Wednesday, September 15, 2010

ရှေးအကျဆုံး စာကြည့်ပိဋကတ်တိုက်နှင့် သတင်းစာ

စာအုပ်စာပေ၏ ကိန်းအောင်တည်နေရာ ဂေဟာမှာ စာကြည့်တိုက်ပင်ဖြစ်သည်။ စာကြည့်တိုက်သည် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ်၊ မပါမဖြစ်သော လူထုဆက်ဆံရေးတရပ်ဖြစ်သလို ဝါဒဖြန့်လက်နက်ကောင်းလည်း ဖြစ်သည်။ စာသင်သားတဦးစီ၏ ပညာရေးတွင်လည်း တိုးတက်မှုအခွင့်အရေး ရစေရန် အထောက်အကူပေးနေသောအရာလည်း ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်သည် လူတိုင်းအတွက် အသိဉာဏ်ဖွံ့ဖြိုးမှုနှင့်စာပေရေးရာများတွင် ကျယ်ကျယ်ပြန့်ပြန့် အတိုင်းအဆမရှိ အထောက်အကူပြုလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ရှေးအကျဆုံး စာပေသိုလှောင်ရာ စာကြည့်တိုက်မှာ အနော်ရထာ ပိဋကတ်တိုက် ဖြစ်၏။ ပုဂံပြည်တွင် အနော်ရထာမင်း အုပ်စိုးနေစဉ် အရည်းကြီးအနွယ်ဝင် မဟာယာနဂိုဏ်းဝင်တို့ လွှမ်းမိုးနေ၏။ သထုံပြည်မှ ရှင်အရဟံမည်သော မဟာထေရ်ရောက်လာပြီး သာသနာပြုတော်မူ၏။ ဗုဒ္ဓဘာသာပြန့်ပွားထွန်းကားစေရန် ဗုဒ္ဓ၏ပိဋကတ်သုံးပုံကို ရဟန်းရှင်လူတို့ ဖတ်ရှုလေ့လာရန် လိုအပ်လာသည့်အလျောက် ပိဋကတ်သုံးပုံများစွာပိုင်သော မနူဟာမင်းထံ တစုံသောပိဋကတ်ကို လှူဒါန်းပါရန် တောင်းခံမည့် သံတမန်အမတ်တယောက် စေလွှတ်ခဲ့၏။ သို့သော် မရခဲ့သောကြောင့် ခရစ်နှစ် ၁၀၅၇-ခုနှစ်တွင် အနော်ရထာမင်းကိုယ်တိုင် သထုံပြည်သို့သွားရောက် စစ်ဆင်တိုက်ခိုက်အောင်မြင်သောအခါ ပိဋကတ်အစုံ ၃၀-ကို ဆင်အစီး ၃၀-တွင် တင်ဆောင်သယ်ယူလာခဲ့၏။ ပုဂံနေပြည်တော်တွင် ပိဋကတ်တိုက် တည်ဆောက်ပြီးနောက် ဗုဒ္ဓစာပေကို ရဟန်းရှင်လူများ လေ့လာပွားများစေ၏။ ပြည်သူအများ လေ့လာဖတ်ရှုခွင့်ရစေသော ပိဋကတ်တော် စာကြည့်တိုက်သည် အနော်ရထာမင်းလက်ထက်မှ ဦးစွာ စခဲ့ခြင်းဖြစ်လေသည်။
ဒုတိယရှေးအကျဆုံး စာပေပိဋကတ်တိုက်မှာ ဘားနဒ်ပိဋကတ်တိုက်-ဖြစ်၍ ၁၈၈၃-ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း စာပေမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

ဘားနဒ်ပိဋကတ်တိုက်ထက်စောသော စာကြည့်တိုက်တခု ရှိသေးသော်လည်း ယင်းစာကြည့်တိုက်မှာ စာပေမှတ်တမ်းများတွင် မပါရှိဘဲ အုပ်ချုပ်ရေးဆိုင်ရာ အစီရင်ခံစာ၌သာ တွေ့ရသည်။ ယင်းစာကြည့်တိုက်မှာ ရန်ကုန်စာပေအသင်း (Rangon Library Society) နှင့် တွဲနေသည်။

ရန်ကုန်မြို့တော်တွင် စာပေဖွဲ့ဆို၍ ထိုရန်ကုန်စာပေအသင်းသာရှိကြောင်း၊ ယင်းအသင်းတွင် အကောင်းဆုံးစာကြည့်တိုက်တခု တွဲလျက်ရှိကြောင်း သတင်းနှင့်ဆောင်းပါးများစုံလင်ကြောင်း ထိုအသင်းနှင့်စာကြည့်တိုက်ကို ၁၈၅၇-ခုနှစ်တွင် တည်ထောင်ခဲ့ ကြောင်း၊ ထိုနှစ်က အစိုးရထံမှ အကူအညီ ကျပ် ၃၀၀-နှင့် ကောက်ခံရငွေ ၁၂၂၂-ကျပ် ရရှိကြောင်း၊ လေ့လာဖတ်ရှုသူ ၅၇-ဦးရှိကြောင်း စသည်ဖြင့် ၁၈၇၁-၇၂-ခု အုပ်ချုပ်ရေးအစီရင်ခံစာတွင် တွေ့ရသည်။

မြန်မာနိုင်ငံ၏ ရှေးအကျဆုံးနှင့် ပထမဆုံးသတင်းစာသည် ၁၈၃၆-ခုနှစ် မတ်လ ၃-ရက် ကြာသပတေးနေ့၌ ပုံနှိပ်ထွက်ပေါ် လာသည့် သတင်းစာအမည်မှာ The Moulmein Chronicle မော်လမိန်းခရို နီကယ်-ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် တပတ်တကြိမ် ထုတ်ဝေသည်။
ယင်းသတင်းစာကို အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ လက်အောက်၌ရောက်နေပြီဖြစ်သော တနင်္သာရီတိုင်း မဟာဝန်ရှင်တော်မင်းကြီး အီးအေဘလန်ဒယ်လ် (E.A Blundell) က ကိုယ်ပိုင်ငွေဖြင့် ပုံနှိပ်စက်နှင့် ခဲစာလုံးများ မှာယူတင်သွင်းကာ မော်လမြိုင်မြို့၌ တည်ထောင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ပုံနှိပ်တိုက်ကြီးကြပ်ရိုက်နှိပ်သူမှာ အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ ငွေအလွဲသုံးစားမှုဖြင့် မော်လမြို့င်မြို့သို့ ပြည်နှင်ဒဏ်ခံခဲ့ရသူဖြစ်သည်။ ထိုအင်္ဂလိပ်သတင်းစာ၏ ပထမဆုံးအယ်ဒီတာမှာ အမေရိကန်သာသနာပြု ဆရာစီဖာ့စ်ဘဲနက် (Rev:Cephas Bennet) ဖြစ်၏။
တရုတ်နိုင်ငံ၌ ၁၉-ရာစုနှစ်အတွင်း ပီကင်းဂေဇက် (Peking Gazette) ခေါ် တရုတ်သတင်းစာနှင့် ကွန်မင်ချောင် (Kungmen Ch'ao) ခေါ် တရုတ်သတင်းစာများ ပေါ်ထွက်ခဲ့ကြောင်း၊ ရွှံ့တုံးများကို အက္ခရာပေါ်၌ ရိုက်နှိပ်သောကြောင့် ကောင်းစွာ ထင်ထင်ရှားရှားမရှိလှဟု တရုတ်စာရေးဆရာကြီး လင်ယူတန် (Lin Yu Tang) က တရုတ်သတင်းစာများအကြောင်း စာအုပ်၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ထို ၁၁-နှစ်တာကာလ (၁၈၃၆-၁၈၄၆) အတွင်း စက်ဖြင့်ပုံနှိပ်ထုတ်ဝေသည့် သတင်းစာဟူ၍ မရှိသေးပေ။ ဂျပန်နိုင်ငံ၌လည်း ထို ၁၁-နှစ်တာ ကာလအတွင်း စက်ဖြင့် ပုံနှိပ်ထုတ်ဝေသည့် သတင်းစာ မရှိသေးပေ။ အနောက်နိုင်ငံများ၌ ခဲစာလုံးများကို လက်ဖြင့် တလုံးချင်း သွန်းလုပ်ခဲ့သည့်အဆင့်မှ စက်ဖြင့်သွန်းလုပ်ခဲ့သည့်အဆင့်သို့ ၁၈၈၂-ခုနှစ်မှစ၍ ပြောင်းလဲခဲ့သည်။

အင်္ဂလန်နိုင်ငံ၌ The Time (လန်ဒန်တိုင်းမ် နေ့စဉ်သတင်းစာ) ထွက်ပေါ်ခဲ့သည်မှာ မော်လမိန်ခရိုနီကယ်-စတင်ထွက်သည့် အချိန်၌ နှစ်ပေါင်း ၅၁-နှစ်မျှ ကြာမြင့်ပြီဖြစ်၍ ပုံနှိပ်စက်များကို တနာရီလျှင် စောင်ရေ ၁၀၀၀(တထောင်) ကျော် ရိုက်နှိပ်နိုင်ပြီဖြစ်၏။
ထို့အတူ အမေရိကန်ပြည်ထောင်စု၌လည်း ရေနွေးငွေ့ အင်ဂျင်စက်များဖြင့် ပုံနှိပ်စက်များလည်နေပြီဖြစ်ရာ ထိုအချိန်က အမေရိကန်၌ တစောင်လျှင် တဆင့် (မြန်မာငွေ တပြား) သတင်းစာများကို အပြိုင်ရောင်းချနေသောခေတ်ဖြစ်၏။

ကမ္ဘာသတင်းစာလောကတွင် မည်သည့်သတင်းစာမျှ လိုက်မမီအောင် တိုးတက်ကြီးပွားနေသော အကြီးဆုံးသတင်းစာမှာ ဂျပန်နိုင်ငံ ပုဂ္ဂလိကပိုင် ယူမီယူရီ-သတင်းစာကြီးဖြစ်သည်။
၁၈၇၄-ခုနှစ်တွင်တည်ထောင်သည့် စောင်ရေ ၁၃၁၀၀၀၀၀ (တရာသုံးဆယ့်တသိန်း) ထုတ်ဝေလျက်ရှိသည်။ ယူမီယူရီ-သတင်းစာတိုက်တွင် ပြည်တွင်းဌာနခွဲ ၄၃၆-ခု၊ နိုင်ငံခြားတွင် ၂၈-ခု၊ စာတည်းအဖွဲ့ဝင် ၃၀၅၉-ဦးရှိသည်။

သတင်းထောက်များသည် အနည်းဆုံး နိုင်ငံခြားဘာသာတမျိုး တတ်မြောက်ရသည်။ သတင်းထောက်များ အသုံးပြုရန်အတွက် ယူမီယူရီ သတင်းစာတိုက်ပိုင် ဇိမ်ခံဆလွန်းကားကြီးများအပြင် ရဟတ်ယာဉ်လေးစင်း၊ လေယာဉ်ပျံသုံးစင်းတို့ကို ထည်ထည်ဝါဝါ ထားရှိပေသည်။
သတင်းထောက်တယောက်၏ လစာမှာ ပျမ်းမျှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂၄၅,၀၀၀ (နှစ်သိန်းလေးသောင်းငါးထောင်) ရှိသည်။ ယူမီယူရီ သတင်းစာ၏ ဝင်ငွေမှာ ၄၀-ရာခိုင်နှုန်းသည် ကြော်ငြာများမှရရှိ၍ ၆၀-ရာခိုင်နှုန်းမှာ လူဦးရေ သန်းနှစ်ရာရှိသော ဂျပန်ပြည်သူတို့ ဝယ်ယူဖတ်ရှုခြင်းမှ ရရှိသည်။

ယူမီယူရီ သတင်းစာတိုက်သည် သတင်းစာတစောင် တိုးတက်ရာတိုးတက်ကြောင်းအတွက် ဆွဲဆောင်မှုအဖြစ် ဧက ၁၅၀-ရှိ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရာ ပန်းခြံကြီးတခု၊ ကြေးစားသရုပ်ပြ လူသန်ကြီးများ၊ ဘေ့စ်ဘောအသင်းနှင့် သံစုံတီးဝိုင်းကြီးများ တည်ထောင်ထားလေသည်။ ဂျပန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ထောက်ခံသော သတင်းစာဖြစ်သည်။

ရွှေဘူးမင်းဇေယျာ
(မြဝတီမဂ္ဂဇင်း ၂၀၀၃-ခု ဧပြီလ)

No comments: