Monday, September 13, 2010

ကျန်းမာရေးဆွေးနွေးပါ

(မေး) ဒေါက်တာခင်ဗျား၊ ကျွန်တော့်အသက် ၅၈-နှစ်ရှိပါပြီ၊ ပြောပါရစေတော့ ဆီးမအောင့်နိုင်ဘဲ ဖြစ်နေပါတယ်။ ဆီးသွားလျှင်လည်း ကျန်နေတယ်လို့ ထင်ပါတယ်။ ပဋိဇီဝဆေးတွေ ပေးလို့ သောက်တာလည်း မပျောက်ပါ။ အကြံပေးပါဦး ခင်ဗျား။
(ဦးဘို-ပွင့်ဖြူ)

(ဖြေ)
ဦးဘိုတို့ အသက်ဟာ ဆီးကျိတ်ရောင်ရမ်းခြင်း စတင်နိုင်တဲ့ အသက်ပဲပေါ့နော်။ တယောက်နဲ့တယောက် မတူပါဘူး။ တချို့ကျတော့ အသက် ၇ဝ-လောက်မှဖြစ်တယ်။ ဆီးကျန်တယ်ထင်လို့ ဆီးသွားများတဲ့ ဆေးတွေတော့ မသောက်စေချင်ပါ။ ဆီးအိမ်မှာ ဆီးကျန်များလာလျှင် ပိုးများ ပေါက်တတ်ပြီး ဆီးအိမ် ဆီးပြွန်နှင့်တကွ ကျောက်ကပ်ကိုပါ ဒုက္ခပေးတတ်ပါတယ်။ တကယ်တော့ ဖြစ်နိုင်လျှင် Ultrasound ရိုက်ကြည့်လိုက်လျှင် ဆီးကျိတ် ကြီး-မကြီးဆိုတာ သိလာမယ်။ ဒီအဖြေပေါ်မှာ မှီပြီး တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးများနဲ့ တိုင်ပင်သင့်ပါတယ်။ ဆီးလုံးဝပိတ်မသွားသေးဘူးဆိုလျှင် ဆီးကျိတ်ကို အရောင်ကျစေတဲ့ Proscar ကို တနေ့ တတောင့်နဲ့ Minipress ကို တနေ့တခြမ်း ၃-လ လောက်အထိ သောက်လျှင် သက်သာနိုင်ပါတယ်။
*********************************************************************************************************

(မေး) အန်တီရှင့် သမီးက နွေရာသီ ရောက်ပြီဆို မိတ်ဖုလည်း မထွက်ဘဲနဲ့ အရေပြားများ ယားယံတတ်ပါတယ်။ ဘာများ သင့်တော်မလဲရှင့်။
(မီးမီး-မြောင်းမြ)

(ဖြေ)
မြစ်ဝကျွန်းပေါ်သူလေးဆိုတော့လည်း အပူ ဘယ်ခံနိုင်ပါ့မလဲ။ နွေရာသီမှာ ချွေးထွက်လွန်းလျှင် အသားခြောက်လာပြီး ယားယံ လာတတ်ပါတယ်။ ရေကို များများ သောက်ပေးပါ။ သိပ်ချွေးထွက်များလျှင် ဓာတ်ဆားထုပ် ဖျော်သောက်ပေးလျှင် သင့်တော်ပါတယ်။ နောက်ပြီး အပြင်ထွက်လျှင် ချည်ထည်များကို အရောင်ဖျော့ ရွေးဝတ်ပါ။ ကလေးတွေ သုံးတဲ့ ဝိုင်အိုလက် သို့မဟုတ်-ဂျွန်ဆင်ပေါင်ဒါ သုံးကြည့်ပါ။ နောက်ပြီး MPF က ထုတ်တဲ့ Ribovit နဲ့ Cevit ကို မနက်တစုံ၊ ညတစုံ စားကြည့်ပါကွယ်။
**********************************************************************************************************

(မေး) မမရှင့်၊ ကျွန်မရဲ့အလုပ်မှာ ဘယ်လောက်ပဲ ကြိုးစားပြီး ကောင်းအောင် လုပ်ပေမယ့် အထက်လူကြီးက အမြင်မကြည်လင်ဘူးလို့ပဲ ခံစားနေရပါတယ်။ စိတ်ရောဂါဖြစ်ပြီလား မသိဘူးနော်။ ကူညီပါဦး။
(ဧကရီ-လှိုင်)

(ဖြေ)
ဧကရီလေးက အထက်လူကြီးက တခါတလေ ဆူတာ၊ စိတ်အခန့်မသင့်တာကို ကြုံရပြီး ငါ့အပေါ်တော့ ဒီလို အမြဲမြင်နေမှာပဲလို့ တရားသေ မှတ်ယူထားလို့ ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းတိုင်းမှာ အစဉ်အမြဲ ကြုံတွေ့ရမယ့်ဖြစ်စဉ်တခုပဲလို့ အောက်မေ့ထားလိုက်ပါ။ တကယ်လို့ ဧကရီရဲ့ အထက်လူကြီးဟာ တကယ်ပဲ ဧကရီ့အပေါ် အစဉ်အမြဲ မကောင်းမြင်ဝါဒ ရှိနေလျှင်တော့ သူ့သိက္ခာသူ မရှက်လို့ရင်လည်း ဖြစ်၊ ဒါမှမဟုတ် အတ္တကြီးလွန်းတဲ့လူ ဖြစ်လိမ့်မယ်။ သို့သော် သူတို့လို လူမျိုးကို ဒီအရွယ်ကျမှ ပြုပြင်လို့ မရဘဲ မိမိရဲ့ စိတ်ကိုသာ ထားတတ်အောင် ထားလိုက်ပါ။ စွဲမှတ်မထားပါနဲ့။

Stress တွေကို သိမ်းဆည်းမထားပါနဲ့။ တတ်နိုင်သလောက် လုပ်ပေးလိုက်ပါ။ မတတ်နိုင်တာတွေကို စိတ်အနာတရ အဖြစ်ခံပြီး လုပ်ပေးစရာ မလိုဘူးလို့ ထင်ပါတယ်ကွယ်။ ဒီလို လူကြီးမျိုးတွေဟာ သူ့သောကနဲ့ ဒုက္ခရောက်နေတဲ့ လူတွေပါကွယ်။
********************************************************************************************************

(မေး) ဒေါက်တာခင်ဗျား၊ ကျွန်တော်ချောင်းဆိုးတာ လနဲ့ ချီနေပါပြီ။ ဆေးလိပ်ဖြတ်ပြီး ဆရာဝန်ပေးတဲ့ ဆေးများ စားတာလည်း မရပါ။ ကူညီပါဦး။
(ကိုမင်းလူ-မြောက်ဒဂုံ)

(ဖြေ)
ကျွန်မတို့ အပူပိုင်းတိုင်းပြည်တွေမှာ ချောင်း အကြာကြီးဆိုးလျှင် ဦးစွာ ဖြစ်နိုင်တာက TB လို့ ခေါ်တဲ့ အဆုတ်ရောဂါပဲ။ အဲ တခြား ဓာတ်မတည့်တာတို့၊ မှိုရောဂါတို့လည်း ရှိတာပေါ့လေ။ သလိပ် ထွက်လျှင်တော့ သလိပ်ထဲမှာ TB ပိုး ရှိ-မရှိဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။ မတွေ့လျှင် ဓာတ်မှန် ရိုက်ရမှာပေါ့။ ဒါတွေကို မြို့နယ် ကျန်းမာရေးဌာနတွေမှာ တွဲပြီး ဖွင့်လှစ်ပေးထားတဲ့ အဆုတ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ကနေ ဆောင်ရွက်ပေးတဲ့အပြင် အနီးကပ် ကြီးကြပ်ကုသမှုများကိုလည်း ဆေးဝါးအစုံအလင်နဲ့ ကုသပေးနေပါတယ်။ တိုင်ပင်ပြသကြည့်သင့်တာပေါ့နော်။
*********************************************************************************************************

(မေး) အန်တီရှင့်၊ သမီး ကျောင်းက ပြန်လာပြီးလျှင် ခြေထောက်တချောင်းဟာ တညလုံး ကိုက်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်၊ လိမ်းဆေးတွေ လိမ်းလည်း မသက်သာပါဘူးရှင့်၊ ဆေးများ ညွှန်ပေးပါဦးရှင့်။
(သီတာ-ပြည်)

(ဖြေ)
နွေရာသီမှာ ချွးထွက်များလို့၊ ကိုယ့်ခန္ဓာက ဆားဓာတ်များ ဆုံးရှုံးသွားလျှင်၎င်း၊ ဗီတာမင် ဘီ ဓာတ်များ ချို့တဲ့လျှင်၎င်း၊ ဖြစ်တတ်ပါတယ်။ ချွေးသိပ်ထွက်လျှင် အငန်ပိုစားပါ။ အခုပေါ်တဲ့ ဓာတ်ဆားပြား Hydrite ကို ဖျော်သောက်ပါ။ ပြီး Bevit ကို မနက် ၂-ပြား၊ ည ၂-ပြား စားပေးပါ။ ကျောင်းကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲ ဖြစ်ဖြစ် ပြန်လာလျှင် ခြေထောက်များကို နံရံမှာ မှီပြီး ၁၅-မိနစ်လောက် ထောင်ထားပေးပါကွယ်။
*********************************************************************************************************

(မေး) အန်တီရှင့်၊ သမီးက လက်ထပ်ရမယ့် အိမ်ထောင်ဖက်ကို HIV ပိုးနဲ့ အသည်းရောင် အသားဝါ ဘီပိုးတို့ စစ်သင့်ပါသလား၊ အကြံပေးပါဦးရှင်။
(ဟေမာ-အလုံ)

(ဖြေ)
လက်မထပ်ခင် သမီးတို့ ဆွေးနွေးသင့်တဲ့ ကိစ္စတွေလို့ ပြောချင်ပါတယ်။ သမီးတို့ရဲ့ မျိုးဆက်ကလေးတွေအတွက် အလွန် အရေးကြီးပါတယ်ကွယ်။ အမျိုးသားအနေနဲ့လည်း စစ်ဖို့ စိတ်ပါလာအောင် စည်းရုံးပြောပြသင့်ပါတယ်။ အခုခေတ်ကြီးမှာတော့ အကြင်လင်မယားအဖြစ် မပေါင်းသင်းကြခင်မှာ အမြင်ရှင်းကြဖို့ လိုသလို ရောဂါသည်ကို ငြိုငြင်နေရမယ့် ကိစ္စကတော့ မလိုလားအပ်ဘူးပေါ့ကွယ်။ တခုတော့ ပြောချင်ပါတယ်။ ကိုယ့်စိတ်ကို နိုင်ဖို့တော့ လိုပါလိမ့်မယ်။ HIV ပိုးများ ရှိနေလျှင် ဘာဆက်လုပ်မလဲ ဆိုတာတော့ စဉ်းစားထားပါ။ အသည်းရောင် B ပိုး-က သမီးမှာရော၊ ရလာမယ့် ကလေးတွေမှာပါ ကာကွယ်ဆေး ထိုးထားလျှင် စိုးရိမ်စရာ မရှိပါဘူးကွယ်။

ဒေါက်တာစံ
(သရဖူမဂ္ဂဇင်း ၂၀၀၃-မေလ)

No comments: