Friday, September 3, 2010

ဘာသာရေး ပြဿနာ ( ၈ )

ဂါဒီယန်း ဦးစိန်ဝင်း မေး၍
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များသည် ဈေးသို့သွား၍ ဈေးဝယ်နိုင်ပါသလား။ ငွေမကိုင်ဘဲ မိမိက ပစ္စည်းရွေး၍ အတုပါလာသော ဒါယကာအား ငွေချေစေခြင်း၊ ငွေယူဆောင်လာခြင်း မရှိဘဲ အကြွေးဝယ်ခြင်း အစရှိသည်ကို ပြုလုပ်နိုင်ပါသလား။

(ဖြေ)
ရဟန်းတော်များသည် ဈေးသို့သွားလိုလျှင် အိမ်တအိမ်သို့ သွားသောနည်းဖြင့် သင်္ကန်းရုံ စက္ခုနြေ္ဒချ၍ သွားနိုင်ပါ၏။ ကိုယ်တိုင်ကား ငွေပေး၍ မ၀ယ်ကောင်းပါ။ ကပ္ပိယနှင့်အတူသွား၍ မိမိအလိုရှိရာပစ္စည်းကို ရွေးချယ်ကောင်းပါ၏။ ရွေးချယ်ပြီးသောအခါ ကပ္ပိယက ဉာတိဖြစ်လျှင် သို့မဟုတ်-ဖိတ်မန်ထားသော ပ၀ါရိတဖြစ်လျှင် ဒီပစ္စည်းကို အလိုရှိသည်-ဟုသာ ပြောကောင်း၏။ ငွေပေးလိုက်-ဟု မခိုင်းကောင်းပါ။ ဈေးများနေလျှင်လည်း ဈေးမဆစ်ကောင်းပါ။ ဉာတိပ၀ါရိတမဟုတ်သော ကပ္ပိယဖြစ်လျှင် ဘာမျှမပြောကောင်းပါ။
ငွေမပါ ကပ္ပိယမပါဘဲ အကြွေးလည်း မ၀ယ်ကောင်းပါ။

မှတ်ချက်။
ဈေးသည်က သိကျွမ်းသူဖြစ်နေလျှင် ယခု ဒီပစ္စည်းကို ယူသွားပါမည်။ ကျသင့်သောငွေကို ကပ္ပိယလာ၍ ပေးပါလိမ့်မည်-ဟု ပြော၍ကား ယူသွားကောင်းပါ၏။ ထို့နောက် ကပ္ပိယဉာတိ (ပ၀ါရိတ) ဖြစ်သူကို မည်သူ့ထံမှ မည်သည့်ပစ္စည်းကို ယူခဲ့သည်။ ဈေးသည်ထံ သွားလိုက်ပါ-ဟု ပြောကောင်း၏။ ငွေသွားပေးလိုက်ပါ-ဟုကား မပြောကောင်း။
********************************************************************************

(မေး)
အရှင်ဘုရား၊ မိမိအား လှူချင်လာအောင် ၀ါဒဖြန့်တရား ဟောနိုင်ပါသလား။

(ဖြေ)
မဟောကောင်းပါ။ ထိုသို့ဟော၍ ရသော ပစ္စည်းကို ရဟန်း၊ သာမဏေအားလုံး မသုံးကောင်းပါ။ (ပစ္စည်းနှင့်စပ်၍ ဉာတိလည်း မဟုတ်၊ အလိုရှိရာတောင်းပါ-ဟု ဖိတ်မန်ထားသူလည်း မဟုတ်သော ဒါယကာ ဒါယိကာမတို့အထံ၌ (ဆွမ်းရပ်သလို ရပ်ခြင်းမှတပါး) တိုက်ရိုက်လည်း မတောင်းကောင်း၊ အတောင်းလည်း မခိုင်းကောင်း၊ လှူချင်လာအောင် ပရိယာယ်စကား ဆွယ်စကား ၀ါဒဖြန့်တရားလည်း မဟောကောင်း၊ လှူစေလိုသော အရိပ်နိမိတ်မျှကိုလည်း မပြကောင်း၊ သို့သော် မကျန်းမာ၍ ဆေးကိုကား တောင်းကောင်း၏။ ကျောင်းကိုလည်း အရိပ်နိမိတ်ပြကောင်း၏)။
********************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များသည် အလှူခံရရှိထားသော မိမိပိုင်ပစ္စည်းကို လူပုဂ္ဂိုလ်နှင့်၎င်း၊ ရဟန်းအချင်းချင်းထံမှ၎င်း ပစ္စည်းချင်း လဲလှယ်ယူနိုင်ပါသလား။

(ဖြေ)
ပစ္စည်းချင်း လဲကောင်း၏။ သို့သော် လူနဲ့လဲရာ၌ ကိုယ်တိုင် မလဲကောင်း။ အခြားလူတယောက်ကိုသာ အလဲခိုင်း ရသည်။
ဥပမာ-ဈေးသို့သွား၍ မိမိသင်္ကန်းဖြင့် ဈေးသည်၏ သပိတ်ကို လဲလိုလျှင် ဈေးသည်မှတပါး အခြားသူ တယောက်ကို ဒီသင်္ကန်းဖြင့် ဟိုသပိတ် လဲပေးပါ-ဟုပြောရသည်။ ထိုသို့ ကြားလူမှာမရလျှင်လည်း ငါ့မှာ သင်္ကန်းတော့ရှိ၏။ သပိတ်လိုနေသည်။ သင်္ကန်းဖြင့် သပိတ်ကို အလိုရှိသည်-ဟု ပြောရမည်။ ထိုအခါ ဈေးသည်က သူ့ဘာသာ သင်္ကန်းကိုယူ၍ သပိတ်ပေးလျှင်လည်း ၀ိနည်းအပြစ်ကင်း၏။ ရဟန်းသာမဏေတို့နှင့်ကား ကိုယ်တိုင်ပင် လဲကောင်းပါသည်။
*******************************************************************************

(မေး)
အရှင်ဘုရား၊ ဆွမ်းခံလာသော ရဟန်းတော်သည် အိမ်ရှေ့၌ လူမတွေ့လျှင် လူရှိရာအိမ်အတွင်းသို့ ၀င်နိုင်ပါသလား။

(ဖြေ)
ရိုးရိုးစိတ်ဖြင့် ကောင်းမွန်စွာဝင်လျှင် ၀ိနည်းတော်၌ တားမြစ်ချက်မရှိ။ သို့ရာတွင် မိမိရပ်နေကျနေရာ၌ လူမရှိလျှင် အိမ်မှထွက်သွားဖို့သာ တာဝန်ရှိပါသည်။ အတွင်းသို့ ၀င်ရမည်ဟုလည်း ခွင်ပြုချက်မရှိပါ။

( စည်းကမ်း )
ဆွမ်းခံခြင်းမှတပါး အခြားအခါမျိုး၌၀ယ် ရဟန်းတော်များ၏ လူဝတ်ကြောင် အိမ်သို့သွားရာ၌ စည်းကမ်းသတ်မှတ်ချက် ရှိ၏။
(၁) မြတ်မြတ်နိုးနိုး ၀မ်းပန်းတသာ ခရီးဦးကြိုဆိုခြင်း။
(၂) ရိုရိုသေသေ ရှိခိုးခြင်း။
(၃) ကောင်းမွန်စွာ နေရာပေးခြင်း။
(၄) အိမ်မှာရှိသော လှူဖွယ်ကို ၀ှက်၍ မထားခြင်း။
(၅) များများရှိလျှင် များများလှူလိုခြင်း။
(၆) အကောင်းရှိလျှင် အကောင်းကိုလှူလိုခြင်း။
(၇) ရိုရိုသေသေ လေးလေးစားစား လှူခြင်း၊
ဤအင်္ဂါ ၇-ပါးရှိသောအိမ်သို့သာ သွားထိုက်၏။ ထိုသို့မဟုတ်သောအိမ်သို့ မသွားထိုက်။ ဤသို့ စည်းကမ်းရှိပါသည်။(သတ္တကအင်္ဂုတ္တိုရ် အနုသယ၀ဂ် ပါဠိတော်)
********************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များက ၀ိနည်းတော်အရ မပေးသင့်သောပစ္စည်းကို ပေး၍ လက်ခံရရှိသော ဒါယကာ၊ ဒါယိကာမတို့မှာ မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)
ရရှိရုံဖြင့် အပြစ်မရှိပါ။ ရအောင်ကြံဆောင်မိလျှင် ထိုကြံဆောင်မှုက အပြစ်ဖြစ်ပါလိမ့်မည်။ ရအပ်ပြီးသောပစ္စည်းကို ကုသိုလ်ကိစ္စ၌ သုံးလျှင်လည်း အပြစ်မရှိပါ။ သားရေး သမီးရေး စီးပွားရေး၌ အသုံးပြုလျှင်ကား (မိဘပင်ဖြစ်စေ) အပြစ်ကင်းနိုင်စရာ မရှိပါ။ လက်တွေ့အားဖြင့်လည်း ထိုကဲ့သို့ သူတပါးတို့က လှူဒါန်းထားသော ပစ္စည်းကို သုံးစွဲသူတို့၏ သားစဉ်မြေးဆက် ကြီးပွားရစ်သည်ဟု မတွေ့ရ၊ အညွန့်တုံးသွားသည်သာ များပါသည်။
********************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များသည် လူနေရပ်ကွက်၊ လူနေအိမ်တွင် အခန်းငှါး၍ နေနိုင်ပါသလား။

(ဖြေ)
မိမိငွေဖြင့် အခန်းငှါးခြင်းကြောင့် အပြစ်ရှိ၏။ လူနေရပ်ကွက်၊ လူ၏အိမ်တွင် နေခြင်းကြောင်း ဖြစ်သင့်သော ၀ိနည်းအပြစ် များစွာရှိ၏။ ဗုဒ္ဓမြတ်စွာ၏ ၀ိနည်းတရားတော်သည် မကြည်ညိုသေးသူကို ကြည်ညိုလာအောင် အကျိုးရစေနိုင်၏။ ထိုကဲ့သို့ အိမ်ငှါး၍ လူ့ရပ်ကွက်၊ လူ့အိမ်တွင် နေမှုကြောင့် ထိုအကျိုး ရနိုင်-မရနိုင်ကို စဉ်းစားပါလေ။
*******************************************************************************

(မေး)
အရှင်ဘုရား၊ ရဟန်းတော်များသည် ဒါယကာ ဒါယိကာမတို့ကိုခေါ်၍ ခရီးအတူသွားနိုင်ပါသလား။

(ဖြေ)
ဒကာကိုခေါ်ဆောင်၍ သွားနိုင်ပါ၏။ ဒကာမကိုခေါ်ဆောင်၍ ခရီးအတူ မသွားနိုင်ပါ။ သွားလျှင် ပါစိတ်အာပတ်သင့်၏။ (၀ိနည်းပါဠိတော် သုဒ္ဓပါစိတ်၊ သံဝိဓာနသိက္ခာပုဒ်)

( မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

No comments: