဉ်ရည်လိုမျိုး ဖျော်ရည်များမှာပါ ပါဝင်ပြီး သစ်သီးဖျော်ရည်များမှာလည်း သကြားဟာ လိုအပ်ချက်တခုအနေနဲ့ ပါဝင်တတ်စမြဲပါ။

(လုံလောက်တဲ့ အနားယူမှု ရှိပါစေ)
တနေကုန် တနေခန်း မိမိအလုပ်တာဝန်များကို စိတ်ရောကိုယ်ပါ ထမ်းဆောင်လိုက်ရတဲ့အတွက် မောဟိုက်ပင်ပန်းနေပါသလား။ အဲဒီလိုဖြစ်နေမယ်ဆိုရင် ပြင်ပမှဝင်လာမယ့် ဗိုင်းရပ်စစ်များကို ခုခံတိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် မှန်မှန်နားပြီး အလုပ်လုပ်ခြင်းက ခန္ဓာကိုယ် အင်အား ယုတ်လျော့စေခြင်းမှ အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။ အချိန်မှန်မှန် အိပ်ခြင်းကလည်း ခွန်အားတိုးပွားစေပါတယ်။

( ကြက်သွန်ဖြူ မှန်မှန်စားပါ)
ကြက်သွန်ဖြူက ဘက်တီးရီးယားများကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။ ကြက်သွန်ဖြူ စားသုံးရာမှာ လတ်လတ်ဆတ်ဆတ် အခွံခွါပြီး စားသုံးတာက အချဉ်ရည်စိမ်ထားတဲ့ ကြက်သွန်ဖြူကို စားသုံးခြင်းထက် ထိရောက်မှု ရှိပါတယ်။ လတ်ဆတ်တဲ့ ကြက်သွန်ဖြူကို စားလိုက်မယ်ဆိုရင် ၀မ်းထဲမှာ နာရီပိုင်းအတွင်း ကြေညက်လွယ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ပြုလုပ်ထားတဲ့ ဆေးလုံးများဟာ တကယ်တော့ အာနိသင် အပြည့်အဝမရှိတဲ့အတွက် မသုံးသင့်ဘူးလို့ ပညာရှင်များက ယူဆကြပါတယ်။ ကြက်သွန်ဖြူ လတ်လတ်ဆတ်ဆတ်ကို စားမယ်ဆိုရင် ဇွန်းနဲ့ဖိလိုက်ပြီးမှ စားခြင်းက ပိုပြီး အစာကြေလွယ်စေပါတယ်။ အဲဒီလိုမဟုတ်ရင် ကြက်သွန်ဖြူအရည်ကို တခြား အသီးအနှံ၊ ဟင်းသီးဟင်းရွက် အရည်များနဲ့ ရောစပ်ပြီး သောက်သုံးရင်လည်း ရပါတယ်။

ကြက်သွန်ဖြူနဲ့လူ တည့်တယ်ဆိုပေမယ့် ပြဿနာတခုကတော့ အနံ့ပြင်းခြင်းပါပဲ။ အဲဒီအားနည်းချက်ကလွဲရင် ကြက်သွန်ဖြူဟာ နေ့စဉ်စားသုံးသင့်တာ အမှန်ပါပဲ။ လူကြားသူကြား သွားရမှာမို့ ပါးစပ်နံမှာစိုးလို့ရှိရင် စားနေကျထက် အနည်းငယ်လျှော့ပြီး စားလို့ရပါတယ်။ ပါးစပ်မနံအောင် သွားတိုက်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ကြက်သွန်ဖြူဟာ လူတိုင်းနဲ့ သင့်တော်တယ် ဆိုပေမယ့် တချို့ပုဂ္ဂိုလ်များ ကြက်သွန်ဖြူစားပြီးရင် နေထိုင်မကောင်း ဖြစ်တတ်ကြပါသတဲ့။ အဲဒီလူများအတွက်ကတော့ ကြက်သွန်ဖြူဟာ သူတို့နဲ့မတည့်ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။

(အစဉ်အမြဲ စိတ်ပူပန် မနေပါနဲ့)
နေ့စဉ်နဲ့အမျှဆိုသလို လူတွေမှာ ပူပင်သောကတွေ ရင်ဆိုင်ကြရပါတယ်။ ဒါပေမယ့် ခံနိုင်ရည်ထက်ပိုပြီး သောကတွေပိုပြီးံစားရမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက ခုခံကာကွယ်နိုင်တဲ့ စွမ်းအားလည်း ကျဆင်းပြီး တုပ်ကွေးအဖျား ဝင်လာနိုင်ပါတယ်။ လူနာ ၉၀%တို့ဟာ အဖျားဝေဒနာနဲ့ ရောဂါများ ခံစားရခြင်းကို စမ်းစစ်ကြည့်မယ်ဆိုရင် သောကများသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် လူတယောက်အနေနဲ့ လိုအပ်တာထက်ပိုပြီး စိတ်ပူပန်မှု၊ စိုးရိမ်သောက မဖြစ်သင့်ပါဘူး။

(လက်ဆေးပါ)
မိမိလက်များကို ပုံမှန်ဆေးကြောပေးခြင်းအားဖြင့် လက်မှတဆင့် နှာခေါင်း၊ ပါးစပ် အစရှိတဲ့နေရာများသို့ ဗိုင်းရပ်စစ်များ ပြန့်သွားခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။ ခုခံကာကွယ်စွမ်းအား ထက်မြက်နေရင် ဘယ်ရာဂါမှ ဝင်မလာနိုင်တာမှန်ပေမယ့် လက်ဆေးခြင်းက ရောဂါဝင်လာနိုင်တဲ့ လမ်းကြောင်းတကြောင်းကို ကြိုတင်ကာကွယ်ပေးခြင်းနဲ့ တူပါတယ်။

ဒီနေရာမှာ တခုသတိပေးချင်တာက ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာများကို မသုံးသင့်ဘူးဆိုတဲ့ အချက်ပါပဲ။ တကယ်တော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာဆိုတာ လုံးဝမလိုအပ်တဲ့ ကိစ္စတခုပါ။ တခါတလေမှာ ဆေးကြောင့်လေး-ဆိုတဲ့ စကားလို အဲဒီဆပ်ပြာကြောင့် ပိုပြီးဆိုသွားတာတွေ ရှိတတ်ပါတယ်။ သာမန်ဆပ်ပြာကိုပဲ သုံးပြီး လက်ဆေးသင့်ပါတယ်။

တချို့ဂ္ဂိုလ်များက တုပ်ကွေးကာကွယ်ဆေးထိုးရင် မရဘူးလားလို့ မေးတတ်ကြပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဟာ တုပ်ကွေးအဖျားရောဂါကို ရှောင်တဲ့နည်းတခု မဟုတ်ပါဘူး။ ဒီဆေးထိုးထားတဲ့အတွက် တုပ်ကွေးမဖြစ်ဘူးဆိုတာကလည်း ပုံသေကားချပ် တွက်လို့မရတဲ့ကိစ္စပါ။

တုပ်ကွေးအဖျားဟာ လူကို သေစေလောက်အောင် မပြင်းထန်ဘူးလို့ ယူဆကြပေမယ့် တခါတလေ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် ဖူးငုံဆယ်ကျော်သက်များအနေဲ့ ခုလို ဆောင်းတွင်းကာလမှာ တုပ်ကွေး အဖျားရောဂါ မကျရောက်အောင် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ကြစေချင်ပါတယ်။

အယ်ဒီတာ
ဖူးငုံမဂ္ဂဇင်း
(၂၀၀၆-ဇန်နဝါရီလ)

No comments: